သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေအတွင်း သတင်းယူရင်း ဖမ်းခံရတဲ့သတင်းထောက်တွေ ရုံးထုတ်


ရန်ကုန်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူတဦး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ရန်ကုန်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူတဦး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တချို့ကို ဒီကနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီလိုရုံးထုတ်တဲ့ အခြေအနေအပြင် လတ်တလော သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူဖိအားပေးတာတွေ တိုးမြင့် ဖြစ်ပေါ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုတော့ အလိမ္မာက တင်ပြပေးပါမယ်။

အရပ်သားအစိုးရဆီကနေ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေ သတင်းရယူတာတွေကို စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ ဖိအားပေး ကန့်သတ်တာတွေအပြင် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူတာတွေကိုပါ ပိုတိုးပြီးလုပ်ဆောင်လာတာတွေ တွေ့နေရပါတယ်။

ဒီကနေ့မှာတော့ သတင်းရယူ နေချိန်မှာ ဖမ်းခံခဲ့ရတဲ့ 7 Day သတင်းဌာနက ဦးအောင်ရဲကို၊ ဇီးကွက်သတင်းဌာနက ဦးဟိန်းပြည့်ဇော်နဲ့ အလွတ်တန်းသတင်းထောက် ဦးဗညားဦးတို့ကို ရုံးထုတ်ခဲ့ပြီး လာမယ့် ဧပြီ ၂၀ ရက်နေ့မှာ ထပ်မံ ရုံးထုတ်မယ်လို့ သတင်းသမားတွေရဲ့ရှေ့နေ ဒေါ်နီလာခိုင်က ပြောပါတယ်။

"ဒီနေ့ကတော့ ရုံးချိန်းပဲ ပြန်ပေးတယ်ရှင့်။ အကြိုညှိနှိုင်းအစည်းအဝေးပေါ့... ဘယ်နေ့ရုံးချန်းဆိုပြီးတော့ ပြန်ပေးတာပဲရှိတယ်။ အဲဒီတော့ ရုံးချိန်းက ၄ လပိုင်း ၂၀ ရက်နေ့ကို ပြန်ချိန်းပေးထားတယ်။ တရားလိုလည်း မလာသေးတော့ အမှုလည်း စစ်လို့ မရသေးဘူး။ အာမခံက တချို့ကြတော့လျှောက်ကြတယ်။ အရှေ့က အမှုတခုကို အာမခံ လျှောက်တာပယ်ချတယ်။ ကျမကတော့ တရားလိုစစ်ပြီးမှ အာမခံတင်မယ်။ တရားလိုရဲ့ ထွက်ချက်လည်း မရှိသေးဘဲနဲ့ ကျမ အာမခံမလျှောက်ချင်ဘူး။ တရားလိုကို စစ်ပြီးတော့မှ အာမခံလျှောက်မယ်လို့တော့ စဉ်းစားထားတယ်ရှင့်။"

ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့ကဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ခံထားရတဲ့ နေပြည်တော်က အလွတ်တန်းသတင်းထောက် ဦးအောင်ကိုကိုလတ်ကိုလည်း ဧပြီ ၅ ရက်နေ့က နေပြည်တော်အချုပ် ထောင်ယာယီတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် ဧပြီ ၂၀မှာ ထပ်မံရုံးထုတ်ဖို့ချိန်းထားပါတယ်။

ရန်ကုန်အပြင် ကျန်တိုင်းနဲ့ပြည်နယ်တချို့မှာလည်း သတင်းထောက်တွေ သတင်းရယူချိန် ဖမ်းခံရပြီး တပ်မ တော် အကြည်ညိုပျက်အောင် လှုံဆော်မှု၊ သွေးထိုးမှုဆိုတဲ့ ပုဒ်မတပ်တရားစွဲကာ ဖမ်းဆီး ထိန်းသိမ်းတာတွေပို တိုးပြီး လုပ်ဆောင်လာတာမှာ ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း ပြည်မြို့ အလွတ်တန်း သတင်းထောက် ဦးသက်နိုင်ဝင်း ဖမ်းဆီးခံ ခဲ့ရပါတယ်။ ဒီကနေ့ဖမ်းဆီးမခံရခင် ပြီးခဲ့တဲ့ ရက်ပိုင်းက တည်းကသူ့ကို ဖမ်းဆီး ဖို့ လုပ်နေတယ်ဆို တဲ့ သတင်းထွက်နေတာမို့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သာယာဝတီ ထောင်ကို ပို့ဆောင်ထားပြီလို့ ရဲစခန်းကပြောဆိုပေမယ့် မိသားစုဝင်တွေက သာယာဝတီထောင်ကို သွားမေးတဲ့အခါ မရောက်သေးတာကြောင့် ဘယ်မှာထိန်းသိမ်းထားလဲ မသိဖြစ်နေရတယ်လို့ နီးစပ်သူက ဆိုပါတယ်။

သတင်းမီဒီယာတွေကို ဖိနှိပ်မှု ပြင်းထန်လာလို့ နယ်သတင်းသမားတွေအနေနဲ့ ထွက်ပြေး တိမ်းရှောင်နေ ရပြီး မြို့ပေါ် သတင်းသမားတွေထက် လုံခြုံရေးပိုင်း အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ နယ်သတင်းထောက်တဦးက ဗွီအိုအေကိုခုလိုပြောပါတယ်။

"အခုဆို နယ်မှာရှိတဲ့ သတင်းသမားတွေ... တယောက်မှ သူတို့ အိမ်မှာ နေလို့ မရတော့ဘူး။ တခြားနေရာကနေ သတင်းတွေလိုက် သတင်းတွေ တင်ဆက်နေရတာတွေ ရှိတယ်။ လုံးဝ မလုံခြုံတော့ဘူး။ နောက်တခု စိုးရိမ်နေရတာက ဖမ်းဆီးခံရချိန်မှာ ကောင်းကောင်းမွန်မွန်ထောင်ထဲ ဖမ်းခေါ်တာ မဟုတ်ဘဲနဲ့ စစ်ကြောရေးမှာ စစ်မေးတာတွေ၊ ခံရတာတွေ၊ နှိပ်စက်ခံရတာတွေ ကြားနေရတယ်။ အဲဒါလေးတွေကတော့ တော်တော်လေးစိုးရိမ်စရာရှိတယ်။ နောက်တခုကတော့ ခက်ခဲတဲ့ကာလကြီးမှာ ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိနေတော့ သတင်းသမားတွေက ငွေကြေး ပြည့်စုံသူတွေ မဟုတ်တော့ တော်တော်လေး အဲဒီ အပိုင်းခက်ခဲနေတယ်။"

သတင်းလိုက်နေတဲ့ သတင်းထောက်တွေကို ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအရေးယူတာတွေလုပ်တာမှာလည်း တချို့ ဆို ဘယ်နားမှာ ဖမ်းဆီးခံထားရသလဲဆိုတာ မသိရတာ၊ မိသားစုဝင်တွေနဲ့ တွေ့ခွင့် မရတာတွေအပြင်၊ ဖိနှိပ်မှုတွေနဲ့ပါ ရင်ဆိုင်ကြုံနေရတယ်လို့ မိသားစုတွေက ပြောပါတယ်။

"၈ ရက်နေ့ကို ရုံးထုတ်မယ်ပြောတယ်။ ဒါပေမဲ့ ခုချိန်ထိ ရှေ့နေ အသိုင်းအဝိုင်းနဲ့ တွေ့လို့ မရဘူး။ ပြင်ပက လူလည်း ဘယ်သူမှ တွေ့လို့မရဘူး။ ကျနော်တို့ ရင်ထဲမှာတော့ ဘယ်ချိပါ့မလဲဗျာ။ ဒါပေမဲ့ အခု လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံမှာ မြင်နေရတဲ့ လူတွေထက်စာရင် ကျနော် ဖြေနိုင်ပါသေတယ်။ သူတို့ခမျာမှာ အသက်ပေးပြီး သေနေရတာ။ ကျနော့်သားလေး အသက်မသေသေးဘူး။ အဲဒါကိုပဲ ဖြေသိမ့်နိုင်တယ်။ နောက်တခုက ကျနော့်သားလေးက တာဝန်ရဲ့ ဝတ်တရားကျေပွန်စွာ ထမ်းဆောင်ရင်းနဲ့ ဖြစ်တာပါ။ ကျနော် ဖြေသိမ့်နိုင်သလောက်တော့ ဖြေသိမ့်ပါတယ်။ မိဘ ရင်ခွင်ကို အသက်ရှင်လျက်နဲ့ ပြန်ရောက်ဖို့ပဲ ဆန္ဒပြုရင် အမြဲတမ်း စောင့်နေတယ်လို့ပဲ ပြောရမှာပေါ့ဗျာ။"

နေပြည်တော်မှာ ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့က သတင်းရယူနေစဉ် ဖမ်းခံခဲ့ရတဲ့ Mizzima သတင်းဌာန အယ်ဒီတာဟောင်း ဦးသန်းထိုက်အောင်ရဲ့ ဖခင်က သားရဲ့ အခြေအနေကို ခုလိုပြောပြခဲ့တာပါ။

သတင်းရယူချိန်ဖမ်းခံရတာတွေရှိသလို တချို့တွေဆိုရင် ညအချိန်မတော်နေအိမ်တွေကို စီးနင်းဝင်ရောက် ဖမ်းခံရတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘောဇ တိုင်းသတင်းဌာန၊ DVB သတင်းဌာန တွေက နယ်သ တင်းထောက်တွေကို စစ်အုပ်ချုပ်ရေးကောင်စီ ရဲ့ လက်နက်ကိုင်တွေက ညအချိန်မတော် နေအိမ်တွေထဲ စီးနင်း ဝင်ရောက် ဖမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ရက်မှာ စစ်အုပ်ချုပ်ရေးကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးမယ့်အယောက် ၅၀နီးပါး လူစာရင်းကိုထုတ် ပြန်ခဲ့တာမှာလည်း သတင်းမီဒီယာသမား ၃ဦး ပါဝင်ခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထား ရတဲ့ သတင်းဆရာ ဦးစည်သူအောင်မြင့်ကတော့ စစ်အုပ်ချုပ်ရေးကောင်စီဘက်က သူတို့ကို မထောက်ခံသူ၊ အာဏာသိမ်းမှုကို လက်မခံထောက်ပြသူမှန်သမျှကို မတရားတဲ့ ဥပဒေတွေတပ်ကာ ဖိနှိပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"လွတ်လပ်စွာ သတင်းရေးသားခွင့်၊ သတင်းသိပိုင်ခွင့်တို့ ဘာတခုမှမရှိတော့ဘူးဆိုတဲ့ သဘောပဲလေ။ လူတိုင်းကို စွဲနေတာ သူက ဘယ်သူတွေပါလဲဆိုရင် ဆန္ဒပြတဲ့သူကိုလည်း ၅၀၅ (က) နဲ့ စွဲတာပဲ၊ CDM လုပ်တဲ့သူကိုလည်း ၅၀၅ (က) နဲ့ စွဲတာပဲ။ အလှုငွေတွေ ဘာတွေခံပေးတယ်၊ လိုက်ကူညီတယ်... ဒီလူတွေကိုလည်း ၅၀၅ (က) နဲ့ စွဲတာပဲ။ နောက် Journalist တွေကိုလည်း ၅၀၅ (က) နဲ့ စွဲနေတဲ့အခါကျတော့ စွဲချင်တဲ့ပုဒ်မနဲ့ စွဲတယ်။ အဓိကကတော့ ကျနော်တို့လို သာမန် ပြည်သူတွေ မပြောနဲ့ သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၊ ဝန်ကြီးတွေကိုတောင်မှ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲနေသေးတာပဲ။ တိုင်းပြည်မှာ လူတိုင်းကို လုပ်နေတာပဲ။ ဥပဒေဆိုတဲ့ဟာက သူတို့က ပါးစပ်က ပြောပြီးတော့မှ ဘယ်မှာမှ လိုက်နာတာ မဟုတ်ဘူးလေ။ သူတို့ကိုယ်တိုင်လည်း မလိုက်နာဘူး။ သူတပါးကို စွပ်စွဲလိုက်နာတယ်ဆိုတဲ့အခါမှာလည်း လိုက်နာတာ မတွေ့ရဘူး။"

စစ်တပ်အာဏာသိမ်းခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း သတင်းထောက် အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အယောက် ၃၀ ထက် မနည်းကတော့ တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဆူပူလှုံ့ဆော်မှုဟာ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရပါက ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ကျခံ ရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG