သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူး PDF နဲ့ စစ်ကောင်စီတပ်ကြား တနင်္လာနေ့က တိုက်ပွဲဖြစ်


စစ်ကိုင်းတိုင်း တမူးမြို့မှာ PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်း တမူးမြို့မှာ PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း တမူးမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ တမူးဒေသကာကွယ်ရေး PDF အဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။ ဇူလိုင်လက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း တမူးမြို့နဲ့ ၄ မိုင်သာ ကွာဝေးတဲ့နေရာမှာ ဒီကနေ့ သြဂုတ် ၂၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေနဲ့ တမူး PDF တပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ တမူး PDF ကပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တယ်လို့တမူး PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“လာတိုက်တယ်ပေါ့။ သူတို့ဘက်က ကင်းလှည့်ကြတယ်။ သူတို့ဘက်က လာပြီးတော့ စလိုက်တာ ပေါ့လေ။ အခြေတင်ဖြစ်ကြရင်းကနေ မနက် ၅ နာရီ ကနေ ဆက်တိုက် ဆက်တိုက်ဖြစ်တယ်။ မနက် ၉ နာရီဝန်းကျင်လောက်မှာ ရပ်သွားတယ်ပေါ့လေ။ ထိခိုက်တာက PDF အဖွဲ့က တယောက်ကျတယ်။ ၂ ယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာပေါ့လေ။ စစ်ကောင်စီဘက်ကတော့ ၁၇ ယောက် လောလောဆယ် ကျတယ်။ ဒီ့ထက်မကလည်း ဖြစ်နိုင်တယ်ပေါ့လေ။ အထူးသဖြင့်က ဒဏ်ရာရတဲ့သူတွေများတယ်။ အခုတမူး ဆေးရုံမှာ ဆိုလို့ရှိရင်လည်း အပြင်လူတွေတောင် လက်မခံရဲဘူးပေါ့လေ။ ရဲတွေက စစ်သားတွေက ဆေးရုံထဲမှာ သူတို့အဖွဲ့တွေကို ကုကြတယ်ပေါ့လေ။ ဒဏ်ရာရတာကတော်တော်ကို များမယ့်ပုံပဲ။”

စစ်ကောင်စီတပ်တွေဘက်က ကျဆုံး ထိခိုက်မှုကို ဗီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲ မဖြစ်ခင် သြဂုတ် ၂၂ ရက်က တမူးမြို့ နမ့်ဖာလုံ ရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်ခဲ့တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ လက်ရှိအချိန် ပေါက်ကွဲမှုနဲ့ တိုက်ပွဲအရှိန်ကြောင့် တမူးမြို့တွင်းမှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး ဒေသခံတွေက စိုးရိမ်နေပါတယ်။

ခုလိုစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဇူလိုင်လက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက မြောင်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး ရွာသားတချို့ကို ဖမ်းဆီးသွားပါတယ်။ ကျန်တဲ့ကျေးရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင် နေကြရ တယ်လို့ ဒါနဲ့ပတ်သက်လို့ မြောင်ဒေသခံတဦးက

“မနေ့ကနေစပြီး မွှေတာပေါ့ဗျာ။ မနေ့က ဖုန်းမောင်းဆိုတဲ့ ရွာကိုဝင်မွှေတယ်။ ဒီနေ့တော့ နဂါးပေါက်ကော ထုံးကြိုင်ကော ဝင်မွှေတယ်။ မွှေတယ်ဆိုတာ ဒီကောင်တွေဝင်ပြီးတော့ ရှာတာဖွေ တာတွေလုပ်တယ်။ ဖုန်းမောင်းမှာဆိုရင် အိမ်တွေဝင်ရှာဖွေတာတွေရှိတာပေါ့။ နဂါးပေါက်မှာတော့ ၆ ယောက်ပြီးတော့ ၄ ယောက် ပြန်လွတ်တယ်လို့သိတယ်။ ပြန်လွတ်တာ CDM ဝင်ထားတဲ့ ဆရာမ ဝန်ထမ်းလို့ပြောတယ်။ ရွာတွေ အခြေအနေကတော့ ကိုယ့်ရွာလာမလား သူ့ရွာလာမလား ကြိုပြီး ရှောင်နေတဲ့ရွာတွေရှိတယ်။ ဝင်ပြီးတော့ ရှာတာဖွေတာတွေ လုပ်နေတဲ့ ရွာတွေနဲ့ နီးစပ်တဲ့ရွာတွေ ရှောင်တာ ရှားတာတွေ လူတွေသွားတာတွေ ရှိတာပေါ့။”

အခုလို ရှာဖွေတာတွေ မလုပ်မှီ သြဂုတ် ၁၆ ရက် ညပိုင်းက မြောင်မြို့နယ် သူဌေးကုန်းကျေးရွာက စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပြီး မြောင်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ် ရေးမှူးတွေ နှုတ်ထွက်တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့တော်တော်များများက ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေကို မကြာခဏဆိုသလို ပြုလုပ်နေပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံအများအပြားက နေရပ်တွေကို စွန့်ခွါပြီး တောတောင်တွေထဲမှာ ပုန်းအောင်း တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက မနေ့က ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဖက်ကတော့ တစုံတရာတုံပြန်ပြောကြားခြင်းမရှိသေးပါဘူး။

............................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}









XS
SM
MD
LG