သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်စည်တင်ပို့မှု ကန့်သတ်ချက်ကြောင့် ယာဉ်လိုင်းတွေအခက်တွေ့


ကုန်စည်တင်ပို့မှု ကန့်သတ်ချက်ကြောင့် ယာဉ်လိုင်းတွေအခက်တွေ့
ကုန်စည်တင်ပို့မှု ကန့်သတ်ချက်ကြောင့် ယာဉ်လိုင်းတွေအခက်တွေ့

ကုန်စည်တင်ပို့မှု ကန့်သတ်ချက်ကြောင့် ယာဉ်လိုင်းတွေအခက်တွေ့

{{Zawgyi/Unicode}}

ရန်ကုန်မြို့ကနေ မုံရွာမြို့ကိုသွားတဲ့ ခရီးသည်ယာဉ်လိုင်းပေါ်မှာ လက်နက်ခဲယမ်းတချို့ကို ရှာဖွေတွေခဲ့ပြီးတဲ့နောက် ကုန်စည်တချို့ကို တနယ်ကနေ တနယ်ပေးပို့မရလို့ စစ်ကောင်စီက ကန့်သတ်လိုက်ပါတယ်။ အခုလိုကန့်သတ်လိုက်တဲ့အတွက် ခရီးသွားတွေ၊ ကုန်သည်တွေ၊ ကားလုပ်ငန်းတွေအတွက် ထိခိုက်နိုင်တယ်လို့ အဝေးပြေးကား လုပ်ငန်းပိုင်ရှင်တချို့က ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရဲမွန် ကတင်ပြပါမယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စစ်ကောင်စီတပ်တွေကိုလက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိနေချိန် လုံခြုံရေးနဲ့ တိုက်ခိုက်ရေးအထောက်အကူဖြစ်နိုင်တဲ့ ပစ္စည်းတွေအဓိကပါတဲ့ ကုန်ပစ္စည်း ၁၉မျိုးပို့ဆောင်တာကို စစ်ကောင်စီက တားမြစ်လိုက်ပါတယ်။ တနယ်ကနေ တနယ် ပေးပို့လို့မရလို့ သတ်မှတ်လိုက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ CCTV, အသေးစား အဝေးထိန်း Drone ယာဉ်၊ ကင်မရာ၊ ဓာတ်ခဲ၊ ဝါယာကြိုး၊ အက်ဆစ်၊ ယမ်းမှုန့်၊ မီးသွေးစတဲ့ ပစ္စည်းတွေပါသလို ရွှေထည်၊ ကော်၊ စတီး၊ သံထည်၊ ရေပိုက်နဲ့ အစားအသောက် အကြော်အလှော် အများအပြား မတင်ဆောင်ရဘူးလို့ ထုတ်ပြန်ထားတာပါ။ အဝတ်အထည် အများအပြားနဲ့ ပျောက်ကြား တူညီဝတ်စုံတွေကိုလည်း ပို့ဆောင်လို့ မရဘူးလို့ တားမြစ်ပါတယ်။ ကန့်သတ်ကုန်တွေထဲမှာ ကုန်သည်တွေ၊ ခရီးသည်တွေပုံမှန်တင်ဆောင်နေတဲ့ ကုန်ပစ္စည်းတွေပါတာမို့ ခရီးသည်တွေအနေနဲ့ အခက်အခဲဖြစ်ရသလို၊ ယာဉ်လိုင်းတွေအနေနဲ့လည်း လုပ်ငန်းထိခိုက်ရတယ်လို့ အာကာမိုး ယာဉ်လိုင်းပိုင်ရှင် ဒေါ်သန်းသန်းက ဗွီအိုအေကို ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်နေချိန် အခုလိုညွှန်ကြားချက်တွေကြောင့် ပိုပြီးနစ်နာရတယ်လို့ ပြောပါတယ်။

“ ခရီးသည်တွေကတော့ အရင်တုန်းကတော့ ပြဿာနာမရှိပေမဲ့ ကိုဗစ်နောက်ပိုင်းမှာ ပေါ်တလှည့်၊ ပျောက်တလှည့် ဖြစ်နေတာကိုး။ အခုကျတော့ တန်ဆာတွေက မတင်နဲ့ဆိုတော့ ခက်ခဲတယ်လေ။ ဥပမာ ရန်ကုန်ကနေ မန္တလေးသွားမယ် လမ်းကြောကခရီးသည်တွေ တင်လည်းမတင်နဲ့ တန်ဆာလည်း မတင်နဲ့ဆိုတဲ့ ဟာတွေကျတော့လေ မဖြစ်နိုင်ဘူးလေ။ အကြောင်းအမျိုးမျိုးကြောင့် လမ်းခရီးမှာ မြို့နယ်ကလူတွေ၊ ပစ္စည်းတင်မယ့်လူတွေ လက်ခံရမှာပဲပေါ့။ ဒါပေမဲ့ ဒီဘက်က လုံခြုံရေးအရ ဒီလိုမျိုးဆိုတော့လည်း သူ့ဖာသူခံရမှာပါ့။”

နိုင်ငံရေး၊ လုံခြုံရေး မတည်ငြိမ်မှု၊ ကပ်ရောဂါနဲ့ စက်သုံးဆီဈေးမြင့်တက်မှုတွေကြား ကုန်သယ်ဆောင်မှုကိုပါ ကန့်သတ်ခံရတဲ့အတွက် ပိုပြီးခက်ခဲစေတယ်လို့ နောက်ထပ် ယာဉ်လိုင်းပိုင်ရှင်တယောက်က ပြောပါတယ်။

“ အဓိကကတော့ ရောဂါတွေ ပြန်ဖြစ်လာပြီဆိုတော့ ရောဂါပိုးတွေရော၊ နိုင်ငံရေးရောပေါ့နော်။ ကျနော်က စီးပွားရေးသမားဆိုတော့ ဘယ်လိုပြောမလဲ ကိုယ်တွေက အဆင်ပြေသလို လုပ်စားရတာပေါ့။ စစ်တာတွေ ပြုတာတွေရှိရင်တော့… ယူတော့ယူခဲ့ပေါ့နော် သူတို့အဆင်မပြေလို့ သိမ်းသွားရင်လည်း ခံပေါ့နော်။ ဆီဈေးတွေတက်တော့ ကားလက်မှတ်တွေကလည်း အရင်ကထက်တက်တာပေါ့။ ခရီးသွား ပြည်သူတွေကတော့ နှစ်ဆပိုပေးစီးရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။”

အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအနေနဲ့ အခက်အခဲကြားကပဲ ကုန်စည်စီးဆင်းမှု ပြတ်မသွားအောင် ကုန်ကားတွေကတော့ ပုံမှန်ထွက်နေရတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။ အခုစစ်ကောင်စစ်က ကန့်သတ်လိုက်တဲ့ထဲက ပစ္စည်းတချို့ကိုလည်း သယ်ဆောင်ခွင့်မပြုဘူးလို့ အစထဲက သူတို့လုပ်ငန်းတွေဘက်က ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်- မုံရွာ သွားတဲ့ မန္တလာမင်း အဝေးပြေးခရီးသည်တင်ကားပေါ်မှာ ကျည်ဆံနဲ့ ပြောက်ကျားဝတ်စုံတချို့ ကို မုံရွာမြို့နယ်အဝင် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတာဝန်ရှိသူတွေ စစ်ဆေးတွေ့ခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂ဝ က သတင်းထုတ်ပြန်ပါတယ်။ ပြောက်ကျားယူနီဖောင်း ၁၅ စုံ၊ ပစ္စတိုကျည် အတောင့် ၁ဝဝ ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်စပ်သူတွေကို ဖမ်းမိထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဝေးပြေးကားလုပ်ငန်းတွေအနေနဲ့ သတ်မှတ်ကုန်ပစ္စည်းတွေ ပို့ဆောင်ခြင်းမပြုရလို့ စစ်ကောင်စီ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

..................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG