သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA စခန်း တချို့ကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကြေညာ


ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

[Zawgyi/Unicode]

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ အခြေပြုစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တပ်မတော်ဘက်က ပြောဆိုတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ပလက်ဝမြို့အနီးနဲ့ ရသေ့တောင် သဇင်မြိုင် ရဲစခန်းအနောက်မြောက်ဘက် AA အခိုင်အမာခြေကုပ်စခန်းတွေကို တပ်မတော်ဘက်ကနေ မနေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“မနေ့ကမနက် ၈ နာရီလောက်မှာ ကျနော်တို့ ဒီ AA က ပလက်ဝမြို့ရဲ့အဝင်မှာပဲ အဲဒီတံတားနဲ့ ပလက်ဝမြို့ကြားထဲမှာ တောင်ကုန်း သုံး ကုန်း ရှိပါတယ်။ ပွိုင့် ၆၀၂၊ ပွိုင့် ၅၄၀၊ ပွိုင့်-၅၆၅ အဲဒီတောင်ကုန်း သုံး ကုန်းမှာ အခိုင်မာခြေကုတ်ယူထားတဲ့နေရာ ရှိတယ်။ ပြီးရင်သူတို့ကာကင်းစခန်း လေး ခုလောက်ရှိတယ်။ အဲဒီ ခုနစ်ခုကိုတော့ မနေ့က မနက် ၈ နာရီလောက်မှာ သိမ်းဆီးရမိတာ ရှိပါတယ်။ အလောင်းလက်နက်တွေ ရလိုက်တာ ရှိတယ်။ နောက်တခုကတော့ ကျနော်တို့ သဇင်မြိုင်ရဲစခန်းရဲ့အနောက်မြောက်ဘက် မီတာ ၅,၀၀၀ လောက်မှာ AA အခြေပြုတဲ့နေရာတခု ကျနော်တို့ သိမ်းဆည်းရမိတာရှိတယ်။ ပစ်ကျင်းတွေ တဲတွေရှိတယ်။ ပြီးရင်ကျနော်တို့ စစ်အသုံးအဆောင်ပစ္စည်းအချို့ ရရှိလိုက်တာရှိပါတယ်။”

AA အဖွဲ့အနေနဲ့ ဒီတောင်ကုန်းအပေါ်မှာ အခြေပြုပြီးတော့ ပလက်ဝမြို့ဆက်သွယ်ရေးလမ်းကြောင်း နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတလျှောက် လမ်းကြောင်းလုံခြုံရေးနဲ့ ကုလားတန်မြစ်ကူးတံတား၊ လမ်းဖောက်လုပ်ရေးစီမံကိန်းကို နှောင့်ယှက်ခြိမ်းခြောက်နေတာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရခိုင်သုခကတော့ တပ်မတော်ဘက်က သိမ်းပိုက်တဲ့ စခန်းဟ အခိုင်မာစခန်း မဟုတ်ဘဲ AA အဖွဲ့ရဲ့ ယာယီအခြေပြုစခန်းသာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ သူတိုကပြောသလိုမျိုး အခိုင်အမာခြေကုတ်စခန်းဆိုတာ မရှိဘူး။ လှုပ်ရှားစစ်ကြောင်းတွေ ယာယီအခြေပြုစခန်းချတဲ့နေရာတွေပဲ ရှိတယ်။ အခုသူတို့ သိမ်းပိုက်ရရှိတယ်ဆိုပြီးတော့ ဝါဒဖြန့်နေတဲ့နေရာဟာလည်းပဲ လွန်ခဲ့တဲ့မေလ ၂၄ ရက်နေ့တုန်းက ကျနော်တို့ စစ်ကြောင်းတခုက လူနာတွေကို ဆေးကုသခဲ့တဲ့ ယာယီအခြေပြုနေရာ တခုတာဖြစ်တယ်။ ဆိုတော့အဲဒီ နေရာကို မြန်မာစစ်တပ်ဘက်ကနေပြီးတော့ လေကြောင်းတိုက်ခိုက်မှုအကြီးကျယ်လုပ်၊ လက်နက်ကြီးတွေနဲ့နေပြီးတော့ နေရာ ၃ ခု လောက်က နေပြီးတော့ စစ်ဆင်ပစ်ခတ်ပြီးတော့မှ တိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်တာ ရှိတယ်။”

မေလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးသွားသလို ရဲတပ်ဖွဲ့တချို့ ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့မိသားစုဝင်အမျိုးသမီးနဲ့ ကလေး ၃ ဦးကိုတော့ မေလ ၃၀ မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ တပ်ဖွဲ့ဝင် ၆ ဦးကိုတော့ AA ဘက်က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

သဇင်မြိုင် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်စစ်ကြောင်းကနေ ကုန်းလမ်း၊ ရေလမ်း တလျှောက် လိုက်လံ ပိတ်ဆို့ထိုးစစ်နေဆဲဖြစ်ပါတယ်။

မေ ၃၀ ရက်နေ့ညကတော့ မြန်မာရေတပ်သင်္ဘော ရသေ့တောင်မြို့နယ်၊ ရပ်ခုံတိုင်ကျေးရွာအနီး ရောက်ရှိစဉ်မှာ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းစပ်မှာ တပ်မတော်ရေယာဉ်နဲ့AAအဖွဲ့တို့ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်၊ ရေတပ်သင်္ဘောကနေ ရွာဘက်ကို ဦးတည် ပစ်ခတ်လာတယ်လို့ စစ်ရှောင်ရက်ခုံတိုင်ရွာသား တဦးကပြောပါတယ်။

“အဲဒီနေ့က ရက်ခုံတိုင်နဲ့ နီးတဲ့နေရာကနေပြီးတော့ အပြန်လှန်ပစ်ခတ်သံတော့ ကြားလိုက်တယ်။ ဒါပေမဲ့နောက် ရွာကိုပစ်တဲ့ အချိန်ကျတော့ ရွာအနီးနားစပ်က သူတို့က ပစ်ခတ်ဖို့ကို ဖြစ်တာမရှိဘူး။ မရှိဘဲနဲ့ ဒါ သက်သက်မဲ့ ရွာတွေကို လှမ်းပစ်လိုက်တာ။”

မေလ ၃၀ ရက်နေ့ကစပြီး ရသေ့တောင်နဲ့ ဘူးသီးတောင်နယ်အစပ် မေယုမြစ်ကြောင်းတလျောက် ကျေးရွာတွေမှာ ရေတပ်သင်္ဘောနဲ့ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ဒိုးဝေချောင်း၊ အောင်ဇေကုန်း၊ စဖိုကျွန်း၊ ကံပြင် စတဲ့ရွာတွေက အမျိုးသမီးနဲ့ ကျောင်းသားတွေအပါဝင်လူ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး စေတီပြင်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။

မေယုမြစ်ကြောင်းတလျှောက် ကျေးရွာတွေမှာရှိတဲ့ ရွာသားထောင်ဂဏန်း ရသေ့တောင်မြို့နယ်စေတီပြင် စစ်ရှောင်စခန်းမှာ လာရောက် ခိုလှုံနေတယ်လို့ စေတီပြင်စစ်ရှောင်စခန်းအကူညီပေးသူ တဦးကပြောပါတယ်။

“အခုကထပ်တိုးလာတယ်။ ၄,၀၀၀ ကျော်လောက်တော့ရှိပြီး။ ဖြစ်တာက NAVY ကနေပြီးတော့ ပစ်တာမှာ ဒီမေယုမြစ်ရဲ့ ကမ်းမှာရှိတဲ့ ကံပြင်၊ စဖိုကျွန်း၊ ဒိုးဝေချောင်း၊ မောင်ဇေကုန်း ကြောက်ပြီးတော့ပြေးလာကြတယ်။”

မေလ ၃၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က အတွင်းပြင်၊ အိုးသည်မ၊ ဒိုးဝေရွာ၊ အောင်ဇေယျရွာအပြင် ရသေ့တောင်မြို့နယ်က သဇင်မြိုင်၊ ငလှမ်းပြင်၊ ပြင်ရှည်၊ ချွတ်ပြင် စတဲ့ ရွာတော်တော်များများက ရွာသားတွေ ရသေ့တောင်မြို့နယ်က စေတီပြင်၊ စစ်ရှောင်စခန်းဘက် တိမ်းရှောင်လာကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး ရွာသား ၂၀၀,၀၀၀ နီးပါးဟာလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အစိုးရစစ်တပ်အနေနဲ့ AA အဖွဲ့ကို စစ်ဆင်ရေးတွေ ဆက်လက်လုပ်နေတဲ့ တချိန်တည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုလည်း ဖွင့်ထားပေမဲ့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က တုံ့ပြန်မှုကတော့ အားရစရာမရှိဘူးလို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း မြန်မာအစိုးရအုပ်ချုပ်ရေးယန္တရားများနဲ့ အစိုးရလက်နက်ကိုင်အဖွဲ့တွေအားလုံး ရခိုင်ပြည်အတွင်း အမြန်ဆုံးထွက်ခွါာသွားဖို့မေလ ၂၉ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



















XS
SM
MD
LG