သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဗုံးကွဲမှု ဆက်စပ်ပြီး ဖမ်းဆီးမှုတွေ ဆက်ရှိနေ


ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ဂီတဖျော်ဖြေပွဲမှာ တနင်္လာနေ့တုန်းက အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ဒီကနေ့အစောပိုင်း သီးခြားစီ ရှာဖွေစီးနင်းမှုတွေအတွင်း ဖမ်းဆီးလိုက်သူ ၂ ဦး အပါအဝင်၊ စုစုပေါင်း ဖမ်းဆီးထားသူ အခုဆိုရင် ၈ ဦးအထိ ရှိသွားပါပြီ။

မန်ချက်စတာ မြောက်ပိုင်းက တိုက်ခန်းတွဲတခုမှာ စီးနင်းရှာဖွေမှုအတွင်း ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးတဦးကိုတော့ တစုံတရာအရေးယူတာ မရှိဘဲ မနေ့ကပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ မန်ချက်စတာ ရဲတပ်ဖွဲ့ အကြီးအကဲ Ian Hopkins ကတော့ ပြီးခဲ့တဲ့ ရက်တွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ အတွက် ပင်ပမ်းခက်ခဲလှတဲ့ ကာလတခု ဖြစ်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုမှာ တိုးတက်မှုတွေလည်း ရှိခဲ့ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

ဖမ်းဆီးမှုတွေမှာ ထူးခြားတဲ့ ရလဒ်တွေ ရှိခဲ့ကြောင်းနဲ့ စီးနင်းရှာဖွေမှုတွေအတွင်း သိမ်းဆည်းရမိတဲ့ အထောက်အထားတွေဟာလည်း စုံစမ်းစစ်ဆေးမှုအတွက် အထူးအရေးကြီးတယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးထားသူတွေဟာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့က မပြောပါဘူး။ အကြမ်းဖက် တိုက်ခိုက်မှုမမှာ ထိခိုက်သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် အခန်းအနားတခုကိုတော့ မန်ချက်စတာမြို့မှာပဲ ဒီကနေ့မနက် ကျင်းပခဲ့ကြပါတယ်။

မန်ချက်စတာမြို့က အားကစားရုံမှာ အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲ အဆုံးသတ်ချိန်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေကို ရည်စူးပြီး၊ အမှတ်တရပန်းတွေ၊ ဘူပေါင်းတွေ၊ ဖယောင်းတိုင်တွေနဲ့ မြို့လည်မှာရှိတဲ့ St. Ann ရင်ပြင်မှာ မြို့ခံတွေ စုဝေးပြီး ဂါရဝပြုခဲ့ ကြတာပါ။

အောက်မေ့ဖွယ် အခန်းအနားအပြီး မကြာခင်မှာပဲ ဘုရင်မကြီး Elizabeth ဟာလည်း ကလေးအများစု အပါအဝင် တိုက်ခိုက်မှုမှာ ဒဏ်ရာရရှိခဲ့သူ ၆၄ ဦးထဲက ဆေးကုသမှုခံယူနေသူ တချို့ရှိရာ တော်ဝင်မန်ချက်စတာ ကလေးဆေးရုံကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် Theresa May ကတော့ အကြမ်းဖက်ဝါဒီတွေရဲ့ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်မှာ ဆက်လက် ထားရှိမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG