သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ရပ်တန့်ရေး ချက်ခြင်း အရေးယူဆောင်ရွက်ဖို့လို (ကုလ လူ့အခွင့်အရေးမဟာမင်းကြီး)


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet။

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို ဖိနှိပ်သတ်ဖြတ်နေတာ ရပ်တန့်စေဖို့ နိုင်ငံတွေအနေနဲ့ ခိုင်မာပြီး ထိရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေ ချက်ခြင်း ချမှတ်လုပ်ဆောင်ကြဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

"ပြစ်တင်ရှုတ်ချတဲ့ ထုတ်ပြန်ချက်တွေ၊ အကန့်အသတ်နဲ့ ပစ်မှတ်ထား အရေးယူတာတွေဟာ လုံလောက်မရှိဘူးဆိုတာ ရှင်းပါတယ်။ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ခြေရှိတဲ့ လုပ်ရပ်တွေ ရပ်တန့်စေရေး သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို တညီတညွတ်ထဲ ချက်ခြင်း ဖိအားပေးဖို့ လိုပါတယ်။" လို့ Michelle Bachelet ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေတာကနေ ဆီးရီးယားမှာဖြစ်ခဲ့သလို ပြည်တွင်းပဋိပက္ခကြီးဖြစ်တဲ့အထိ အရှိန်တက်သွားမယ့်အရေး စိုးရိမ်ဖွယ်ရှိနေတယ်လို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့တွေအတွင်း ပဲခူးမြို့မှာ လူ ၈၂ ယောက်ထက်မနည်း အသတ်ခံခဲ့ရတာ အပါအဝင် နိုင်ငံတဝန်း နေရာအများအပြားမှာ ပစ်ခတ် သတ်ဖြတ်မှုတွေ တွေ့ခဲ့ရတဲ့အကြောင်း မြန်မာစစ်တပ်ဟာ စစ်ပွဲသုံးလက်နက်တွေကို ခွဲခြားသတ်မှတ်မှု မရှိ အသုံးပြုပြီး မြန်မာလူထုကို စာနာထောက်ထားမှု ကင်းမဲ့စွာ အကြမ်းဖက်နှိမ်နင်းမှု အရှိန်မြှင့်လုပ်သွားဖို့ ရည်ရွယ်ထားပုံရတယ်လို့ Michelle Bachelet ကပြောပါတယ်။

လူပေါင်း ၃,၀၈၀ ကို ဖမ်းဆီးထားပြီး လူ ၂၃ ယောက်ကို လ ျှို့ဝှက် တရားခွင် တင်ပြီးတဲ့နောက် သေဒဏ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေ ရထားကြောင်းလည်း Michelle Bachelet ကပြောပါတယ်။

"မြန်မာနိုင်ငံအခြေအနေဟာ တကယ့် ပဋိပက္ခကြီးတစ်ခုဆီ ဦးတည်နေတဲ့အပေါ် ကျမ စိုးရိမ်မိပါတယ်။ ဆီးရီးယားနဲ့ တခြားနေရာတွေမှာ ကြုံခဲ့ဖူးသလို လူတွေသေဆုံးရတဲ့ အမှားအယွင်းမျိုး ထပ်မဖြစ်အောင် နိုင်ငံတွေအနေနဲ့ လုပ်ဆောင်ဖို့လိုပါတယ်။" လို့ Michelle Bachelet ကပြောပါတယ်။

ဒီအခြေအနေဟာ ၂၀၁၁ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မလိုအပ်ဘဲ မမ ျှမတ အင်အားသုံး နှိမ်နင်းခဲ့တဲ့ ဆီးရီးယားဖြစ်ရပ်နဲ့ တထပ်တည်းကျနေတယ်လို့ Michelle Bachelet ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆီးရီးယားအစိုးရက ကိုယ့်လူထုကို ရက်ရက်စက်စက် နှိမ်နင်းတာကြောင့် တချို့လူတွေ လက်နက်ကိုင် တုံ့ပြန်ခဲ့ကြတာကနေ တနိုင်ငံလုံးမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့တာကို Michelle Bachelet က ထောက်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်ထဲ အခိုင်အမာတုံ့ပြန်မှု မရှိတာကြောင့် ဆီးရီးယားမှာသာမက တခြားနေရာတွေမှာပါ ဘေးဒုက္ခကြီး ကျရောက်နိုင်တယ်ဆိုတာ ၂၀၁၁ ခုနှစ်မှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက သတိပေးခဲ့တဲ့အကြောင်း၊ အရပ်သား သန်းပေါင်းများစွာအတွက် ဘယ်လောက်တောင်ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံခဲ့ရတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလက သက်သေပြခဲ့ပြီးဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

[Unicode Version]











XS
SM
MD
LG