သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှု သေဆုံးသူတွေကို ရည်စူးပြီး၊ ဗြိတိန်နိုင်ငံ အဝန်း ဂါရဝပြု


လန်ဒန်မြို့မှာ စနေနေ့က အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေကို ရည်စူးပြီး၊ ဗြိတိန်နိုင်ငံ တနိုင်ငံလုံးမှာ ဒီကနေ့ ငြိမ်သက် ဂါရဝပြုခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်သူတွေထဲက တတိယမြောက်တဦးရဲ့ အမည်ကို ကြေညာခဲ့သလို၊ အဖမ်းအဆီးလည်း ရှိခဲ့ပါတယ်။

တိုက်ခိုက်မှု ကျုးလွန်သူတွေထဲက တတိယလူဟာ အသက် ၂၂ နှစ်အရွယ် Youssef Zaghba ဆိုသူဖြစ်ကြောင်း ထောက်လှမ်းရေး အရာရှိတွေက ယုံကြည်ထားတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောဆိုလိုက်တာပါ။ လန်ဒန်အရှေ့ပိုင်းမှာ နေထိုင်ခဲ့သူ မော်ရိုကိုနွယ်ဖွား အီတလီနိုင်ငံသားတဦးအဖြစ် ယူဆထားပြီး၊ ရဲတပ်ဖွဲ့ ဒါမှမဟုတ် ဗြိတိသျှထောက်လှမ်းရေး MI-5 က စောင့်ကြည့်နေသူတဦးတော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်သူ နောက် ၂ ဦးကတော့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ အသက် ၂၇ နှစ်အရွယ် Khuram Shazad Butt ဆိုသူနဲ့ အသက် ၃၀ အရွယ် Rachid Reouane ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က မနေ့တုန်းကပဲ ကြေညာထားတာပါ။ အခုနောက်ဆုံး တိုက်ခိုက်မှုကို စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်း ကြိုတင်ရရှိခဲ့တာမျိုး မရှိခဲ့ကြောင်းနဲ့ စုံစမ်းဖော်ထုတ်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေကြောင်းလည်း ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့မှာပဲ အကြမ်းဝါဒ တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက Barking အရပ်မှာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပေမယ့်၊ လူ ၇ ယောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဘယ်လို ဆက်နွယ်နေသလဲ ဆိုတာကိုတော့ မပြောပါဘူး။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေအတွင်း အစောပိုင်းမှာ အာဏာပိုင်တွေက လူ ၁၂ ယောက်ကို ဖမ်းဆီးခဲ့ပေမယ့်၊ အားလုံးကို တစုံတရာ အရေးမယူပဲ ပြန်လွှတ်ပေးလိုက်ကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိနိုင်ဖို့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Theresa May က ပြောဆိုထားပေမယ့်၊ ဒီအထဲမှာ နိုင်ငံခြားသားတွေ ပါဝင်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

စနေနေ့က တိုက်ခိုက်မှုမှာတော့၊ အမျိုးသား ၃ ယောက်ဟာ ဗင်ကားတစင်းနဲ့ လန်ဒန်တံတားပေါ်က လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့ပြီး၊ ဒီနောက်မှာတော့ ကားထဲကထွက်ပြီး အနားမှာရှိနေတဲ့ ဈေးထဲကလူတွေကို ဓားနဲ့လိုက်ထိုး တိုက်ခိုက်ခဲ့ရာက ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့တာပါ။ IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG