သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုထားလို့မရ" - မလေးရှားဝန်ကြီးချုပ်


ဆွတ်ဇာလန်နိုင်ငံ Davos မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ အခမ်းအနားအတွင်းစကားပြောကြားနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim (ဇန်နဝါရီ ၂၂၊ ၂၀၂၅)
ဆွတ်ဇာလန်နိုင်ငံ Davos မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ အခမ်းအနားအတွင်းစကားပြောကြားနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim (ဇန်နဝါရီ ၂၂၊ ၂၀၂၅)

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုထားလို့မရတဲ့အတွက် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို တွန်းအားပေးနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ဆွတ်ဇာလန်နိုင်ငံ Davos မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဝန်ကြီးချုပ် Anwar Ibrahim က ကမ္ဘာ့လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

"အာဆီယံအဖွဲ့ထဲမှာ ပြဿနာရှိနေတာက မြန်မာနိုင်ငံဖြစ်ပါတယ်။ အာဆီယံအဖွဲ့တွင်း ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပြီးဖြစ်ပါတယ်။ အခုတော့ လူ့အခွင့်အရေးကိစ္စကို လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတဲ့ မူကို လက်ကိုင်ထားပြီး မြန်မာနဲ့ ပြင်းပြင်းထန်ထန် တွန်းတွန်းတိုက်တိုက် ထိတွေ့ဆက်ဆံ ဆောင်ရွက်နေပါတယ်"လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တရက်ထဲမှာပဲ Davos မှာ ကျင်းပတဲ့ ASEAN, EVEN STRONGER TOGETHER ဆိုတဲ့ဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံအကြောင်းကို ထဲထဲဝင်ဝင်ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတဲ့အတွက် မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ အထူးသိထားဆောင်ရွက်နေတယ်လို့ မလေးရှားဝန်ကြီးက အဲဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး မပေါ်ပေါက်ဘူးဆိုရင် အားလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်တာကြောင့် အာဆီယံအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ရတယ်ဆိုတာကို မြန်မာအာဏာပိုင်တွေ နားလည်ဖို့လိုတယ်လို့လည်း သူကပြောသွားပါတယ်။ အာဆီယံရဲ့ ချဉ်းကပ်မှုဟာ ဘယ်နိုင်ငံရေးပုံစံတခု အကောင်အထည် ဖေါ်ရမယ်ဆိုတာမျိုး အတင်းအကြပ် တိုက်တွန်းတာမျိုး မဟုတ်ဘဲ၊ အားလုံးပါဝင်ပြီး ငြိမ်းရေးကို အာမခံတဲ့စနစ်၊ အများပါဝင်နိုင်တဲ့ ဒီမိုကရေစီနစ်ဖြစ်ဖို့ အရေးကြီးတာကို အဓိကထား ဆွေးနွေးသွားပါတယ်။

ဒေသအတွင်း အာဆီယံနိုင်ငံတွေအကြားမှာ အုပ်ချုပ်ရေး စနစ်တွေ မတူညီကြတာကို မလေးရှားဝန်ကြီးချုပ်က ထောက်ပြပြီး အားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ ဖြစ်နေသမျှ ဘယ်ပုံစံ ကျင့်သုံးရမယ်ဆိုပြီး အတင်းအကြပ် ပြဌာန်းတာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ကဆွေးနွေးသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG