သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန် ကွန်ဆာဗေးတစ် ပါတီ ၀န်ကြီးချုပ် အနေနဲ့ အစိုးရသစ် တရပ် ဖွဲ့စည်းနိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက်ပြည့်အောင် ဖြည့်ပေးခဲ့တဲ့ မြောက်ပိုင်း အိုင်ယာလန်ရဲ့ Democratic Unionist ပါတီ DUP နဲ့ သဘောတူညီချက် တရပ်ရအောင် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ယုံကြည်မှုနဲ့ ထောက်ပံ့ရေး သဘောတူညီချက်ကို အပြီးသတ် ဆွေးနွေးနေပြီး ဒီသတင်းပတ်မှာ သဘောတူညီချက် ထွက်လာမယ့် အခြေအနေ ရှိပါတယ်လို့ ၀န်ကြီးချုပ် Theresa May ရဲ့ ရုံးက ဒီကနေ့ ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယုံကြည်မှုနဲ့ ထောက်ပံ့ရေး သဘောတူညီချက်က အပြည့်အ၀ ညွန့်ပေါင်းဖွဲ့တဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ DUP အနေနဲ့ အစိုးရ အသုံးစာရိတ်နဲ့ အစိုးရ အပေါ် ယုံကြည်မှု အဆိုတွေမှာ ထောက်ခံပေးသွားမှာ ဖြစ်ပေမယ့် တခြား ကိစ္စတွေကိုတော့ အကြောင်းအရာပေါ်မှာ မူတည် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ ဆွေးနွေးပွဲတွေ အခြေအနေ ကောင်းတယ်လို့ DUP ကလည်း ကြေညာချက် ထုတ်ပါတယ်။

ဝန်ကြီးချုပ် May အနေနဲ့ အစိုးရသစ် ဖွဲ့နိုင်ဖို့ လွှတ်တော် အမတ်နေရာ ၃၂၆ နေရာ လိုအပ်ပေမယ့် ၃၁၈ နေရာဘဲ အနိုင်ရခဲ့တာပါ။ DUP က အမတ်နေရာ ၁၀ နေရာ အနိုင်ရထားတာပါ။ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဘုရင်မ Elixabeth က အစိုးရရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပေးမှာကြောင့် ဒီရက်မှာ သဘောတူညီချက် ရပြီးသား ဖြစ်ဖို့ လိုအပ်နေတာပါ။ နောက် ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး ဆွေးနွေးပြောဆိုဖို့ ကလည်း ၁၀ ရက်လောက်ဘဲ လိုတော့တာပါ။

ဗြိတိန် အနေနဲ့ မူလ စီစဉ်ထားတဲ့ အတိုင်း ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ဂျာမန် ၀န်ကြီးချုပ် Angela Merkel ကို ဗြိတိန် ၀န်ကြီးချုပ် May က အတည်ပြုထားပြီး ဖြစ်ပါတယ်။ မနေ့ စနေနေ့တုန်းကတော့ ၀န်ကြီးချုပ် May ရဲ့ ထိပ်တန်း လက်ထောက် နှစ်ဦး နုတ်ထွက်သွားပါတယ်။ သတင်းမီဒီယာတွေ အဆိုအရတော့ ၀န်ကြီးချုပ် အနေနဲ့ ရာထူးမှာ ဆက်ပြီး မြဲချင်တယ်ဆိုရင် ဒီလူတွေကို ဖယ်ရှားပစ်ဖို့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ပိုင်းက တောင်းဆိုခဲ့ကြတယ်လို့လည်း ဖော်ပြနေကြပါတယ်။

XS
SM
MD
LG