မကွေးတိုင်း နှမ်းခါးရွာတိုက်ခိုက်မှု ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ
{{Zawgyi/Unicode}}
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေပြုလုပ်ပြီး ကျေးရွာကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံကျေးရွာသား အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာထဲမှာ ပိတ်မိနေသူတွေလည်းရှိပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာကို ဒီဇင်ဘာ ၁၇ ရက် နေ့လည်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေပြုလုပ်နေတာပါ။ ဒေသခံ ကျေးရွာခေါင်းဆောင်တွေ အစည်းဝေးလုပ်နေချိန် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ ရောက်လာပြီး ပစ်ခတ်တာဖြစ်တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
“၁ နာရီ ၁ နာရီခွဲလောက်ကနေ ပစ်တာ။ ဂန့်ဂေါနယ်မှာ မူးယစ်ဆေးတွေ သစ်တောမှောင်ခိုတွေ နှိမ်နင်းရေး အတွက် ရပ်ရွာခေါင်းဆောင်တွေ ကျေးရွာခေါင်းဆောင်တွေ စုပြီးမှ အစည်းဝေးလုပ်နေချိန်မှာ သတင်း ပေါက်ကြားပြီးမှ သူတို့လာပြီးပစ်သွားတာ။ ရိုးရိုးရဟတ်ယာဉ်တောင်မဟုတ်ဘူး။ စစ်ရဟတ်ယာဉ်တွေနဲ့ လာပစ်တာ။ လာပစ်တာ ၂ စီးက အစည်းဝေးခန်းမကို မိနစ် ၄၀ ကျော်လောက် ပစ်တယ်။ တစီးက ရွာဘေးပတ်ချာလည်ပေါ့။ အဲ့ဒီမှာလည်း လူတွေချသွားတယ်။ အခုလည်း ရဟတ်ယာဉ် တစီးက သေနတ်တွေနဲ့ ပစ်ပြီး ရွာထဲကို ဆင်းသွားပြီ။ စက်သေနတ်တွေနဲ့ ပစ်ပြီး။ အတည်ပြုလို့တော့ မရသေးဘူး။ ၃ ယောက်က သေဆုံးတယ်လို့တော့ ကြားတယ်။”
နှမ်းခါးကျေးရွာဟာ ကလေး- ဂန့်ဂေါကားလမ်းပိုင်းဘေးမှာ အိမ်ခြေ ၁ ထောင်ကျော်နဲ့လူဦးရေ ၁ သောင်းကျော်ရှိတဲ့ ကျေးရွာကြီး တရွာဖြစ်ပါတယ်။ ပစ်ခတ်တာကြောင့် ဒေသခံကျေးရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာထဲမှာ ပိတ်မိနေသူတွေလည်းရှိသလို စစ်ကောင်စီက ကျေးရွာကို ဝိုင်းထားတဲ့ ကယ်ထုတ်ဖို့ အခက်အခဲရှိနေပါတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ဟတ်စကီးနဲ့လာပြီးတော့ ပစ်တာ ။ ရွာတွေထဲကို ပစ်တယ်ဗျ။ ရွာထဲပစ်လို့ အကုန်လုံး ထွက်ပြေးရတာပဲ။ ဘာမှ မလုပ်ဘဲနဲ့ပစ်တာ။ ဝိုင်းနေတယ်လုပ်နေတယ်။ ထွက်ပြေးနေရတယ်။ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေရတယ်။ ပိတ်မိနေသူတွေလည်း ပိတ်မိနေတယ်။ ဘယ်သူတွေမှန်လို့ ဘာတွေ ဖြစ်သွားမှန်းကို မသိရဘူးခင်ဗျ။ ကယ်ထုတ်ဖို့က မလွယ်ဘူးဖြစ်နေတယ်။ ရွာကိုဝိုင်းထားတယ်ခင်ဗျ။”
အခုလို လေကြောင်းက ပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ အကြမ်းဖက်သမားခေါင်းဆောင် တချို့ပါဝင်တဲ့ လူ ၁၀၀ လောက် အစည်းဝေးလုပ်တာကို မကျေနပ်တဲ့ ဒေသခံတချို့ရဲ့ သတင်းပေးချက်အရ ဝင်ရောက်စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်းနဲ့ အကြမ်းဖက်သမား ဘက်က သေဆုံးသူ ၆ ဦးရှိပြီး လက်နက်တချို့ သိမ်းဆည်း ရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
နှမ်းခါးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၃ ရက်တို့မှာလည်း စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းချိန်မှာ နေအိမ်တွေကို မီးရှို့တဲ့အတွက် နေအိမ် အလုံး ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့ ပါသေးတယ်။
နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နယ်မြေရှင်းလင်းတာတွေ ပိုမိုလုပ်ဆောင်လာပြီး မကြာခဏဆိုသလို လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတာပါ။ လေကြောင်းကနေ ပစ်ခတ်တာကြောင် ဒေသခံအရပ်သားတွေလည်း သေဆုံးတာတွေလည်း ရှိပါတယ်။
.....................................
{{Unicode}}