(Zawgyi/Unicode)
မလေးရှားနိုင်ငံ COVID-19 ရောဂါထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာဘဲ သင်္ကြန်ပွဲကျင်းပတဲ့ မြန်မာနိုင်ငံသား ၇၀ နီးပါး ဖမ်းဆီးခံရတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။
မလေးရှားနိုင်ငံ COVID-19 ရောဂါထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားတဲ့ အမိန့်ကိုမလိုက်နာဘဲ အုပ်စုဖွဲ့ သင်္ကြန်ပျော်ပွဲ ဆင်နွှဲခဲ့ကြတဲ့ (Hartalega) လက်အိတ်စက်ရုံရှိ မြန်မာနိုင်ငံသား ၇၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောဆိုပါတယ်။
"၁၂ ရက်နေ့က ညမှာ ကလေးတွေက သင်္ကြန်ဆော့ကြတာပေါ့ ဆော့တာတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ သူတို့က Live လွှင့်လိုက်တာ အဲဒီ လိုက်ဖ်ကနေ မလေးရှားအစိုးရကလည်း ဒါကို စောင့်ကြည့်နေတဲ့အချိန် မလေးရှားအသိုင်းအ၀န်းအကုန်လုံးကလည်း ဒေါသထွက်ကြတာပေါ့။ မနေ့ညက ၇ နာရီက မှုခင်းရဲတွေရယ် နောက်တခုက စက်ရုံကို လာစစ်ပြီးမှ ဖမ်းဆီးတာ လောလောဆယ် ၆၇ ယောက်ကို ဖမ်းဆီးသွားတယ်။ အဲဒီနောက်ကနေ ဆက်လိုက်ဖို့အတွက် စီစဉ်နေတယ်လို့ စက်ရုံက ပြောပါတယ်။ တရားစွဲတာတော့ မစသေးဘူး။ လောလောဆယ် တရားရုံးတင်မှာပေါ့နော် ၆၇ ယောက်ထပ်တိုးလာနိုင်တယ်လို့ ပြောပါတယ်။ ၆၇ ယောက် စစ်နေတုန်းလေ ဘယ်သူတွေပါလဲဆိုတာကိုပေါ့။ သူက ဆလန်ကောပြည်နယ် နယ်ကပါ Sepang မြို့က လက်အိတ်စက်ရုံ Hartalega ပါ။"
ဒီစက်ရုံဟာ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ ပျံ့နှံ့နေချိန်ကတည်းက မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေက သွားရောက်ပြီး ကျန်းမာရေးပညာပေးခဲ့တဲ့ စက်ရုံဖြစ်တယ်လို့လည်း ဆိုပါတယ်။
"အမှန်အတိုင်းပြောရင် ပြီးခဲ့တဲ့ ၁၄ရက်နေ့တုန်းက ကျနော်တို့ အဲဒီစက်ရုံကိုသွားပြီး COVID-19 နဲ့ ပတ်သက်လို့ အသိပညာတွေလည်း ပေးခဲ့ပြီးပြီ။ တခြားအလုပ်သမားရေးရာကိစ္စတွေကို ဖြေရှင်းပေးခဲ့သေးတယ်။ အဲဒီလို ဖြေရှင်းပေးခဲ့တာတောင်မှာပဲ မလိုက်နာပဲသူတို့က ထပ်လုပ်တာဆိုတော့။"
ဒီစက်ရုံဟာ လုပ်သား ၁,၅၀၀ လောက်ရှိတဲ့ စက်ရုံလို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ လူစုလူဝေးနဲ့ သွားလာခြင်း မလုပ်ဖို့တွေ တားမြစ်ထားသလို ဗလီဝတ်ပြုပွဲကနေ စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာသာရေး ၀တ်ပြုဆုတောင်းပွဲတွေ စာသင်ကျောင်းတွေကိုပါ ပိတ်ပြီး
လူတွေအပြင်မထွက်ကြဖို့ တင်းတင်းကြပ်ကြပ် အမိန့်ထုတ်ထားပါ။ သူတို့ကိုတော့ မလေးရှားဥပဒေဖြစ်တဲ့ ၁၉၈၈ ခုနှစ် ကူးစက်ရောဂါတားဆီးရေး အက်ဥပဒေပုဒ်မ ၂၂ (အက်ဥပဒေ ၃၄၂) ဆက်သွယ်ရေးနဲ့မာတီမီဒီယာ အက်ဥပဒေပုဒ်မ ၂၃၃ အပါအ၀င် အနည်းဆုံး ဥပဒေပုဒ်မ ၄ ခုလောက်နဲ့ အရေးယူဖို့အတွက် မလေးရှားအာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ မလေးရှားသတင်းတွေမှာ ပါရှိပါတယ်။
[Unicode Version]
မလေးရှားမှာ သင်္ကြန်ပွဲကျင်းပသူ မြန်မာ ၇၀ နီးပါး ဖမ်းဆီးခံရ