သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံရသူအရေအတွက်တိုးလာ


ပိုင်တံခွန် ( ဓါတ်ပုံ Facebook Paing Takon )
ပိုင်တံခွန် ( ဓါတ်ပုံ Facebook Paing Takon )

{{Zawgyi/Unicode}}

စစ်အုပ်ချုပ်ရေးကောင်စီဘက်က အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်သူတွေ၊ အာဏာသိမ်းမှုဆန့်ကျင်တဲ့ အနုပညာရှင်တွေနဲ့ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားသူအစိုးရဝန်ထမ်းတွေ၊ သူတို့ကိုကူညီပေးနေသူတွေကို ဖမ်းဆီးတာတွေ ခုရက်ပိုင်း အရှိန်မြှင့် လုပ်လာနေပါတယ်။ တပ်မတော် ပြိုကွဲအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မော်ဒလ် ပိုင်တံခွန်အပါအဝင် ကျော်ကြားသူတချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်သူတွေ၊ CDM လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ အနုပညာရှင်တွေအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေသူ အယောက် ၃၀၀ ထက်မနည်း ကို တပ်မတော် အကြည်ညိုပျက်အောင် လှုံဆော်ပြောဆိုမှု၊ ဂုဏ်သိက္ခာ ကျဆင်းအောင် ဝါဒဖြန့် မှု ဆိုတဲ့ ပုဒ်မ ၅၀၅-က တရားစွဲနိုင်ဖို့ ဧပြီလဆန်းလောက်မှာ စပြီး ဖမ်းဝရမ်းထုတ်ပြီးတော့ ရှာဖွေဖမ်းဆီးလာတာပါ။

မြို့နယ်ရပ်ကွက်တွေအတွင်း ညတိုင်းလိုလို စစ်တပ်က ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ဆန့်ကျင်ပြီး တက်တက်ကြွကြွ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ မော်ဒယ် ပိုင်တံခွန်ကိုလဲ ဒီနေ့ ဧပြီ ၈ ရက် မနက် ငါးနာရီခန့်က မြောက်ဒဂုံ နေအိမ်မှာဖမ်းဆီးခံလိုက်ရတယ်လို့ အမှုလိုက်ပေးဖို့ မိသားစုက တာဝန်ပေးထားတဲ့ သူ့ရှေ့နေ ဒေါ်သဉ္ဌာဦးက ဗွီအိုအေကိုပြောပါတယ်။

စစ်ကား ၈ စီး၊ အင်အား ၅၀ ကျော်နဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းခံရချိန်မှာ အတော်လေး ကျန်းမာရေး ချို့တဲ့နေပြီး ဌက်ဖျားရောဂါကြောင့် အိပ်ယာထဲလဲနေတယ်လို့ ပြောပါတယ်။ ပိုင်တံခွန်ကို လက်ရှိမှာ စစ်အုပ် ချုပ်ရေးကောင်စီဘက်က မြို့နယ်တော်တော်များများမှာ ပုဒ်မ ၅၀၅ (က) တပ်ကာ တရားစွဲပြီး အမှုဖွင့်ထားတာရှိတယ်လို့ သူ့ရှေ့နေကပြောပါတယ်။ လက်ရှိ တရား ရင်ဆိုင်ဖို့ ဆောင်ရွက်မှုတွေကို နောက်ပိုင်းမှသာ ထုတ်ပြန်ပြော ဆိုမယ်လို့ ရှေ့နေကပြောပါတယ်။

"ကျမဒီနေ့လိုက်စုံစမ်းတယ်။ ဒီနေ့တော့သူ့ကို တပ်မတော်စစ်ဆေးရုံမှာခေါ်ထားတယ်ပြော။ နောက်ဘာဆက်ဖြစ်မလဲမသိသေး။ သူ့ကိုတော့ထုံးစံကတော့ စခေါ်ရင် ၂၄နာရီ ၄၈နာရီကြာစစ်မေးပြီး အင်းစိန်ထောင်ပို့တာပေါ့ သက်ဆိုင်ရာ ပုဒ်မတွေနဲ့ ဖမ်းခံရတာမြောက်ဒဂုံမှာဖြစ်ပေမယ့် သူ့ကိုအမှုဆွဲတာက တခြားမြို့နယ် တွေရှိတယ်။ ကျန်းမာရေးကတော်တော်မကောင်း။ ဌက်ဖျားပြင်းပြင်းထန်ထန်ဖြစ်နေ။"

