သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့နယ်မှာ စိတ်ကြွဆေး ၁၀ သန်းနီးပါး ဖမ်းဆီးမိ


ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်က တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၂၇၊ ၂၀၁၇)
ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်က တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၂၇၊ ၂၀၁၇)

[Zawgyi/Unicode]

ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နှစ်ရက်အတွင်း မူးယစ်ဆေးဝါး ဆေးပြား သန်းတဆယ်နီးပါး ဖမ်းမိခဲ့ပြီး အဲဒီမူးယစ်ဆေးဝါးရောင်းဝယ်မှုတွေမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ARSA အဖွဲ့တို့ ပါဝင်နေတယ်လို့ တပ်ဘက်က စွပ်စွဲထားတာကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မေလ ၃၀ နဲ့ ၃၁ နှစ်ရက်အတွင်း ယာဘာစိတ်ကြွဆေး သန်း ၁၀ နီးပါးဖမ်း ဆီးရမိတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"သတင်းရလို့ သွားဖမ်းတာ ကားပေါ်မှာ မှုးယစ်ဆေးဝါးတွေ မိတယ်။ အဲတော့ အိမ်ကို စစ်တယ် အိမ်ကို စစ်တော့ သေနတ်တစ်လက်ပါ ထပ်တွေ့တယ်။ အိမ်မှာ ရှိတဲ့ မူးယစ်ဆေးဝါးသယ်တဲ့ သူတွေကို ဖမ်းလာတာပေါ့ဗျာ။ ပထမ တစ်ရက်ကတော့ ဘင်္ဂလီတွေဆီက မိတာ ဒုတိယ တစ်ရက်ကတော့ တိုင်းရင်းသားတွေဆီက မိတာ။ ပထမတစ်ရက်က တရားခံပြေးသွားဖမ်းရင်းနဲ့ မိတာ။ မောင်တောမြို့ပေါ်မှာ ဖမ်းတာ။"

မောင်တောမြို့နယ်ဘက်မှာ မကြာခဏဆိုလို ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ သန်းနဲ့ ချီဖမ်းမိနေတာဖြစ်သလို မူးယစ်ဆေးဝါးတွေဟာ မောင်တောကနေတစ်ဆင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရောင်းချနေတာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှုတွေမှာ အကြမ်းဖက်အဖွဲ့အစည်းအားလုံးနီးပါးပါဝင်ကြပြီး ရခိုင်ဘက်မှာဆိုရင် AA နဲ့ ARSA အဖွဲ့တွေက အဓိက ပါဝင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီကပြောပါတယ်။

"အတိုချုပ်ပြီးပြောရလို့ ရှိရင် မူးယစ်ဆေးဝါးမှုတွေက အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အားလုံးနီးပါး ပါဝင်ပတ်သတ်ဆက်နွယ်မှုရှိတယ်။ နောက်ပြီးတော့ ရှမ်းမြောက်ဖက်က မှုးယစ်ဆေးဝါးတွေ တခြားနေရာ တွေက မူးယစ်ဆေးဝါးတေကို ရခိုင်ကနေတစ်ဆင့် ခုနားက AA, ARSR ဒီအဖွဲ့တွေက တဆင့်ခံပြီး သယ်ဆောင်ရောင်းဝယ်ပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာလည်း ရဲမှူးကြီး ဇော်လင်းပြောထားတဲ့ထဲမှာ အကုန်ပါ ပါတယ်ဗျာ။"

တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီးတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

"မြန်မာစစ်တပ်ဘက်ကတော့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကို သူတို့ထိန်းချုပ်ပြီးတော့ လုပ်ဆောင်နေတာလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ဒေသထဲမှာ ဖမ်းမိခဲ့မိ မူးယစ်ဆေးဝါးတွေရော တခြား မြန်မာပြည် အနှံ့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ အားလုံးဟာ ဘယ်တုန်းကမှ ပိုင်ရှင်ပေါ်တယ်ဆိုတာ မရှိဘူး။ ရန်ကုန်မှာ ကွန်တင်နာကားအလုံးလိုက် မိတယ်။ ဒါပေမဲ့ ပိုင်ရှင်မဲ့ ဖြစ်သွားတယ်။ ရခိုင်ဘက်မှာ မြန်မာစစ်တပ်က အရာရှိတွေ မူးယစ်ဆေးဝါးနဲ့ လက်ပူးလက်ကျပ်မိတယ်။ နောက်ပိုင်းမှာ ဒါတွေလည်း ပိုင်ရှင်မယ့် ဖြစ်သွားတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာ မူးယစ်ဆေးဝါးဈေးကွက်ကို ဘယ်သူထိန်းချုပ်ထားသလဲဆိုတာ စဉ်းစားလို့ရတယ်။ မြန်မာစစ်တပ်ဟာ သူတို့ကိုယ်တိုင် ထုတ်လုပ်တယ် သူတို့ကိုယ်တိုင်ရှောင်းချတယ်။ ဒါတွေကို တောက်လျှောက်လုပ်လာတာဖြစ်တယ်။"

ရခိုင်ဘက်မှာ ပြီးခဲ့နှစ်တွေက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးခံရတဲ့ထဲမှာ တပ်မတော် သားတွေ ရဲတွေလည်း ပါဝင်သလို မူးယစ်ဆေဝါးကိစ္စတွေမှာ လက်နက်ကိုင် အဖွဲ့တွေ ပါဝင်နေပေမယ့် အတိအကျပြောဖို့ခက်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးကပြောပါတယ်။

"အပြန်အလှန် စွပ်စွဲနေတာကတော့ ကျနော်တို့မှာ အထောက်အထား မရှိတော့ ပြောလို့မရဘူးဗျာ။ မူးယစ်ဆေးဝါးမှာ လက်နက်ကိုင်တွေ ပါဝင်နေတာတော့ ကြာပြီပေါ့။ မူးယစ်ဆေးဝါးလုပ်တဲ့သူတွေ လက်နက်ကိုင်တာ ရှမ်းမြောက်ဘက်မှာ အများကြီးရှိတယ်။ ရခိုင်ဘက်မှာ ၂၀၁၇၊ ၁၈ လောက်က တပ်မတော်သားတချို့လည်း မူးယစ်မှုတွေမှာ ပါတာပဲ ရဲတွေလည်း ပါတာတို့ ကျနော်တို့ဖမ်းတဲ့ ထဲမှာ တွေ့ရတယ်။ ဒါပေမဲ့ အဲလိုတွေ့ရင်နဲ့ ဒါဒီအဖွဲ့အစည်းက လုပ်တယ်၊ မလုပ်ဘူး ဆိုတာ စွပ်စွဲဖို့ ခိုင်လုံတဲ့လိုအပ်တယ် ခိုင်လုံတဲ့ သက်သေအထောက် အထားမရှိပဲ မှတ်ချက် ပေးဖို့ခက်ပါတယ်။"

မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသ နိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးမှုတွေကျလာပေမယ့်၊ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးပြား ထုတ်လုပ်မှုတွေက ပိုမိုးများပြားလာသလို ဈေးကွက်ထဲမှာ ပိုပြီးနေရာယူလာတယ်လို့ UNODC ကုလ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ပြောထားပါတယ်။ ဒီလပိုင်းအတွင်းမှာပဲ မူးယစ်ဆေးဝါးအမြောက်အများကို မြန်မာအာဏာပိုင်တွေဘက်က ရှမ်းပြည်ဘက်မှာလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG