သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်က ရွာတွေမီးရှို့ခံရမှု စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို


(Zawgyi/Unicode)

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ကျေးရွာတချို့မှာ ဒီရက်သတင်းပတ်တွေအတွင်း ဆက်တိုက်ဆိုသလို မီးရှို့ဖျက်စီးခံနေရတဲ့အခြေအနေကို HRW၊ AI စတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ဂြိုဟ်တုဓါတ်ပုံတွေနဲ့ ရိုက်ယူမှတ်တမ်းတင်ပြီး ဘယ်သူတွေကျူးလွန်သလဲဆိုတာ စုံစမ်းအရေးယူဖို့ မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုနေပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ မေလ ၁၆ ရက်နေ့က မီးရှို့ဖျက်စီးခံရပြီး အိမ်ခြေပေါင်း ၂၀၀ လောက် ပျက်စီးသွားတဲ့ အခြေအနေကို ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေကို နယူးရောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)ကနေမေလ ၂၆ ရက်နေ့က ထုတ်ဖေါ်ခဲ့ပြီး ဘယ်သူလုပ်သလဲဆိုတာ မြန်မာအစိုးရအနေနဲ့ ဘက်လိုက်မှုမရှိပဲ စုံစမ်းစစ် ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီမေလ ၂၆ ရက်နေ့မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ် အောက် မီးလက်ဝကျေးရွာ လည်း မီးရှို့ခံရတဲ့အတွက် အိမ်ခြေပေါင်း ၄၀ လောက် ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံရွာသားတွေက ဗွီအိုအေကို ပြောပါတယ်။

အခုလို မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ရွာတွေဆက်တိုက်မီးရှို့ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဖြစ်သလဲဆိုတာ အတိအကျမသိရသေးပေမယ့် စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ် ပုံမှန်ကျင့်သုံးတဲ့ နည်းဗျူတခုဖြစ်တာကတော့ ထင်ရှားကြောင်း HRW အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

"ရခိုင်ပြည်နယ်နဲ့မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာ စစ်တပ်ရဲ့ တိုက်ခိုက် မီးရှို့ဖျက်စီးမှုတွေဟာ တသတ်မတ်တည်း ဖြစ်နေတာကိုကြည့်ရင်မြန်မာစစ်တပ်ကို ထိန်းချုပ်လို့ မရဘူးဆိုတာကို ပြနေပါတယ်။ ဒီလို စစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုလုံးဝမရှိသလို၊ အရပ်ဘက်ကလည်း ထိန်းချုပ်နိုင်မှုမရှိပါဘူး။ ဒီလို မီးရှို့မှုတွေဟာ စစ်ဆင်ရေးတွေမှာ ညှင်းပမ်းနှိပ်စက်၊ အနိုင်ကျင့်မှုတွေကို ကျူးလွန်လေ့ရှိတယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။"

တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က စစ်ရာဇဝတ်ကျူးလွန်တာမျိုး ရှိတယ်ဆိုတာကိုလည်း သူက အခုလိုပြောပါတယ်။

"ဟုတ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တခါတရံမှာ စစ်ရာဇဝတ်ကျူးလွန်မှုတွေရှိပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ကတော့ အမြဲတမ်း ဥပဒေ ကိုချိုးဖောက်တဲ့ နည်းလမ်းတွေကို အသုံးပြုတာပါ။ သူတို့ဟာ အရပ်သားတွေနေတဲ့ နေရာကို ဦးတည်တိုက်ခိုက်ပြီး ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို မီးရှို့ပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်ခဲ့ပါတယ်။"

အလားတူ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးအနေနဲ့လည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရွာတွေ မီးရှို့ဖျက်စီးခံရတဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း အဖွဲ့ရဲ့ အာရှဆိုင်ရာတာဝန်ခံ Franciso Bencosme က ဗွီအိုအေကို အခုလိုပြောပါတယ်။

"မကြာသေးခင်က ထွက်လာတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ဘယ်သူတွေကျူးလွန်သလဲဆိုတာ အမှီအခို ကင်းကင်းနဲ့ စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးတာကြောင့် မှတ်ချက်တော့ မပေးနိုင်သေးပါဘူး။ ဒါပေမယ့် ထင်ရှားတာကတော့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးအရ ဝင်ရောက်တိုက်ခိုက်မှုတွေကို နည်းဗျူဟာတပုံစံတည်းလုပ်ခဲ့တယ်ဆိုတာကို ဂြိုလ်တုဓါတ်ပုံ အထောက်အထားတွေအရပဲဖြစ်ဖြစ်၊ တွေ့ဆုံမေးမြန်းမှုတွေကပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ဟိုးအရင်ကတည်းက အစီရင်ခံထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်အနေနဲ့ ဒီလိုပြစ်မှုကျူးလွန်မှုတွေကို ဆက်ပြီးလုပ်နေမယ်ဆိုတာကတော့ အံ့သြစရာမရှိပါဘူး။ တာဝန်ခံမှုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစစ်တပ်ကို ဟန့်တားနိုင်မှုမရှိမချင်း ဒီလို ပြစ်မှုတွေ ဆက်ပြီး ဖြစ်နေမှာပါ။"

မေလ ၁၆ ရက်နေ့က မီးရှို့ခံရတဲ့ မြောက်ဦးမြို့နယ်က လက္ကာကျေးရွာကိစ္စမှာပြည်သူလူထုကြားမှာ တပ်မတော်ကို အထင်လွဲမှားအောင်လုပ်တာဖြစ်ပြီး AA လက်နက်ကိုင်အဖွဲ့က တမင်မီးရှို့ခဲ့တာဖြစ်တယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ဗွီအိုအေကို တုံ့ပြန်ပြောဆိုထားပါတယ်။

အခုလိုမျိုး အပြန်အလှန်စွပ်စွဲတာမျိုးထက် ဘယ်သူတွေကျူးလွန်သလဲဆိုတာ စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့ မြန်မာအစိုးရရော၊ စစ်တပ်ကပါ နိုင်ငံတကာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကို ခွင့်ပြုဖို့ လိုကြောင်း HRW အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ John Sifton က အခုလို ထောက်ပြပါတယ်။

" မြန်မာအစိုးရအနေနဲ့ အခုလို ဥပဒေချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်စွမ်း ဒါမှမဟုတ် စုံစမ်းစစ်ဆေးဖို့ လိုလိုလားလားရှိမယ်ဆိုတာမျိုး ကျနော်တို့ ယုံကြည်မထားပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက HRW အနေနဲ့ ပြောလာတာက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ဖိနှိပ်မှုတွေ၊ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာစနစ်နဲ့ အညီ စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံဆိုင်ရာ ယန္တရားတွေကို လူ့အခွင့်အရေး ကောင်စီက တည်ထောင်ခဲ့ပြီဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ ဒီလိုစုံစမ်း စစ်ဆေးမှုတွေအတွက် ကျွမ်းကျင်သူတွေရှိသလို၊ လုပ်ပိုင်ခွင့်လည်းရှိပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂရဲ့လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုပြီး စုံစမ်း စစ်ဆေးမှုတွေကို ခွင့်ပြုသင့်ပါတယ်။"

ဒါအပြင် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် မြန်မာအစိုးရရော၊ စစ်တပ်ကပါ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေဘက်က ထိထိရောက်ရောက် စုံစမ်းအရေးယူတာ၊ တာဝန်ခံတာမျိုးတွ မရှိခဲ့တဲ့အပြင် ရက်စက်ပြင်းထန်လှတဲ့ ပြစ်မှုကျူးလွန်မှုတွေမှာလည်း တာဝန်ရှိတဲ့ စစ်အရာရှိခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူနိုင်ခဲ့ခြင်း မရှိဘူးလို့John Sifton က ပြောဆိုခဲ့ပါတယ်။


...........


(Unicode)














XS
SM
MD
LG