သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေးတပ်ဖွဲ့ သတ်ဖြတ်မှု ထိတ်လန့်တုန်လှုပ်ဖွယ် (ကုလ ပြောခွင့်ရ Dujarric)


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujarric
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujarric

(Zawgyi/Unicode)

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဒီရက်ပိုင်း အကြမ်းဖက် သတ်ဖြတ်မှု သတင်းတွေဟာ စက်ဆုပ်ဖွယ်ရာ တုန်လှုပ်ဖွယ်ရာ ဖြစ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်သွားရေး အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ဖိအားပေးဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။

“အကြမ်းဖက်မှုတွေ ရပ်ပြီး ပြန်လည် ရင်ကြားစေ့ရေး အတွက် သက်ဆိုင်သူအားလုံး စေ့စပ်ဆွေးနွေးကြရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ရှင်းရှင်းလင်းလင်း တိုက်တွန်းထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ အရပ်သား အုပ်ချုပ်ရေးကို ပြန်သွားနိုင်အောင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက ဘက်ပေါင်းစုံက တွန်းအားပေး ဆောင်ရွက်ကြဖို့" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားတဲ့ အကြောင်း ပြောခွင့်ရ Stephen Dujarric က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံ ပြန်ပြီး ငြိမ်းချမ်း တည်ငြိမ်လာစေရေး နိုင်ငံတွင်း သက်ဆိုင်သူတွေ ဆောင်ရွက်လာစေဖို့ အတွက် ဒေသတွင်းနိုင်ငံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နိုင်ပြီး ပါဝင် ဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း အရှေ့တောင် အာရှ နိုင်ငံတွေကို သွားရောက်ပြီး မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကို ဆွေးနွေးနေပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကို ဒေသတွင်းနိုင်ငံတွေရဲ့ တသဘောတည်း ဆောင်ရွက်ချက်ကို အခြေခံပြီး ထိရောက်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှု တခု ဖြစ်လာအောင် ဆောင်ရွက်နိုင်ရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံများ အသင်းဝင် အာဆီယံ နိုင်ငံတွေဆီကို သွားရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို လာရောက်ဖို့ ကြိုးစားနေပေမယ့်လည်း မြန်မာ စစ်တပ်က ပြည်ဝင်ခွင့် မပေးသေးပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Schraner Burgener ကတော့ မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး အမြန်ဆုံး သွားနိုင်ရေး အဆင်သင့် ရှိနေကြောင်းလည်း ကုလသမဂ္ဂဘက်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ၇၀၇ ယောက် ရှိနေကြောင်း စိတ်ချ ယုံကြည်ရတဲ့ အစီရင်ခံချက်တွေမှာ ဖော်ပြထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တနလာၤနေ့မှာ ပြောဆိုပါတယ်။ အကြမ်းဖက်မှုတွေ အားလုံး ရပ်ဖို့လည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တောင်းဆိုထားပါတယ်။

"စိတ်ချယုံကြည်ရတဲ့ အစီရင်ခံချက်တွေ အရ မြန်မာ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ၇၀၇ ဦး ရှိနေပြီး ဒီထက် ပိုပြီး များနိုင်တယ်လို့ ယုံကြည်ရကြောင်း၊ ဒဏ်ရာရသူက ထောင်ချီ ရှိပြီး တချို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujarric က တနလာၤနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ် နှိမ်နင်းနေတာမှာ ပြီးခဲ့တဲ့ သောကြာနေ့နောက်ပိုင်း ဆန္ဒပြသူ ၉၃ ဦး သေဆုံးရကြောင်း သတင်းတွေက ဖော်ပြပြီး ဒီထဲက အများစုက ပဲခူးမြို့က ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို လက်နက်ကြီးတွေ အသုံးပြု ဖြိုခွဲနေတယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ အထူးဘဲ စိုးရိမ်ကြောင်းလည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ် နှိမ်နင်းမှုကြောင့် အရပ်သား ရာချီ သေဆုံးရတဲ့ အထဲမှာ အနည်ဆုံး ကလေးငယ် ၄၄ ဦး ပါဝင်ကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


........


(Unicode)










XS
SM
MD
LG