ပိုင်တံခွန်ဟာ မနေ့ ဧပြီ ၇ ရက် ည ၈ နာရီသတင်းမှာ ၅၀၅-က နဲ့ တရားစွဲခံရတဲ့စာရင်း စစ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ရာမှာ ပါဝင်လာခဲ့ပြီးနောက် မကြာခင်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ခုဆို ပုဒ်မ ၅၀၅နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထင်ရှားကျော်ကြားသူတွေထဲ လူမင်း၊ ရဲတိုက်၊ ဝင်းမင်းသန်း နဲ့ ပိုင်တံခွန်တို့ ဖမ်းဆီးခံထားရပြီး ဇာဂနာကိုတော့ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန် သေးပါဘူး။

ဒီလို လူသိများ ကျော်ကြားသူတွေအပြင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်သူတွေကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဖမ်းဆီးတာတွေ အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်။ နေရာတော်တော်များများမှာ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ ပါဝင်သူတွေ၊ ဆန္ဒပြပွဲတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖြိုခွင်းမှုတွေကို ကာကွယ်တဲ့သူတွေကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးတာတွေ လုပ်လာတာပါ။

တောင်ဒဂုံမြို့နယ်က ဆန္ဒပြပွဲတွေမှာ လက်နက်ကိုင်တွေဘက်ကဖြိုခွဲမှုလုပ်လာရင် ဆန္ဒပြပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ဖွဲ့ထားတဲ့ကာကွယ်ရေးအဖွဲ့ဝင် တဦးကတော့ ရပ်ကွက်တွေတိုင်းမှာ ရှာဖွေမှုတွေ ခပ်စိတ်စိတ်လုပ်လာပြီး ပြည်သူတွေဘက်က ကာကွယ်ရေး လုပ်ဆောင်ပေးနေတဲ့ သူတွေကိုဓါတ်ပုံတွေပြကာရှာဖွေလာတာကြောင့် တချို့ထွက်ပြေးနေရသလို တချို့ကတော့ ဖမ်းဆီးခံလိုက်ရတာတွေရှိတယ်လို့ပြောပြပါတယ်။

"မနေ့က အဖွဲ့ထဲကတယောက် ဆိုင်ကယ်နဲ့အပြင်ထွက်တာ စစ်ကားတွေကပိတ်ပြီး ဖမ်းတယ်။ ဖုန်းဆိုင်ကယ်အကုန်သိမ်း။ ဒီမနက်မှာလည်း ရပ်ကွက်သတင်းပေးလို့ တယောက်အဖမ်းခံရ တယ်။ အများကြီးဖမ်းခံနေရလို့ကျနော်လည်းပြေးနေရတယ်။ စစ်ကားတွေက ပိတ်ဖမ်းပြီးခေါ်တာ ဘယ်မှာလဲမသိရသေး။ ခုကဆန္ဒပြလို့လည်းမရတော့ဘူး သူတို့တွေက အကုန်လမ်းထိပ်မှာစောင့်နေတယ်။"

နယ်မြို့တွေ တော်တော်များများမှာလည်း စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဖမ်းဆီးမှုတွေ ဆက်တိုက် တိုး လုပ်ဆောင်နေပါတယ်။ ချင်းပြည်နယ်တွင်းမှာ တာဝန်ထမ်းဆောင်နေသူလည်းဖြစ် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်နေသူတဦးကတော့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေအတွက် အိမ်ငှားထားတဲ့ ဒေသခံတွေကို ဖိအားပေး နေတာကြောင့် အတော်လေး ခက်ခက်ခဲခဲ ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။

" ကျမအပါအဝင် ၆ယောက် ၅၀၅ ကနဲ့အမှုဖွင့်ခံရလို့ရှောင်နေရ။ ပါဝင်လုပ်ရှားသူတွေကို ဝရမ်းထုတ်ရှာနေတယ်။ မနေ့ကဆိုလဲ ပရဟိတလုပ်သူ အပါအဝင် ၈ယောက်လောက်ဖမ်းခံရတယ်။ ခုဘယ်လိုဖိအားပေးလဲဆို ကျမဆိုမြို့ခံမဟုတ်တော့ ကျမတို့ကိုထားတဲ့အိမ်တွေကိုရပ်ကွက်အုပ်ကြီး တွေနဲ့ပေါင်း မထားဖို့တွေ ဖိအားပေးသလို နေ့တိုင်းလာစစ်တာတွေ တံခါးတွေဖျက် စစ်တာတွေ လုပ် နေတယ်"

အာဏာသိမ်း နစက စစ်ကောင်စီတက်လာပြီးနောက် လက်ရှိ ဖမ်းဆီးခံထားရသူ ၂,၉၀၀ နီးပါးရှိပြီဖြစ်ပါတယ်။

.................................................

ပိုင်တံခွန် ( ဓါတ်ပုံ Facebook Paing Takon )
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG