သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ COVID-19 ကူးစက်သူ မြန်မာနိုင်ငံသား ၅၀ ထက်မနည်းရှိ


မလေးရှားနိုင်ငံ Kuala Lumpur မြို့ (ဧပြီ ၁၅၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့ (ဧပြီ ၁၅၊ ၂၀၂၀)

(Zawgyi/Unicode)

မလေးရှားနိုင်ငံတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ မြန်မာနိုင်ငံသား ၅၀ အထိ တိုးလာတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မလေးရှားနိုင်ငံတွင်းမှာ တရားဝင်ရော၊ တရားမဝင်ရော မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်းရှိနေတဲ့အထဲ အခုဆိုရင် COVID-19 ရောဂါပိုးကူးစက်ခံရသူ မြန်မာနိုင်ငံသားတွေ ပို တိုးလာပါတယ်။ မလေးရှားနိုင်ငံ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ခံရသူ မြန်မာ ၅၀ အထိ ရှိလာတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးကအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ဗွီအိုအေကို ပြောပါတယ်။

"ရှိပါတယ်။ ပို တိုးလာတယ်။ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တာ ၃၀ အခု ၂၀ ထပ်တိုးလာပါတယ် ၅၀ ထိ တိုးလာပါတယ်။ တရားမဝင်လို့ဘဲ ပြောရမှာ ဆလာယန်းဘက်ကပါ။"

မလေးရှားနိုင်ငံ မြန်မာသံရုံးအနေနဲ့ မလေးရှားနိုင်ငံက စက်ရုံတွေကိုပညာပေးတာတွေကို ပြီးခဲ့တဲ့ လတွေက လုပ်ခဲ့သလို အခုအခါမှာတော့ တရားမဝင်နေထိုင်သူတွေက အကူညီတောင်းလာတဲ့အခါ စာသောက်ရေးကို သွားရောက်ကူညီတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

"သီးခြားခွင်ပြုမိန့်တွေယူပြီး အပြင်က တရားမဝင်တွေကို သွားရောက်လှူဒါန်းတာတွေ ရှိပါတယ်။ အခုလှူနေတဲ့ အဖွဲ့အစည်းတွေက တရားမဝင်နေထိုင်နေသူတွေကို သွားလှူနေကြတာပါ။ တရားဝင်တွေကတော့ သက်ဆိုင်ရာ အလုပ်ရှင်တွေနဲ့ မြန်မာအေဂျင်စီတွေ ချိတ်ဆက်ပြီး ကူညီပေးကြပါတယ်။ ကျနော်တို့ကိုလည်း တရားမဝင်လူတွေ အများကြီး ဆက်သွယ်လာပါတယ်။ တချို့တွေက တောထဲမှာပဲ စားစာရာသောက်စရာ မရှိဘူးဆိုတော့
အဲဒီအခါ အဲဒီနယ်မြေမှာရှိတဲ့ နာရေးကူညီမူ့အသင်းတွေနဲ့ ချိတ်ဆက်ပြီး သွားရောက်ကူညီခိုင်းတာတွေလည်း ရှိပါတယ်။"

COVID-19 အရေးပေါ်ကာလမှာ ရောဂါကူးစက်မှု မပြန့်ပွားအောင် တရားဝင် နိုင်ငံခြားသားအလုပ်သမားများကို မလေးရှားအစိုးရ စီမံခန့်ခွဲမှု ကောင်းပေမဲ့လည်း တရားမဝင်နေထိုင်သူတွေအတွက် အဓိကထားလုပ်ဖို့ လိုအပ်နေသေးကြောင်း မလေးရှားလုပ်ငန်းရှင် တွေက ပြောကြားကြပါတယ်။ တရားမဝင် အလုပ်သမားမျာတွေများတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ စစ်ဆေးဖို ့ခြေရာခံဖို့က ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ တရားမဝင်နေထိုင်သူတွေဟာ ကျဉ်းမြောင်းတဲ့ နေရာတွေမှာ စုပေါင်းနေထိုင်နေတာကြောင့် ရောဂါဖြစ်နိုင်ချေများနေတာပါ။

မလေးရှားမှာ တရားမဝင် အလုပ်သမား ၃.၃ သန်း ခန့် ရှိပြီး ဒီထဲမှာ မြန်မာကတော့ ၃၀၀,၀၀၀ ခန့် ရှိနေတာပါ။ မလေးရှားအစိုးအနေနဲ့တရားမဝင်နိုင်ငံခြားသားတွေကြား ရောဂါပြန့်ပွားမှုကို ပိုပြီးထိမ်းချုပ်ဖို့ မလေးရှားလုပ်ငန်းရှင်များအဖွဲ့ချုပ်က ဒီရက်ပိုင်းမှာပဲ သတိပေးထားပါတယ်။ လောလောဆယ်မှာ မလေးရှားမှာ မြန်မာ ၅၀ အပါအဝင် နိုင်ငံခြားသား အလုပ်သမား ၆၀၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မလေးရှားအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အလားတူ ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံသား ၁၇ ဦးဟာ ကူးစက်ခံနေရကြောင်း ထိုင်းကျန်းမာရေးဌာနကို ကိုးကားပြီး ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမား သံအရာရှိတွေက ပြောပါတယ်။ မြန်မာသံရုံးအနေနဲ့ကတော့ စက်ရုံပိတ်လို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကိုတော့ ဥပဒေကြောင်းအရ ကူညီပေးမူတွေရှိတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ဓါတ်ခွဲအတည်ပြုပိုးတွေ့သူ ၅,၀၀၀ ကျော်ရှိထားပြီး ရောဂါကြောင့် လူ ၉၀ ဝန်းကျင် သေဆုံးခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာတော့ ဓါတ်ခွဲအတည်ပြု ပိုးတွေ့သူ ၃,၀၀၀ နီးပါးရှိပြီး သေဆုံးသူက ၅၀ နီးပါးရှိနေပါပြီ။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG