သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်း အချက်အလက်ရယူပိုင်ခွင့်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ


People protest in Mandalay, Myanmar in this picture obtained from social media dated May 16, 2021. PHOTO OBTAINED BY REUTERS/via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY.
People protest in Mandalay, Myanmar in this picture obtained from social media dated May 16, 2021. PHOTO OBTAINED BY REUTERS/via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY.

ပြည်သွေးနိုင် အပတ်စဉ် တင်ဆက်နေတဲ့ ကမ္ဘာ့မြန်မာ့ သတင်းမီဒီယာမြင်ကွင်းကို ကြည့်ရှုနားဆင်ဖို့ အချိန်ရောက်ပါပြီ။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက် သတင်း အချက်အလက်ရယူပိုင်ခွင့် ဆိတ်သုဉ်းနေတာနဲ့ပတ်သက်လို့ သုံးသပ်ဆွေးနွေးထားပြီး မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံတွင်းမှာ သတင်းမီဒီယာသမားတွေ သတင်းရယူနိုင်ဖို့ပိုခက်ခဲလာသလို သတင်းသမားတွေအတွက် အန္တရာယ်လည်း ပိုများလာတယ်ဆိုတာကတော့အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ဖေဖော်ဝါရီလ(၁)ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းသတင်းမီဒီယာသမား ၁၂၀ ကျော် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ်လို့ အခုအချိန်ထိ သတင်းမီဒီယာသမား ၄၀ ခန့် ကို ဖမ်းဆီးအကျဉ်းချထားဆဲပါ။ ဒါကိုကြည့်ရင် သတင်းမီဒီယာသမားတွေအတွက် ဘယ်လောက်ခက်ခဲပြီး အန္တရာယ်ကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ လောလောဆယ် မြန်မာနိုင်ငံအတွင်း သတင်းသမားတွေ၊ သတင်းဌာနတွေ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုတော့ စစ်တပ်က အာဏာမသိမ်းခင်အထိ မီဒီယာကောင်စီမှာ တာဝန်ယူခဲ့တဲ့ ဦးမြင့်ကျော်က အခုလို ပြောပါတယ်။

" ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေရဲ့ နံပါတ်(၁) အခက်အခဲက ဘေးအန္တရာယ်ကင်းရှင်းရေးပေါ့။ သတင်းထောက်အလုပ်က အဖမ်းခံရနိုင်တယ်ဆိုတဲ့ အနေအထားက အားလုံးအတွက် ဖြစ်နေတယ်။ ဒီလိုအနေအထားမှာ သတင်းထောက်အလုပ်ကို ဆက်လုပ်မလား၊ စွန့်လွှတ်မလားပေါ့။ စစ်အာဏာသိမ်းပြီးနောက်မှာ သတင်းထောက်တိုင်းကို မေးတယ်။ တချို့လည်း သတင်းထောက်အလုပ်ကိုစွန့်လွှတ်လိုက်ကြတယ်။ တချို့လည်း ဆက်လုပ်ကြတယ်။ အဲလို ဆက်လုပ်ကြရင် ဘယ်မှာလုပ်တယ်ဆိုတာအသိခံလို့ မရဘူး။ ကိုယ်မေးရမယ့် သတင်း Source တွေက ကိုယ်ဘယ်ဌာနမှာ၊ ဘယ်သတင်းလုပ်တယ်ဆိုတာ သိသွားရင် အန္တရာယ်ကျရောက်နိုင်တဲ့အတွက် သတင်း Source တွေကို ရွေးချယ်ပြီး မေးရတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေလို့လည်း မရဘူး။ တခြားမှာ ပုန်းရှောင်နေရတဲ့သဘောရှိတယ်။ နောက်တစ်ခုကတော့ သတင်းအလုပ် လုပ်နေတဲ့သူတိုင်း လစာရကြတာ မဟုတ်ဘူး။ သတင်းဌာနတွေ ဝင်ငွေ မရှိကြတော့ဘူး။ အချို့သတင်းဌာနတွေ၊အွန်လိုင်းသတင်းဌာနတွေဟာ စေတနာ့ဝန်ထမ်းလုပ်နေကြရတဲ့သူတွေ အများကြီး။အန္တရာယ်ရှိတယ်။ လစာလည်းမရဘူးဆိုတဲ့ အခက်အခဲ ရှိတယ်။"

ဟုတ်ပါတယ်။ သတင်းသမားအများစုဟာ ပုံမှန်ဝင်ငွေ မရကြတဲ့အပြင် ကြီးမားတဲ့အန္တရာယ်နဲ့ လည်း ရင်ဆိုင်နေကြရတာပါ။ ဒါ့အပြင် သတင်းဌာနတွေဟာလည်း တရားဝင်ရပ်တည်ဖို့ ခက်ခဲလာသလို ဝင်ငွေအရလည်း
ရပ်တည်ဖို့ မလွယ်တဲ့အခြေအနေပါ။ အထူးသဖြင့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေဟာ အခြေအနေမှန်၊ သတင်းအမှန်တွေ တင်ပြနိုင်ဖို့အတွက် မြေအောက်တစ်ပိုင်းပုံစံနဲ့ရပ်တည်လှုပ်ရှားနေကြရတာပါ။ နည်းပညာအကူအညီနဲ့ Citizen Journalist (CJ)လို့ ခေါ်တဲ
နိုင်ငံသားသတင်းထောက်တွေကြောင့်သာ ပြည်သူလူထုထံကို သတင်းတွေအဆက်မပြတ်
ပေးပို့နေနိုင်ကြတာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ သတင်းရယူပိုင်ခွင့် Rights of Access to Information အကြောင်းကိုအနည်းငယ် တင်ပြလိုပါတယ်။ Right to Information (RTI)လို့လည်းသုံးလေ့ရှိပါတယ်။ယေဘုယျအားဖြင့် သတင်းအချက်အလက် ရရှိပိုင်ခွင့်ဆိုတာအစိုးရအဖွဲ့အစည်း၊ဌာနဆိုင်ရာတွေက ထိန်းသိမ်းထားတဲ့ အချက်အလက်များ(ဥပဒေအရ ခြွင်းချက်အဖြစ် သတ်မှတ်ထားသော သတင်းအချက်အလက်များမှအပ) ကို အများပြည်သူက တောင်းခံရယူပိုင်ခွင့်၊သိရှိပိုင်ခွင့်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ သတင်းအချက်အလက်ရယူပိုင်ခွင့်ကို အခြေခံလူ့အခွင့်အရေးတစ်ရပ်အဖြစ်လည်း အသိအမှတ်ပြုထားကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာတော့ သတင်းအချက်အလက်ရယူပိုင်ခွင့်ကို သီးခြားဥပဒေပြဋ္ဌာန်းပြီးသော်လည်းကောင်း၊ အခြေခံဥပဒေမှာထည့်သွ င်းပြဋ္ဌာန်း ပြီးတော့သော် လည်းကောင်း အာမခံချက်ပေးထားလေ့
ရှိပါတယ်။ သတင်းရယူပိုင်ခွင့် ဥပဒေကို လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀)ကတည်းက ဆွီဒင်နိုင်ငံမှာ စတင်ပြဋ္ဌာန်းခဲ့တာပါ။ အခုလက်ရှိအချိန်မှာ နိုင်ငံပေါင်း (၁၁၀)ကျော်မှာ သတင်းရယူပိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းထားကြပါပြီ။

သတင်းရယူပိုင်ခွင့်ဟာ အရေးကြီးသလား။ သတင်းအချက်အလက် ရယူပိုင်ခွင့်ဥပဒေကို ဘာလို့ ပြဋ္ဌာန်းဖို့ လိုအပ်တာလဲဆိုတော့ RTI Law ပြဋ္ဌာန်းနိုင်ရင် ပွင့်လင်းမြင်သာမှု ပိုမိုရှိလာပြီး အဂတိလိုက်စားမှုတွေကိုထိရောက်စွာ လျှော့ချနိုင်သလို၊ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ သိရှိလာတာကြောင့် အစိုးရရဲ့
ဆုံးဖြတ်ချက်တွေ၊ မူဝါဒရေးရာတွေမှာ ပိုမိုပူးပေါင်းပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင်လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း လျော့နည်းလာနိုင်ပြီးတော့ အစိုးရတွေအနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပိုမိုကောင်းမွန်လာနိုင်စေပါတယ်။ ဒါပေမဲ့ အဲဒီလို အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနိုင်တဲ့ RTI Law မြန်မာနိုင်ငံမှာတော့
ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ RTI Law ပေါ်ပေါက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဦးဆောင်ကြိုးပမ်းခဲ့တာ ရှိပါတယ်။ ဒါပေမဲ့မူကြမ်း(Draft)အဆင့်သာရောက်ရှိခဲ့ပြီး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်တဲ့အဆင့်အထိတော့ မရောက်ရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ RTI Law မရှိသေးတဲ့အပြင် အလွန်ပြင်းထန်တင်းကျပ်တဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ(Burma Official Secret Act )ကို ကျင့်သုံးနေတာတွေ့ရပါတယ်။ ၁၉၂၃ ခုနှစ်၊အိန္ဒိယအက်ဥပဒေအမှတ် ၁၉ လို့ လည်းခေါ်ပါတယ်။၁၉၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၉၈ နှစ်က ဗြတိသျှကိုလိုနီဘဝက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေပါ။ ဒီဥပဒေနဲ့အတော်ဆင်တူတဲ့ဥပဒေကိုဗြိတိသျှကိုလိုနီဖြစ်ခဲ့ကြတဲ့ သြစတေးလျ၊ အိန္ဒိယ၊ မလေးရှားနဲ့ စင်ကာပူတို့မှာလည်း ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ ဥပဒေကို ပြင်ဆင်ခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံမှာလောက် ပြင်းထန်တင်းကျပ်ခြင်း မရှိပါဘူး။ သြစတေးလျနဲ့ စင်ကာပူတို့မှာ မူလဥပဒေကို အတော်လေး ပြင်ဆင်အသုံးပြုခဲ့ကြပါတယ်။အိမ်နီးချင်း အန္ဒိယနိုင်ငံမှာတော့ ၁၉၉၀ ကျော်ကာလတွေမှာ RTI Lawပေါ်ပေါက်လာတဲ့အတွက် အစိုးရလျှို့ဝှက်ချက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရလျှို့ဝှက်ချက်ဥပဒေလို့ပြဋ္ဌာန်းထားတဲ့ ၁၉၂၃ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၁၉ ကို စတင်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေရဲ့ မူလရည်ရွယ်ချက်ဟာ သူလျှို(Spy)တွေအတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့တာလို့ဆိုပါတယ်။

