သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး ရဲနဲ့စစ်ဖက်ဌာနတွင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်


ရခိုင်ဒေသ၊ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက် တပ်မတော်ဖက်ကကော ပြည်ထဲရေး ဝင်ကြီးဌာနဘက်ကပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် အသီးသီး ဖွဲ့စည်းလိုက်ပါတယ်။

အခုလိုမျိုး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ကော်မရှင်ဖွဲ့ပြီး နိုင်ငံတကာကို တုံ့ပြန်ဖို့ ကြိုးစားတာဟာ ကောင်းတဲ့အချက်ဖြစ်ပေမယ့်လို့ တကယ် အလုပ်ဖြစ်မဖြစ် ဆိုတာ ကတော့ စောင့်ကြည့်ရဦးမယ် လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ သတင်းစာဆရာတစ်ဦး ကလည်း ထောက်ပြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုစည်သူပြောပြပေးမှာပါ။

ရခိုင်ပြည်မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်တာပါ။ ကုလရဲ့ အခုလို စွပ်စွဲပြောဆိုမှုတွေကို တုံ့ပြန်သွားဖို့အတွက် တပ်မတော်ဘက်ကလည်း ဌာနတွင်းမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့တစ်ရပ်ကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့ February ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို စစ်ဆေးသွားဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ် ထပ်မံ ဖွဲ့စည်းလိုက်တာပါ။ ဒီကော်မရှင်ရဲ့ အဓိက တာဝန်တွေနဲ့ ပတ်သတ်လို့ ဒုရဲမှုးကြီးတစ်ဦးက အခုလိုပြော ပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိရင် ကျနော်တို့က ရဲစည်းကမ်းအရ အရေးယူ မယ်ဆိုပြီးတော့ ကျနော်တို့ သတင်းစာမှာလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။ အဲဒီအတိုင်းပါပဲနော် ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေအပိုင်းက လုပ်ထုံးလုပ်နည်းနဲ့မညီတာတွေရှိ ရင်တော့ အဲဒါတွေကို အဓိက စစ်မှာဖြစ်တယ်။ တပ်ကတော့ ဟိုမှာက တပ်ပိုင်းဆိုင်ရာ ကိစ္စတွေလည်း တပ်ကလည်း သူတို့ စစ်ဆင်ရေးနယ်မြေတွေဆိုတော့ သူတို့ ဝင်တာရှိတယ်။ နောက်နယ်ခြားစောင့်တပ် ဆိုတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်ပေါ့နော် သူ့အပိုင်းနဲ့သူ စစ်ကြတဲ့ဟာပေါ့နော်။”

ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ရဲရေးချုပ် ရဲမှုးချုပ် ဝင်းထွန်းက ဥက္ကဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦးက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ မကြာမှီမှာ ရခိုင်ပြည်တွင်း သွားရောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်နေမှုတွေကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည် မြောက်ပိုင်း အခြေအနေကို လေ့လာဆန်းစစ် သွားဖို့အတွက် သမ္မတက ဖွဲ့စည်းပေးထား တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အပြင် ရခိုင်ပြည်နယ်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့လည်း ရှိတာပါ။

လက်ရှိမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ၄ ဖွဲ့အထိ ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေကကော တကယ် အလုပ်ဖြစ်ပ့ါမလားဆိုတာနဲ့ ပတ်သက်လို့ ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်း မောင်တောဒေသကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့ဖူးသူလည်းဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးစည်သူအောင်မြင့် က အခုလို ပြောပါတယ်။

“ထူးခြားချက်ကတော့ တပ်မတော်က တသီးတခြားလိုဖြစ်နေတဲ့အခါကျတော့ တပ်မတော်ဘက် ကလည်း စစ်ဆင်ရေးလုပ်တာ သူလုပ်တာကို တပ်မတော်ဘက် ကလည်း သူတို့ဖွဲ့လာတယ်၊ ပြည်ထဲရေး ကလည်း အခုဆိုရင် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အခါကျတော့ သူကလည်းဖွဲ့လာတယ်၊ ဖွဲ့လာတဲ့အခါကျတော့ ဒီလိုမျိုးဖွဲ့လာတဲ့ သဘောထားကတော့ နိုင်ငံတကာကို တုံ့ပြန်မှုကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် တကယ့်တကယ်အလုပ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာကတော့ ဒါကတော့ မပြောနိုင်ဘူးပေါ့။ အဖွဲ့အစည်းအတွင်း စစ်ဆေးတဲ့အခါကျတော့ ဘယ်လိုမှ ပွင့်လင်းမြင်သာမှု ကတော့ သိရမှာမဟုတ်ပါဘူး။”

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေ ကို နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြတာပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တွေဟာ အဲဒီ့ဒေသမှာ နိုင်ငံတကာ က ပြောဆိုနေကြသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တစ်စုံတစ်ရာ တွေ့ရှိခဲ့မယ်ဆိုရင် လူထုကို ပွင့်ပွင့်လင်းလင်း ချပြလိမ့်မယ်လို့ ယူဆမိတဲ့အကြောင်း ဦးစည်အောင်မြင့်က ဆိုပါတယ်။

“တကယ်တို့ တဘက်က စွပ်စွဲချက်တွေဟာ မှန်တယ်၊ မှန်တယ်ဆိုတာတွေကိုလည်း သူတို့က သေချာစစ်ဆေးလို့တွေ့တယ်ဆိုရင်တော့ သူတို့ပြောမယ်လို့ ထင်ပါတယ် ။ ပြောပြီးတော့မှ အဲလိုမျိုးတွေ့တယ်၊ တွေ့တဲ့အချိန်မှာ ကျူးလွှန်တဲ့ ဘယ်သူပေါ့နော် ဘာတာဝန်ရှိတဲ့သူတွေကို ဘယ်လိုအရေးယူတယ်ဆိုတာတွေ သူတို့လုပ်လိမ့်မယ်လို့တော့ ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့မှာတုန်းက ဗွီဒီယို တခုပေါက်ကြားလာတယ်၊ပေါက်ကြားလာတဲ့အခါကျတော့ သူတို့ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူတာတွေရှိခဲ့တယ် ဒီပုံစံလောက်တော့ လုပ်မယ်လို့ ထင်ပါတယ်။”

လက်ရှိအချိန်မှာ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိနေပြီး ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ လေ့လာစိစစ်မှုတွေ လုပ်နေပါတယ်။ ဒီအဖွဲ့ကတော့ ကုလသမဂ္ဂက ပြောဆိုထားသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးပြီး တုန့်ပြန်ထားသလို မကြာမှီမှာလည်း အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG