စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်ဘက်က အဝေးထိန်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား သေဆုံး ဒဏ်ရာရတာတွေရှိပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ မြောင်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေေကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ဇီးကုန်းမြို့ပေါ်နဲ့ သကြားစက်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာ ဇီးကုန်းမြို့နဲ့ မိုင်အနည်းငယ်အကွာက ကျေးရွာ ၄ ရွာထက်မနည်းကို လေကြောင်းကနေ အဝေးထိန်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာနေရာတွေ တိမ်းရှောင်နေရတယ်လို့ ဒီအခြေအနေကိုသိရှိတဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။
"ရင်ငတ်ကုန်းချတယ်။ ရင်ငတ်ကုန်းက တယောက်သေတယ်။ မင်းဘာ၊ သရက်ခေါင်းချတယ်။ ဖလံချိုင်ချတယ်။ သရက်ခေါင်းမှာက ၃ လုံးချတယ်။ ၁ လုံးကမကွဲဘူး။ လူတွေက သရက်ခေါင်းကတော့ အန္တရာယ် မဖြစ်ဘူးပေါ့လေ။ ငါးရားနဲမှာဆိုရင် ဇီးကုန်းက စစ်ဘေးရှောင်လေး တယောက်ရယ် ပြည်သူတွေ အိမ်အပေါ်ကျလို့ ၂ ယောက်ကတော့ သေတယ်။ ၂ ယောက်ကတော့ ဒဏ်ရာရတယ်။ အဲ့ဟာက ဇီးကုန်းက စစ်ဘေးရှောင် တယောက်ရယ် ငါးရာနဲ အရှေ့ရွာက ၁ ယောက်ရယ် ၂ ယောက်သေတယ်။ သေတာက ၃ ယောက်ကျမှာပေါ့။ သရက်ကုန်းမှာလည်း ၁ ယောက်သေတယ်။ ရွာထဲမှာ နေအိမ်မှာနေရင်း ကြဲခံရတာ။ နွား ၁ ကောင်သေတယ်။"
မြေပြင်စစ်ကြောင်းတွေ နယ်မြေရှင်းလင်းတာ မရှိပေမယ့် အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကျေးရွာ ၆ ရွာက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဇီးကုန်းမြို့ပေါ်မှာ ဒေသခံလူငယ်လူရွယ် ၁၀၀ နီးပါးကို စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက ဖမ်းဆီးသွားတဲ့အတွက် မြို့ပေါ် ဒေသခံတွေဟာ စိုးရိမ်ပြီး အနီးနားက ကျေးရွာတွေကို တိမ်းရှောင်ကြချိန် အခုလို တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
အလားတူ စစ်ကိုင်းတိုင်းထဲကပဲ မြောင်မြို့နယ်မှာဆိုရင်လည်း ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်လို့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ကိုနွေဦးက ပြောပါတယ်။
"ဒီညနေ ၃ နာရီ ၂၄ မိနစ်ကခင်ဗျ။ မြောင်မြို့နယ်ထဲမှာရှိတဲ့ မြစ်ဆုံရွာကို တိုက်သွားတာ။ အထိခိုက်ကတော့ အဆောက်အဦး ၂ လုံးကတော့ ၂ လုံးပေါ်ကို ဗုံး ၁ လုံးဆီ ချတာပေါ့နော်။ ချတာဖြစ်လို့ အဆောက်အဦး ၂ လုံးလုံးကတော့ ပျက်စီးတယ်ပေါ့နော်။ နောက်ထပ် ဖိုက်တာ ၁ စီးကတော့ ပတ်ပစ်တာပေါ့နော်။ ၁ စီးက ဗုံးချတယ်။ ၁ စီးက စက်သေနတ်နဲ့ ပစ်တာပေါ့နော်။ အဆောက်အဦးထဲမှာရှိတဲ့သူတွေက အကုန်လုံး အဝေးမှာ ရောက်နေတာဆိုတော့ တယောက်မှ ထိခိုက်မှုမရှိဘူး။"
ဇန်နဝါရီ ၃၁ ရက်ကနေ ၂ ရက်နေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းကို လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက မြို့ ၄ မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဇန်နဝါရီလ ၁ လတည်းမှာတင် ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၈ ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလကစလို့ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာပြီး ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
Forum