အဲဒီလို ရည်ရွယ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို မြန်မာနိုင်ငံမှာတော့ သတင်းသမားတွေကိုတရားစွဲဆိုအပြစ်ပေးတဲ့အခါမှာ သုံးစွဲသလို၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထားသုံးစွဲနေတာမျိုး တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ကျူးလွန်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ရွာလူသတ်မှုဖြစ်စဉ်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ကို အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။အဲဒီလိုပါပဲ၊ အခုလောလောဆယ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့စီးပွါးရေးအကြံပေး သြစတေးလျနိုင်ငံသားရှောင်တာနယ် တို့ကိုလည်းမြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။ ဒီလို ၁၉၂၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ခေတ်မမီတော့တဲ့ ပြင်းထန် တင်းကျပ်လွန်းတဲ့ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ နိုင်ငံတကာမှာတော့လျှို့ဝှက်ချက်ဥပဒေတွေဟာ Freedom of Expression လို့ခေါ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းအချက်အလက်ရယူပိုင်ခွင့် RTI ဥပဒေတွေကြောင့် အမျိုးသားလုံခြုံရေးဥပဒေတွေရှိပေမဲ့
ပြင်းထန် တင်းကျပ်လွန်းတဲ့ အနေအထား မရှိပါဘူး။အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့၊ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာတော့ သတင်းရယူပိုင်ခွင့်၊ သတင်းအချက်အလက်သိပိုင်ခွင့်တွေကို အလေးထားကြပေမဲ့ အာဏာရှင်အုပ်စိုးတဲ့နိုင်ငံတွေ၊ အထူးသဖြင့်အာဏာရှင် အုပ်ချုပ်တဲ့နိုင်ငံတွေမှာတော့
အဲဒီလိုအခွင့်အရေးတွေ မရရှိနိုင်ကြပါဘူး။ ဒါကြောင့် Rights of Access to Information နဲ့အစိုးရရဲ့လျှို့ဝှက်ချက်ဥပဒေ၊အမျိုးသားလုံခြုံရေးဥပဒေတို့ အားပြိုင်မှု၊ အငြင်းပွါးမှုတွေကတော့ဆက်ရှိနေဦးမှာပါ။ဒီမိုကရေစီအရင့်အမာ အမေရိကန်ပြည်ထောင်စုမှာတောင် သတင်းအချက်အလက်
ရယူပိုင်ခွင့်နဲ့ အစိုးရအဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေအကြား အငြင်းပွါးမှု၊ ကြားနာမှုတွေ ပြုလုပ်နေတာကို ကြားသိနေရပါတယ်။ မြန်မာနိုင်ငံလို စစ်တပ်က အာဏာသိမ်းထားတဲ့ ခုလိုအချိန်မှာတော့သတင်းရယူပိုင်ခွင့်၊ သတင်းအချက်အလက်သိပိုင်ခွင့်တွေ လိုအခွင့်အရေးတွေ ရဖို့ဘယ်လိုမှ မမျှော်လင့်နိုင်ကြောင်းပါခင်ဗျား။

====================










XS
SM
MD
LG