သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့ပြန်လွတ်


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ (Credit- DualArts Press Blog)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ (Credit- DualArts Press Blog)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ဟာ ဒီနေ့ပဲ့ မန္တလေးအိုးဘိုထောင်ကနေ ပြန်လွတ်လာပါတယ်။ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့လည်း မန္တလေးမြို့ နေအိမ်ကို ပြန်ရောက်လာတဲ့ ဒေါ်ဝင်းမြမြ က ဗွီအိုအေကို ပြောပါတယ်။

“လွတ်ရက်အပြည့်နဲ့လွတ်တာပါ။ လွတ်ရက်စေ့လို့လွတ်လာတာပါ။ နိုင်ငံရေးနဲ့ပတ်သတ်ရင်တော့ ဒီနိုင်ငံမှာ NLD အစိုးရလက်ထက်ကအကြီးအကဲတွေ အကုန်အဖမ်းခံထားရတယ်။ ဒါတွေ အမြန်ဆုံးလွတ်ပြီး တိုင်းပြည်ထူထောင်တဲ့နေရာမှာ ဒီပုဂ္ဂိုလ်တွေ ပြန်တာဝန်ယူနိုင်ဖို့လိုပါတယ်။ အဲဒါ့ တခုဘဲပြောချင်တယ်။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အခုနောက်ဆုံး ပြန်လွတ်လာခဲ့တာပါ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မန္တလေးမြို့က လှုပ်ရှားမှုမှာ ဦးဆောင်ဟောပြောတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကန်ကြောင်း ငြင်းဆန်ခဲ့ပေမဲ့ တပ်မတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ ပုဒ်မ ၅၀၅-က နဲ့ ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်နေ့က အိုးဘိုအထူးတရား ရုံးကနေ ဒေါ်ဝင်းမြမြကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြဟာ ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ NLD ပါတီ စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ NLD အစိုးရလက်ထက် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်ဟောင်း ဝန်ကြီး ဦးမျိုးသစ်နဲ့ ဒေါက်တာစိုးသန်း တို့ဟာလည်း လွတ်ရက်စေ့တာကြောင့် ပြန်လွတ်ခဲ့ကြပြီးဖြစ်သလို၊ NLD ပါတီ မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကိုကိုလည်း ထောင်ကနေလွတ်မြောက်ဖို့ ရက်ပိုင်းအလိုသာ ကျန်တယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ထိပ်တန်းခေါင်းဆောင်တွေကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG