သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းပြန်တက်ဖို့ စစ်ကောင်စီတိုက်တွန်းပေမယ့် CDM ဆက်လုပ်သွားမယ်လို့ ကျောင်းသားနဲ့ ဆရာတွေပြော


Myanmar
Myanmar

{{Zawgyi/Unicode}}

မကြာခင်ပြန်ဖွင့်တော့မယ့် အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေ ကျောင်းပြန်တက်ကြဖို့နဲ့ ဆရာ၊ ဆရာမတွေ စာပြန်သင်ကြဖို့ အာဏာသိမ်းအုပ်ချုပ်နေတဲ့ န.စ.က စစ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။ မိဘတွေအနေနဲ့ကလေးတွေကျောင်းပြန်အပ်ကြဖို့၊ ဆရာ၊ ဆရာမတွေ အလုပ်ပြန်ဝင်ကြဖို့ ဒီနေ့လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကတော့ ကျောင်းမတက်ဘဲ ဆန္ဒပြသွားမယ်လို့ ပြောနေကြပါတယ်။ ဒီအခြေအနေနဲ့ အခုရက်ပိုင်းပြန်ဖွင့်တဲ့ အဆင့်မြင့်ပညာတန်းတွေမှာ ကျောင်းတက်နေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကတင်ပြပါမယ်။

စစ်အုပ်ချုပ်ရေးကောင်စီက ဒီနေ့အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်ကြဖို့ အလေးထားပြောသွားခဲ့ပါတယ်။ မကြာခင်ပြန်ဖွင့်မယ့် အခြေခံပညာကျောင်းတွေအတွက် ကလေးတွေကို ကျောင်းအပ်ကြဖို့ မိဘတွေကို နစက ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်မှုးကောင်းထက်စံက အခုလိုတိုက်တွန်းခဲ့ပါတယ်။

"မိမိတို့ရဲ့သားသမီးဆိုင်ရာ ပညာရေးနစ်နာမှုတွေမဖြစ်ဖို့အတွက် ကျောငိးဖွင့်ချိန်ကျောင်းအပ်ဖို့နဲ့ ဆရာဆရာမတွေကလည်း ပညာသင်ကြားရေးတွေမှာဆက်လုပ်ကြဖို့အတွက် လိုအပ်တဲ့အကြောင်းကိုကျနော်ပြောကြားလိုပါတယ်။ ကျနော်တို့နားလည်ပါတယ်။ ဆရာဆရာမတို့အနေနဲ့လည်း လုပ်ငန်းတွေလုပ်တာမှာ အခက်အခဲတွေ ရှိမယ်လို့သဘောပေါက်ပါတယ်။ ဒီကြားထဲကနေ ကိုယ့်တပည့်သားသမီးတွေ ပညာတတ်စေဖို့ဆိုတဲ့ အာစရိယဂုဏောအနတောဆိုတဲ့ဂုဏ်နဲ့အညီ ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့ဆရာဆရာမတွေကို လေးစားဂုဏ်ယူကြောင်းမှတ်တမ်းတင်အပ်ပါတယ်"

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ ကျောင်းမတက် CDM လှုပ်ရှားမှုလုပ်ကြဖို့ ဆော်သြမှုတွေရှိနေချိန်မှာ စစ်ကောင်စီဖက်က ခုလိုပြောခဲ့တာဖြစ်ပါတယ်။ မေလ ၅ ရက်နေ့က ပြန်ဖွင့်ခဲ့တဲ့ တက္ကသိုလ် ဒီဂရီ၊ ကောလိပ်တွေမှာ မဟာတန်းနဲ့နောက်ဆုံးနှစ်အတန်းတွေမှာတော့ ကျောင်းတက်သူ အရင်ကထက်စာရင် နည်းသွားတယ်လို့ ကျောင်းတက်နေသူတွေက ပြောပါတယ်။ ဘွဲ့ရဖို့လက်တစ်ကမ်းအလိုမှာရှိနေပေမယ့် ကျောင်းမတက်ဖို့ကျောင်းသားကျောင်းသူတော်တော်များ များကဆုံးဖြတ်ခဲ့ကြပြီး ရာနှုန်းပြည့် ဆန့်ကျင်ဆန္ဒပြတာဖြစ်တယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသား တဦးကပြောပါတယ်။

"ခုကနိုင်ငံကသိတဲ့အတိုင်းကိုဗစ်ကော အာဏာသိမ်းထားတဲ့ အခြေအနေကော နောက်ကျနော်တို့တက္ကသိုလ်မှာ ဌာနမှုးတွေကော တကယ့်စာသင်ပြကောင်းတဲ့သူတွေကော ၆၀% က CDM ခုပ်ထားတယ်။ သင်ကြားပေးမယ့် ဆရာဆရာမ လောက်တယ်လို့မယုံကြည်ဘူး။ သူတို့က ပထမနှစ်ဝက်မှာကျန်တဲ့ ဘာသာတွေမဖြေခိုင်းတာတို့ နောက်ရက်တိုတိုသင်။ မြန်မြန်ဘွဲ့ပေးမှာတို့အဲဒါက ဒီပေါပေါပဲပဲ အရည်အချင်းနဲ့မထိုက်ဘဲရမှာတွေမလိုချင်လို့မတက်တာပါ"

အခြေခံပညာကျောင်းတွေနဲ့တက္ကသိုလ်တွေကို ဖွင့်လှစ်တဲ့နေရာမှာ အစီစဉ်တကျပြင်ဆင်ဖွင့်လှစ်ခြင်းမျိုးမဟုတ်ဘူးလိုထင်မြင်တဲ့အတွက် ကောင်းမွန်တဲ့ပညာရေးစနစ်မဖြစ်နိုင်ဘူး ဆိုတဲ့ သုံးသပ်ချက်တွေကလည်း ကျောင်းသားကျောင်းသူတွေကြားမှာရှိနေပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ ရာနဲ့ချီကိုလည်း ရာထူးတာဝန်တွေကနေ ထုတ်ပယ်နေပါတယ်။ တနိုင်ငံလုံးမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနဲ့ ကတိကအပါအဝင် အယောက် ၅၀၀ ထက်မနည်းကို အလုပ်က ယာယီရပ်စဲတာနဲ့ အလုပ်အပြီးထုတ်တာတွေလုပ်သလို တချို့နေရာတွေမှာ CDM မလုပ်တဲ့ နည်းပြတွေနဲ့ အစားထိုးခန့်အပ်တာတွေလုပ်နေပါတယ်။ CDM လှုပ်ရှားမှုပါဝင်ခဲ့သူတွေနေရာမှာ အစားထိုးမှုတွေ လုပ်ပေမယ့် လိုအပ်တဲ့ သင်ကြားရေး လုပ်နိုင်တဲ့ အခြေအနေမျိုးမဟုတ်တာကြောင့် လက်ရှိသင်ကြားရေးက ကောင်းမွန်တဲ့သင်ကြားရေးဖြစ်ဖို့ ခက်ခဲတယ်လို့ CDM လှုပ်ရှားမှုပါဝင်ခဲ့တဲ့ ကတိကတဦးကပြောပါတယ်။

"ယာယီရပ်ဆိုင်းတဲ့ဆရာမတွေတော်တော်များတယ်။ သူတို့နေရာ အစားထိုးဖို့ကတော့မလွယ်ပါဘူး။ ခုကျောင်းတွေကပြန်ဖွင့်နေပြီဆိုတော့ ထုံးစံတိုင်းစာသင်နေကြပြီပေါ့။ မာစတာကနေ စတုတ္ထနှစ်ထိပေါ့ ဖိုင်နယ်ပေါ့။ နောက်ကျရင် တတိယနှစ်ကနေ ပထမနှစ်ထိဆက်တိုက်လာတော့မှာဆိုတော့ ကျန်နေခဲ့တဲ့ဆရာဆရာမတွေနဲ့ လက်ရှိသင်ကြားမယ်ဆိုခက်ခဲမယ်ယူဆပါတယ်။ တက္ကသိုလ် ဆရာဆရာမနေရာအစားထိုးဖို့မလွယ်ပါဘူး။ သင်ရမှာကလေးတွေမဟုတ် တက္ကသိုလ်ကျောင်းသားတွေဆိုတော့လေအဲတော့ ခက်ခဲမယ်ထင်တယ်"

စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ CDM ဆက်လုပ်သွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားကြတဲ့ ဆရာ၊ ဆရာမ တွေရှိသလို ဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် CDM လှုပ်ရှားမှုကို လက်လျှော့ပြီး အလုပ်ပြန်တက်တဲ့ ဆရာဆရာမတွေလည်း ရှိနေပေမယ့် အရေအတွက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဆရာမတွေကို အလုပ်က ယာယီရပ်စဲတာ၊ အစိုးရ အိမ်ယာ တွေကနေ ဖယ်ခိုင်းတာ၊ အလုပ်အပြီးထုတ်တာ၊ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု၊ လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ၅၀၅- က နဲ့ တရားစွဲတာအပြင် အခုနောက်ဆုံး အမည်မည်းစာရင်း တင်ဖို့အထိ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG