သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် နည်းပါးလာဟု မြန်မာသတင်းသမားများ ဆွေးနွေး


၆ကြိမ်မြောက်ကျင်းပတဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ။
၆ကြိမ်မြောက်ကျင်းပတဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ။

NLD အစိုးရလက်ထက်မှာ မြန်မာမီဒီယာတွေရဲ့ သတင်းရယူနိုင်မှု လွတ်လပ်ခွင့်နှုန်းဟာ အရင်ဦးသိန်းစိန် အစိုးရလက်ထက်ကထက်ပိုပြီးခက်ခဲမှုတွေရှိလာ တယ်လို့ သတင်းသမားတွေက ထောက်ပြလာတာတွေရှိပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သတ်လို့ လက်ရှိအစိုးရရဲ့ ကူညီပံ့ပိုးမှုအပေါ် မေးခွန်း ထုတ်စရာတွေရှိနေဆဲလို့ သုံးသပ်တာတွေလည်းရှိနေသလို လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကနေ အခွင့်အလမ်းကောင်းတွေရရှိနိုင်မယ်လို့ ယုံကြည်နေ သူတွေလည်းရှိပါတယ်။ ဒီကနေ့ ၆ကြိမ်မြောက်ကျင်းပတဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မေခက တင်ပြထားပါတယ်။

ဒီကနေ့ ၆ကြိမ်မြောက်ကျင်းပတဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကိုရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့တာမှာ ဆွေးနွေးပွဲ တက်ရောက် လာတဲ့ သတင်းသမားတွေက အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။ ဒီလိုကျင်းပတာ မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနပိုင်းက တာဝန်ရှိသူ ပြည်ထောင် စုဝန်ကြီး ဦးဖေမြင့် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တက်ရောက်ဖို့ဖိတ်တာမှာလဲ တက် ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီဆွေးနွေးပွဲမှာ မီဒီယာဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍပေါင်းစုံကို ၁ ရက်ခွဲကြာကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိ မြန်မာမီဒီယာတွေရဲ့ သတင်းရယူနိုင်မှု ဟာ အရင်အစိုးရလက်ထက်ကထက် ပိုမိုခက်ခဲလာတယ်လို့ တင်ပြလာတာတွေရှိသလို သတင်းရယူနိုင်ခွင့်မှာ လည်း အရင်ကထက် ပိုခက်ခဲလာတာတွေရှိတယ်လို့ တင်ပြလာတာတွေရှိပါ တယ်။ မော်ကွန်း သတင်းဌာနက ကိုဇေယျာလှိုင်က လက်ရှိသတင်းရယူမှုပိုင်းနဲ့ ပတ်သတ်လို့ သတင်းသမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်လို့ အခုလိုပြောပြတာပါ။

" အဲ့တော့ ငါတို့ရွေးချယ်လိုက်တဲ့အစိုးရ ငါတို့ သတင်းအချက်အလက်ရမယ်လို့ ထင်လိုက်တာ တက်တက်စင်အောင် လွဲတယ်ဆိုတာ ကျနော်တို့ စတွေ့ရတယ်။ ဆိုတော့ ရန်ကုန်တိုင်းအစိုးရကနေ သတင်းရရှိဖို့ အရမ်းခက်သွားတယ်။ ဒီအတိုင်းပဲ တချို့ ဝန်ကြီးဌာနတွေမှာလည်းပဲ သတင်းရရှိဖို့ ခက်တယ်။ နောက်တခုက အစိုးရနဲ့ပတ်သက်တဲ့ ပေါ်လစီနဲ့ပတ်သက်တဲ့ သတင်းမျိုးတွေ အချက်အလက်မျိုးတွေကို ဘယ်သူက ပေးမှာလဲပေါ့ သမ္မတရုံးကပေးမှာလား နိုင်ငံတော်အတိုင်ပင်ခံရုံးက ပေးမှာလား ပြန်ကြားရေးက ပေးမှာလား အဲ့တာလည်း ရှုပ်ထွေးပြီးလိုင်းကမပြတ်ဘူးဖြစ်နေတယ်။ မေးတိုင်းလည်း မရဘူး။ ဒီနေ့ပွဲမှာလည်း ပြန်ကြားရေးဝန်ကြီးဌာနဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေ မလာဘူးပေါ့။ ခြောက်ကြိမ်မြောက်မှာ ပထမဆုံး ဝန်ကြီး မလာတဲ့ပွဲပေါ့။ သတင်းရယူမှုတွေက ခက်လာတယ် ကန့်သတ်မှုတွေ များလာတယ်။ အဲ့တာကတော့ ဆိုးရွားတဲ့လုပ်ရပ်တွေပေါ့။ "

လတ်တလောမှာ အစိုးရကို ဝေဖန်ရေးသားခဲ့မှုနဲ့ပတ်သတ်လို့ အစိုးရဘက်က တရားစွဲဆိုမှုတွေကလည်း အရင်အစိုးရလက်ထက်ကထက် ပိုမိုများလာတာ တွေလည်း ရှိနေပါတယ်။ လက်ရှိ အစိုးရဘက်က သတင်းရေးသားလို့မဟုတ်ဘဲ သရော်စာရေး သားမှုကြောင့်နဲ့တင် အစိုးရဘက်ရဲ့ တရားစွဲဆိုခြင်းခံထားရတာ တွေလည်းရှိပါတယ်။

အစိုးရရဲ့တရားစွဲဆို ခံထားရတဲ့ ထားဝယ်တိုင်းမ် သတင်းဌာန မအေးအေးဇင်ကတော့ လတ်တလော သတင်းရယူခွင့်နဲ့ပတ်သတ်လို့-

" မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဒီအစိုးရမှာ ပြောပိုင်ခွင့်ရှိတယ် ဒီအစိုးရမှာ ပိုပြီးတော့ မေးလို့ရတယ် ဒီအစိုးရက ပိုပြီး ပွင့်လင်းမယ်လို့ အဲ့လိုအချိန်မှာ ကျမတို့ အဟန့်တခု ခံသွားသလို ခံစားရတာပေါ့။ ဒါကတော့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို ထိပါးသလိုဖြစ်သွားတာပေါ့။ ဝန်ကြီးချုပ်ကတော့ ဘာကြောင့်စွဲတယ်မသိဘူး ဒါပေမဲ့ ကျမတို့ကတော့ သရော်စာတခုအနေနဲ့ ရေးသားဖော်ထုတ်လိုက်တာပဲ။ စာရေးသူက သူ့ရဲ့အိုင်ဒီယာ သူ့ရဲ့စိတ်ကူးနဲ့ရေးလိုက်တာပဲ ဒါပေမဲ့ အခုလို တရားစွဲလိုက်တဲ့ အခါကျတော့ အရင်နဲ့ပြန်စဉ်းစားတော့ ဟာ အရင်လောက်တောင်မှ မလွတ်လပ်ပါလား ဆိုတဲ့ဟာမျိုးပေါ့ ကျမတို့ အဲ့တာမျိုးကို ပြန်ပြီးတော့ စဉ်းစားမိသွားတာရှိပါတယ်။"

မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေးပိုင်းမှာ တာဝန်ယူထားတဲ့ အင်တာနယူး ဌာနရဲ့ ရန်ကုန်ရုံး တာဝန်ခံ မိုက်ကယ်ပန်ကတော့ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေ ကနေ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်အောင် လုပ်ဆောင်ဖို့ ခုလိုတိုက်တွန်းခဲ့ပါတယ်။

" ကျနော်တို့အနေနဲ့ကတော့ အဓိကကတော့ အတိတ်ကို မကြည့်ပဲနဲ့ အနာဂတ်ကို ကြည့်တာ ကောင်းမယ်ထင်ပါတယ်။ အထူးသဖြင့် အခုလက်ရှိရောက်နေတဲ့နေရာမှာဆိုရင် စိန်ခေါ်မှုတွေရှိတယ် အထူးသဖြင့် ပုံနှိပ်မီဒီယာတွေဘက်မှာ အခက်အခဲတွေ အများကြီးပေါ့နော် လွတ်လပ်တဲ့ ပုဂ္ဂိုလိက မီဒီယာတွေမှာ ခက်ခဲနေတယ် တိုင်းရင်းသား မီဒီယာတွေ အနေနဲ့ ရုန်းကန်နေရတဲ့အနေအထားတွေ ရှိတယ်။ ဒါက လောလောဆယ် စိန်ခေါ်မှုပေါ့နော်။ တဖက်မှာကျတော့လည်း အခွင့်အလမ်းလည်းဖြစ်လာတယ်။ အင်တာနက် ထိုးဖောက်လာတယ် ဒီဂျစ်တယ်ပလက်ဖောင်းအသစ်တွေ လှုပ်ရှားခွင့် ပိုရလာတယ်။ အဲ့တာကြောင့် မြန်မာ့မီဒီယာတွေရဲ့စိန်ခေါ်မှုတွေ ချည်းပဲ မကြည့်ပဲနဲ့ပေါ့လေ ဆက်ပြီးတော့ ဘယ်လိုအခွင့်အလမ်းတွေရအောင် ဘယ်လိုလုပ်မလဲ ဘယ်လိုထိုးဖောက်ကျော်လွှားမလဲပေါ့ အဲ့လိုမျိုး ကြည့်မယ်ဆိုရင်တော့ ရှေ့မှာကြည့်မယ်ဆိုရင်တော့ အလားအလာကောင်းတွေရှိနိုင်ပါတယ်။"

ဒီကနေ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကို မနက်ဖြန်လည်း ဆက်လက် ကျင်းပသွားဦးမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG