လျှပ်စစ်မီတာခတွေ အတင်းအကြပ်ကောက်ခံ
{{Zawgyi/Unicode}}
လျှပ်စစ်သုံးစွဲတဲ့ မီတာခတွေကို မပေးဆောင်ရသေးရင် ပေးဆောင်ကြဖို့ ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ချို့က ရပ်ကွက်တွေမှာ အော်လံတွေပါသုံးပြီး တလမ်းဝင် တလမ်းထွက် လိုက်လံနှိုးဆော်နေသလို မီတာခ မပေးဆောင်တဲ့ အိမ်တချို့ကိုလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်နေပါတယ်။ မီတာပုံး ထဲက Fuse ကိုဖြုတ်ယူသွားမျိုး၊ ဓါတ်တိုင်က မီးကြိုးကို ဖြတ်တာမျိုးတွေလုပ်ပြီး မီးဖြတ်နေတဲ့ အကြောင်းရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
မီတာခတွေပေးဆောင်ကြဖို့ တိုက်တွန်းနေတဲ့ စစ်ကောင်စီက ရန်ကုန်တိုင်းထဲက ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် စတဲ့ မြို့နယ်တွေ အပါအဝင် နေရာအတော်များများမှာ လ ျှပ်စစ် မီတာခံတွေ ဆောင်ကြဖို့ အော်လံတွေနဲ့ လိုက်လံဆော်သြနေပါတယ်။ တချို့နေရာတွေမှာတော့
လ ျှပ်စစ် မီတာခ ဆောင်မထားတဲ့ အိမ်တွေကို မီးကြိုးတွေဖြတ်တာ၊ ဖြူးတွေ ဖြုတ်သိမ်းသွားတာမျိုးတွေ လုပ်ပြီး မီတာခကို အတင်းအကြပ်ပေးဆောင်ခိုင်းတာမျိုးတွေ လုပ်နေပါတယ်။ ပုဇွန်တောင်မြို့နယ်ထဲက မီးဖြတ်ခံခဲ့ရသူတယောက်က သူတို့ရပ်ကွက်ထဲ စစ်သားတွေ ရဲတွေပါကားနဲ့ပါလာပြီး မီးဖြတ်သွားတယ်လို့ ခုလိုပြောပါတယ်။
“သူတို့ဆီမှာ စာရွက်တစ်ရွက်တော့ ပါတယ်။ အခန်းတိုင်းကို ဖြတ်တာတော့ မဟုတ်ဘူး။ သူတို့က သူတို့စာရွက်မှာ ပါတဲ့ အခန်းတွေကို ဖြတ်သွားတာ၊ amount နဲ့လဲမဟုတ်ဘူး။ စစ်သားတွေပါတယ်။ ရဲတွေပါတယ်။ သူတို့ကတော့ဝင်တော့မလာဘူး။ ဒီတိုင်းထိုင်စောင့်နေတာပေါ့။ အဲ့မှာ လှေကားတွေ သော့ပိတ်ထားရင် တစ်ချို့ကို ဓာတ်တိုင်ကနေ တက်ပြီးဖြတ်သွားတယ်။ EPC ကလူတွေကလဲ ဒီရပ်ကွက်ကလူတွေမဟုတ်ဘူး။ စာရွက်နဲ့ လိုက်ကြည့်ပြီးတော့ သူတို့က အဲ့မီတာ နံပါတ်တွေနဲ့ လိုက်ကည့်ပြီးတော့ မဆောင်ထားတဲ့ဟာတွေဆို သူတို့ဖြတ်ထားခဲ့တယ်။ ဖြူးတွေကို ဖြုတ်ပြီးတော့ ကြွပ်ကြွပ်အိတ်နဲ့ထည့်ယူသွားတယ်။ အများကြီးပဲ။ ဒါပေမယ့် တစ်ချို့အိမ်တွေလဲ မဆောင်ထားပေမယ့် မဖြတ်သွားဘူး။ သူတို့ စာရင်းထဲမှာ မပါရင် နောက်တစ်ရက်မှ လာဖြတ်မယ်လို့တော့ ပြောသွားတာပဲ။ အဲ့နောက် ဘေလ်ဆောင်တဲ့ သူတွေကိုတော့ ညနေကျရင် ပြန်လာတပ်ပေးတယ်။ အဲ့ဖြူးတွေနဲ့ ဖြုတ်သွားတဲ့ ဟာတွေကို။”
သူ့အိမ်က Fuse ကိုပါဖြုတ်ယူသွားခံရသူကလည်း မီးဖြတ်ခံရပုံကို ခုလိုပြောပြပါတယ်။
“မီးမဖြတ်ခင် မနက်ပိုင်းကတည်းက တစ်ရပ်ကွက်လုံး အားလုံးကို မီးတွေ ဖြတ်ထားတယ်။ မနက် ၇ နာရီလောက်ကတည်းက မီးတွေ ဖြတ်ထားတယ်။ မီးဖြတ်ထားပြီးတော့ နောက်ကျတော့ ၁၁ နာရီလောက်ကျတော့ မီးပြန်လာတယ်။ တစ်ခြားအိမ်တွေ မီးပြန်လာပြီး မီးစက်တွေ ရပ်သွားတော့ မီးပြန်လာပြီဆိုတာတော့ သိတာပေါ့နှော်။ ဒါပေမယ့် တို့အိမ်တွေကျတော့ မလာဘူး။ ဘာဖြစ်လို့ မလာလဲဆိုပြီးတော့ လျှောက်ပြီးတော့ မေးတော့ ဒီတိုက်ထဲမှာ ၄ ခန်းဖြတ်သွားတယ်။ အဲ့ထဲမှာ ကိုယ့်အခန်း ၂ ခန်းပါသွားတယ်။ အရှေ့ဖက်က ဆိုင်တစ်ဆိုင်လဲ ဖြတ်ခံရတယ်။ သူတို့ကတော့ ၁၀ သိန်းကျော် ကျန်တယ်လို့ ပြောတယ်။ တို့အခန်းကတော့ တစ်ခန်းက ၆ သောင်း၊ တစ်ခန်းက ၂ သိန်းခွဲ ကျော်ကျတယ်။ မီးမရှိတော့ကျ ရေတင်ဖို့ဘာဖို့က အဆင်မပြေဘူးလေ၊ အဲ့တော့ ကျတော့ ပြေးပြီးတော့ ဆောင်ရတာပေါ့။ အဲ့တော့ ည ၇ နာရီလောက်ကျတော့ သူတို့တွေ လာပြန်တပ်သွားတယ်။ အရင်တုန်းက မီးဖြတ်တယ်ဆိုတာက ဖြူးစ်တွေ ဘာတွေ မဖြတ်သွားဘူး။ အခုက ဖြူးတွေပါ ဖြုတ်ယူသွားတယ်။ ယူသွားတော့ အဲ့နေ့ ဆောင်ပြီးတော့ ညကျတော့ ရပ်ကွက်ထဲကို လိုက်တပ်ပေးနေတယ်လို့ ကြားတယ်။ ဖြူးကို လာတပ်သွားတော့ မနေ့က ည ၇ နာရီလောက်မှ ပြန်လာသွားတယ်။”
မီးဖြတ်သွားတာကြောင့် အခက်အခဲတွေ ရှိလာတဲ့အတွက် မီတာဆောင်ခဲ့ရသူ လမ်းမတော်မြို့နယ်မှာ နေထိုင်သူ တစ်ဦးကလဲ သူတို့ ရပ်ကွက်ထဲ၊ သူတို့တိုက်မှာ မီတာမဆောင်သူတွေ တချို့ ရှိပေမယ့်လဲ မဆောင်သူ အားလုံးကို ဖြတ်တာမဟုတ်ဘဲ တချို့ကိုသာ ဖြတ်တာဖြစ်လို့ ဘယ်လို စိစစ်ပြီး ဖြတ်သလဲဆိုတာ မသိဘူးလို့ ဆိုပါတယ်။
“ရက်အနည်းငယ်လောက်က သူတို့တွေ မီးလာဖြတ်သွားတယ်ပေါ့။ လာဖြတ်သွားတာက သူတို့တွေ ကြိုပြီးတော့ အကြောင်းကြားထားတာ(မီတာလာဆောင်ဖို့ အကြောင်းကြားတာ) ဘာညာတော့ မရှိဘူး။ မရှိဘဲနဲ့ အိမ်မှာ မီးပျက်သွားတော့မှ, ငါ့အိမ်ကို မီးဖြတ်သွားတယ်ဆိုတာ သိလိုက်ရတယ်။ သူတို့က ဘယ်လိုပုံစံနဲ့မီးဖြတ်သလဲ မသိဘူး။ ကျွန်တော်တို့ တိုက်မှာဆိုရင် ၂ ခန်းပဲ ဖြတ်ခံရတယ်ပေါ့။ အခန်းက ၈ ခန်းလောက်ရှိတာကို။ ကျွန်တော်သိသလောက် တခြားအခန်းတွေလဲ မီတာမဆောင်တာရှိတယ်။ ဒါပေမယ့် မီတာခ မဆောင်တဲ့ အခန်းတိုင်းကိုတော့ မဖြတ်ဘူး။ တစ်ချို့တစ်လေကို သူတို့ ဘယ်လို ရွေးချယ်ပြီးဖြတ်သလဲတော့ မသိဘူး။”
မီတာရုံးမှာ မီတာလာဆောင်ကြသူတွေက လအတော်များများအတွက် စုပြီး ဆောင်ကြရတာဖြစ်တဲ့အတွက် အများကြီး မဆောင်နိုင်ကြသေးသူတွေက ခွဲပြီး နည်းနည်းစီဆောင်ကြတာမျိုးတွေကိုလည်း အတော်များများ တွေ့ရတယ်လို့ မီတာဆောင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။ ရန်ကုန်မြို့က တစ်ခြားမြို့နယ်တွေမှာလဲ ရပ်ကွက်တွေထဲမှာ မီတာခ ပေးဆောင်ကြဖို့နဲ့ မပေးဆောင်ရင် မီးဖြတ်မယ်ဆိုပြီး စစ်ကောင်စီအဖွဲ့ဝင်တွေက ကားနဲ့ လိုက်လံ အော်သွားတာမျိုးတွေ ရှိတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်း အုပ်ချုပ်တာကို အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ တော်တော်များများက လ ျှပ်စစ်မီတာခအပါအဝင် ပေးရမယ့် အခွန်အကောက်တွေ မပေးဘဲ ကန့်ကွက်နေကြတာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ မီတာခမပေးဆောင်ဘူးဆိုရင် လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အား ဖြတ်တောက် အရေးယူခံရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ လ ျှပ်စစ်မီးဖြတ်ပြီး အိမ်တွေကို အတင်းအကြပ် လျှပ်စစ်မီတာဆောင်ခိုင်းနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းလောက်ထဲက သုံးစွဲယူနစ် ၁၅၀၊ ကျသင့်ငွေ ကျပ် သောင်း ၁ ထောင် ကျော်ကို ပေးဆောင်စရာမလိုဘူးလို့ NLD အစိုးရက ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
ဒါကြောင့် သုံးစွဲယူနစ် ၁၅၀ အောက်ရှိတဲ့ တချို့အိမ်တွေက အဲဒီအချိန်ထဲက မီတာခ မပေးဘဲ နေနေတာ အခုထိဖြစ်ပါတယ်။
...................................................
{{Unicode}}