သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်က နယ်ခြားစောင့်ရဲကင်းစခန်း AA ဝင်တိုက်


ရခိုင်လက်နက်ကိုင် AA အဖွဲ့ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရခိုင်လက်နက်ကိုင် AA အဖွဲ့ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က သဇင်မြိုင်နယ်ခြားစောင့်ကင်းစခန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်ထိခိုက်ပျောက်ဆုံးမှုရှိတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ဒီနေ့ မနက်အစောပိုင်းမှာ ရသေ့တောင်မြို့နယ်က သဇင်မြိုင်နယ်ခြားစောင့်ကင်း စခန်းကို အင်အား ၁၀၀ လောက် ရှိတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့မနက် ၂ နာရီလောက်မှာ ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်းကို AA အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ လောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်၊ မိသားစုဝင် ၃ ယောက်၊ ကလေးတဦးအပါဝင် ပျောက်ဆုံးနေတာရှိတယ်။ ကင်းစခန်းအဆင့်ပဲဖြစ်တယ်။ အင်အားနည်းပါတယ်။ အဲဒီ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်။”

ဒီတိုက်ခိုက်မှုအတွင်း ရဲကင်းစခန်းအဆောင်တချို့ မီးလောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သဇင်မြိုင်နယ်ခြားစောင့်စခန်းဟာ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ စေတီပြင်ကျေးရွာအနောက်မြောက်ဘက်မှာ တည်ရှိနေပါတယ်။ ဒီရဲကင်းစခန်းဟာ ၂၀၁၇ ခုနှစ်က လူမျိုးဘာသာရေးအသွင်ဆောင် ပဋိပက္ခကာလအတွင်း ဆောက်ထားတဲ့ ရဲစခန်းလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“သဇင်မြိုင်ရဲစခန်းကတော့ ကျနော်တို့က ၂၀၁၅-၂၀၁၇ ဘင်္ဂလီတွေနဲ့ ဖြစ်ပွါးတဲ့ပဋိပက္ခမှာ အဲဒီရွာတွေကမီးရှို့ခံခဲ့တယ်။ ခဏခဏ ခံရတဲ့ရွာတွေဖြစ်တယ်။ သူတို့ရဲ့တောင်းဆိုမှုအရ ရဲကင်းစခန်းတခုပေါ့နော်။ နိုင်ငံတော်ရဲ့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေတဲ့ ရဲစခန်းတွေရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ တိုင်းရင်းသားကျေးရွာလေးတွေကို တရားဥပဒေစိုးမိုးရေး လုံခြုံရေးကာကွယ်ပေးနေတဲ့ စခန်းငယ်တွေကို တိုက်ခိုက်နေတာဖြစ်တယ်။”

ရခိုင်လက်နက်ကိုင် AA ဘက်ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင်ရဲကင်းစခန်း လေး ခုအားလည်းကောင်း၊ မတ်လ ၉ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအားလည်းကောင်း၊ ဧပြီလ ၁၀ ရက်မှာ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းအား လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဝင်အချို့နဲ့ မိသား စုဝင်အချို့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ တပ်မတော်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီမနက် သဇင်မြိုင်နယ်ခြားစောင့် ရဲကင်းစခန်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“ဒီနေ့ မေလ ၂၉ ရက်နေ့မနက်မှာ ရသေ့တောင်မြို့နယ် သဇင်မြိုင်ရွာ အခြေစိုက် နယ်ခြားစောင့်စခန်းအမည်ခံပေါ့နော် မြန်မာစစ်တပ်ရဲ့စစ်ဆင်ရေးအထောက်ကူပြုစခန်း တခုကို ကျနော်တို့ရခိုင့်တပ်တော်ဘက်ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ရှိတယ်။ တိုက်ပွဲအတွင်းမှာတော့ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိတယ်။ မြန်မာစစ်တပ်ဆီကနေ ကျနော်တို့ဒီ ရော့ကက်တလက်အပါဝင်ပေ့ါနော်။ လက်နက်ငယ် ၁၄ လက် သိမ်းဆည်းရမိတာရှိတယ်။ ဖမ်းဆီးရမိတာလည်း တခုရှိတယ်ဗျ။ အခုတော့ကျနော်တို့ စစ်ဘက်နဲ့အရပ်ဘက်ကို အသေချာစီစစ်ပြီးတော့မှ ဒါ အရပ်သားတွေ ပါလာလို့ရှိရင်တော့ စစ်ဘက်နဲ့မသက်ဆိုင်သူတွေ ပါလာလို့ရှိရင်တော့ ချက်ချင်းပြန်လွှတ်ပေးမှာဖြစ်တယ်။ လွန်ခဲ့တဲ့မေလ ၂၄ ရက်နေ့တုန်းက ကျနော်တို့ရဲ့ ပလက်ဝမြို့နားမှာရှိတဲ့ ဆေးကုသနေတဲ့ စခန်းတခုကို မြန်မာစစ်တပ်ဘက်ကနေပြီးတော့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီးတော့ ကျနော်တို့ရဲ့ဒဏ်ရာရလူနာတွေကို သတ်ဖြတ်သွားတာရှိတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ စစ်ဆင်ရေးအထောက်ကူပြုစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်။”

ဒီကနေ့မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာလည်း နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွါးနေတယ်လို့ ခိုင်သုခကဆက် ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီ ၁၄ မိနစ်လောက်ကစပြီးတော့ မင်းပြားမြို့နယ် ဖားပြိုချင်းရွာရဲ့အရှေ့တောင်ဘက်ပေါ့နော်။ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာရှိတယ်။ နောက်ပြီးလို့ရှိရင် ရာမောင်တံတားအနားမှာလည်းပဲ ဒီမနက်မှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိတယ်။”

ဒီမနက်မင်းပြားမြို့နယ် ဖါးပြိုရွာနဲ့ ရာမောင်တံတားတိုက်ပွဲမှာ ထိခိုက်မှုတွေရှိနေပေမဲ့ အရေအတွက်အတိကျ မသိ ရသေးဘူးလို့ခိုင်သုခကဆိုပါတယ်။ လက်ရှိရခိုင်ပြည်နယ်အတွင်းတပ်မတော်ကနေ အင်အားတိုးချလာတဲ့အနေအထားကြောင့် တိုက်ပွဲဆက်လက်ပြင်းထန် လာဦးမယ်လို့ AA ဘက်ကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တနှစ်ကျော်အကြာ စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း အရပ်သား ၁၆၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီးတော့ တိုက်ပွဲစဉ်အတွင်း အရပ်သားတွေ သေဆုံးဒဏ်ရာ ရရှိမှုကလည်း များပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG