သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောစုံစမ်းရေးအစီရင်ခံစာ နိုင်ငံတကာ စွပ်စွဲချက်များ ငြင်းပယ်


ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသစုံစမ်းရေး ကော်မရှင် အဖွဲ့လေ့လာစဉ် (၁၃ ဒီဇင်ဘာလ ၂၀၁၆)
ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသစုံစမ်းရေး ကော်မရှင် အဖွဲ့လေ့လာစဉ် (၁၃ ဒီဇင်ဘာလ ၂၀၁၆)

မောင်တောဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲဖြစ်တယ် လို့ မြန်မာ အစိုးရရဲ့ မောင်တော ဒေသ စုံစမ်းရေးကော်မရှင် က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စွတ်စွဲနေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက မွတ်ဆလင်ကျေးရွာတွေမှာ လူမျိုးတုံးသတ်ဖြတ်တာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာမျိုးတွေ မတွေ့ရသလို၊ ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်တာမျိုးလည်း မရှိဘူးလို့ ကော်မရှင်က သူ့ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို ကြားဖြတ်အစီရင်ခံစာဆိုပြီး ထုတ်ပြန်ခဲ့ ပါတယ်။ ကော်မရှင်ကတွေ့ရှိချက်တွေ နဲ့ ဒေသခံအချို့ရဲ့ တုန့်ပြန်ချက်တွေကိုတော့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

အစိုးရဖွဲ့စည်းပေးထားတဲ့ မောင်တောဒေသ စုံစမ်းရေးကော်မရှင်က မနေ့က ကြားဖြတ် အစီအရင်ခံစာ တစောင် ထုတ်ပြန်လိုက်တာပါ။ ဒီထဲမှာ မောင်တောဒေသ ရဲ့ကျေးလက်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေပြီး အကြမ်း ဖက်သမား များက လုံခြုံရေးနဲ့ ဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ရှိချက်တွေဟာ နိုင်ငံတကာက ပြောဆိုချက်တွေနဲ့ ကွာခြားနေတာတွေ ရှိနေတာကြောင့် ဒီအစီရင်ခံစာရဲ့ တိကျမှုအပေါ် မှာမေးခွန်းတွေကတော့ ရှိနေပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့ အတွင်းရေးမှုး ဦးဇော်မြင့်ဖေကတော့ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး ခုလိုပြောဆိုလိုက်ပါတယ်။

“တန်ဖိုးရှိတဲ့သတင်းတွေ ၊ တန်ဖိုးရှိတဲ့အရာတွေကို ရယူဖို့တော်တော် ကြိုးစားရ ပါတယ်။ Limitation တွေ၊ အကန့်အသတ်တွေတော်တော်များပါတယ်။ language အကန့်အသတ်ကလည်း စကားမပေါက်တာတို့ သူတို့ ကိုယ်တိုင်က လည်း ကြောက်လန့်နေတာတွေလည်း ရှိသေးတယ်။ ကြောက်လန့်နေတယ်ဆိုတာ ဒီဘက်က ဘင်္ဂါလီတွေကိုလည်းကြောက်ရနဲ့ ကိုယ်လိုချင်တာ သိဖို့ ကတော့ တော်တော်ကို နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နဲ့ ချဉ်းကပ် ရတယ်ဆိုတဲ့ အနေအထားရှိပါတယ်။ အဲဒီအထဲမှာ ရေးသားရတဲ့ အပေါ်မှာ ဝေဖန်နေတယ် ဆိုရင်တော့လည်း ဝေဖန် ချင်သလို ဝေဖန်တယ်ဆိုရင်တော့လည်း ဒါလည်းဝေဖန်ကြပါ။ သူတို့မှာ Rights ရှိတာပဲ ဒီမိုကရေစီခေတ်မှာနော်။”

ကုလအတွင်းရေးမှုးဟောင်း ကိုဖီအာနန်ရဲ့ ရခိုင်အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ အစ္စလမ်ဘာသာဝင် ဦးအေးလွင်ကတော့ ထုတ် ပြန်လိုက်တဲ့ အစီရင်ခံစာအပေါ် ခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့အကြံပေးအဖွဲ့ကလည်း မကြာခင်မှာ အလွန်ဆုံး ဖေဖဝါရီပေါ့နော် ကျနော်တို့ ဒီလိုပဲ အစီရင်ခံစာတင်ဖို့ရှိပါတယ်။ အဲဒီတော့ သူတို့ထုတ်လိုက်တဲ့ ဒီ Report က လေ့လာရမှာပဲ။ ကျနော်မှတ်ချက်တွေ၊ ကောက်ချက်တွေတော့ မပေးချင်ပါဘူး။ ကျနော်တို့က လေ့လာစုံစမ်းမှုမလုပ်ခင်၊ ကျနော်တို့က အကြံပေးဖို့အတွက် အချက်အလက်တွေ စုစောင်းတာရှိပါတယ်။ ကျနော်တို့ အဲဒီ အကြံပြုတဲ့အခါမှပဲ အဲဒါ ပါလာတာလေးကို တွေ့ရမှာပါ။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တိုက်ခိုက်ခံရမှုဟာ နှစ်ရှည်စီမံချက်ရေးဆွဲပြီး စနစ်တကျကျူးလွန်ဖို့ လုပ်ဆောင်ထားတာဖြစ် ကြောင်းနဲ့ ဘာသာရေး၊ လူမှုရေး အစွန်းရောက်တွေက နိုင်ငံတကာက ဘာသာရေး အစွန်းရောက် အဖွဲ့တွေ ရဲ့ငွေကြေးထောက်ပံံ့ မှုကိုယူကာ အကြမ်းဖက်လုပ်ဆောင် တာဖြစ်တယ်ဆိုပြီး အစိုးရဲ့ထုတ်ပြန်ခဲ့ဖူးတာကို ကော်မရှင်က ထပ်လောင်းအတည်ပြုပါတယ်။

စုံစမ်းစစ်ဆေးချက်အရ နိုင်ငံတကာစွပ်စွဲထားသလို လုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီ ကျေးရွာများမှာ လူမျိုးတုံးသတ် ဖြတ်မှုများနဲ့ အဓမ္မပြုကျင့်မှုများ ပြုလုပ်တယ် ဆိုတာမျိုး မတွေ့ရသလို ဘာသာရေးအရ ဖိနိပ်ချုပ်ချယ်မှုလည်း မရှိကြောင်း ဘင်္ဂါလီဦးရေ၊ ဗလီ၊ ဘာသာရေးအဆောက်အဦးတွေဟာ တိုးပွားနေတာတွေ က နိုင်ငံတကာပြောဆိုမှုဟာ စွပ်စွဲမှု သတ်သတ်ဖြစ်တယ်ဆိုတာ သက်သေ ပြီနိုင်တယ် လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ မွတ်ဆလင်အမျိုးသမီးအချို့ကို ကော်မရှင်အဖွဲ့ဝင်တွေ စစ်ဆေးစဉ် တွေ့ရှိချက်နဲ့၊ အဲဒီအမျိုးသမီးတွေကိုပဲ သတင်းထောက်တွေ က မေးမြန်းစဉ် ပြောဆိုချက်တွေ ကွာဟနေတာကြောင့် ဒီလို မတရားပြုကျင့်ခံရသူတွေရှိရင် တိုင်ကြားဖို့နဲ့ ဥပဒေအရ အရေးယူမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ မွတ်ဆလင်ကျေးရွာသားအချို့ကို လုံခြုံရေးတပ်ဖွဲ့တွေက ရိုက်နှက်နေတဲ့ ဗွီဒီယိုခွေ ထွက်လာတာကြောင့် ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ က စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေရပါတယ်။

လက်ရှိမောင်တောလုံခြုံရေး၊ ဒေသခံရခိုင်တိုင်းရင်းသားတို့ရဲ့ဒီအစီရင်ခံစာပေါ်အမြင်တို့နဲ့ပတ်သတ်လို့ မောင်တောရခိုင်အမျိုးသား ပါတီဥက္ကဌ ဦးခင်မောင်သန်း ကခုလိုပြောပါတယ်။

“ဟုတ်ကဲ့ သူတို့ထုတ်ပြန်တာက တိကျမှုရှိပါတယ်။ အဲဒီလို သေသေချာချာ စုံစမ်းပြီးတော့ ထုတ်ပြန်တဲ့အတွက် ကျနော်တို့လည်း ထောက်ခံတဲ့ သဘောရှိပါတယ်။ လုံခြုံရေးကတော့ စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးက အခုလောလောဆယ်က ဘာမှမဖြစ်ရင်တော့ ဒီအတိုင်းထိန်းချုပ်ရလွယ်တယ်။ ဆူပူမှုတွေ ဖြစ်လာရင်တော့ ကျနော်တို့ ထိန်းနိုင်မယ့်အနေအထားမျိုးမရှိဘူး၊ အခုလုံခြုံရေးကလည်း အတွေ့အကြုံနည်းတဲ့ လူတွေပါလာတော့ ဒီမောင်တောမြို့နယ်ကို ထိန်းပေးမယ့်အနေအထားကတော့ လွယ်မယ်မထင်ဘူး။”

မောင်တောလုံခြုံရေးကတော့ စိုးရိမ်နေရဆဲပါ။ အစ္စလမ်ဘာသာဝင်အချို့ကို အစိုးရသတင်းပေးလို့စွပ်စွဲ သတ်ဖြတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အစိုးရထုတ်ပြန်ချက်အရ အသတ်ခံရသူများအနေနဲ့ အောက်တိုဘာ ၅ ရက်နေ့ကနေ ဇန်နဝါရီလထိ အမျိုးသား ၈ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရှိသူ သုံးဦးရှိခဲ့ပြီး အမျိုးသား ၂ဦးကိုတော့ အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင် ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အသတ်ခံခဲ့ရသူတွေ ထဲမှာ ဒီသတင်းပတ်ထဲမှာတင် ၃ဦးအသတ်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာမပေါ်သေဆုံး သူတယောက်နဲ့ ပျောက်နေသူ တယောက်လဲရှိနေပါတယ်။ ဒီအကြမ်းဖက်မှုနဲ့ ဆက်နွယ်ပြီး တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှုအတွက် ဖမ်းဆီးခဲ့ပြီး အမှု ၂၈ မှုကို တရားရုံးတင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဖမ်းထားသူ ၁၀ ဦးကတော့ သက်သေခိုင်လုံခြင်း မရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG