စစ်ကောင်စီက နိုင်ငံကိုအရေးပေါ်အခြေအနေထုတ်ပြန်ပြီး အာဏာသိမ်းခဲ့တာ မကြာခင်မှာ လေးနှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကို အကြောင်းပြပြီး ၆ လ သက်တမ်းတိုးထားတာ မနက်ဖြန် ဇန်နဝါရီလ ၃၁ ရက်မှာ သက်တမ်းကုန်မှာပါ။ ဒီတခေါက်မှာကော အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ပြီး သက်တမ်းထပ်တိုးဦးမလား၊ ဘယ်လိုပုံစံနဲ့ ဆက် အုပ်ချုပ်သွားမလဲ ဆိုတာတွေအပေါ်နိုင်ငံရေးလေ့ လာသုံးသပ်သူတွေရဲ့အမြင်ကို စုစည်းပြီး ရန်ကုန်က သတင်း ပေးပို့ထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ အရေးပေါ်အခြေအနေကို ၆ လ သက်တမ်းတိုး ထားခဲ့တာ အခု ဇန်နဝါရီလ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီး ပထမဆုံးအကြိမ်မှာ တနှစ် သက်တမ်းတိုးခဲ့ပြီးတဲ့နောက် ခြောက်လစီနဲ့ ၆ ကြိမ် သက်တမ်းတိုးပြီး အခုအထိ အုပ်ချုပ်လာခဲ့တာ ခုဆိုရင် ၄ နှစ် ပြည့်တော့မှာပါ။ ဒီတကြိမ်မှာလည်း အရင်အခေါက်တွေလိုဘဲ တိုက်ပွဲတွေဖြစ်နေတာနဲ့ ရွေးကောက်ပွဲ ကျင်းပရေးတို့ကို အကြောင်းပြကာ ပုဒ်မ ၄၂၅ ကို ဆက်သုံးပြီး နောက်ထပ် ၆ လ တိုးသွားနိုင်တယ်လို့ သုံးသပ်သူတွေက ရှုမြင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင် ၃၁ ရက်က သက်တမ်းတိုးခဲ့ချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းလို့ မတက်ရောက်နိုင်တာကြောင့် အဲဒီကတည်းက စစ်ခေါင်းဆောင်က ယာယီသမ္မတ တာဝန်ယူပြီး ကာလုံကို ဦးဆောင်ကျင်းပခဲ့တာပါ။ ဒီတခေါက်မှာလည်း သူပဲ ဦးဆောင်ကျင်းပဖွယ် ရှိပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ ရွေးကောက်ပွဲမလုပ်နိုင်သေးသရွေ့တော့ ပုဒ်မ ၄၂၅ ကို ဆက်သုံးပြီး နောက် ၆ လ သက်တမ်းတိုးသွားနိုင်သလို ရွေးကောက်ပွဲလုပ်ဖို့ ယာယီအစိုးရတရပ်ဖွဲ့တာ၊ အစိုးရပုံစံတမျိုးပြောင်းလဲတာမျိုးလည်းဖြစ်လာနိုင်တယ်လို့ သူကယူဆပါတယ်။
"လုပ်နိုင်တာ သုံးလေးမျိုး ရှိတယ်။ လာမယ့် ခြောက်လအတွင်း ရွေကောက်ပွဲ မလုပ်နိုင်သေးရင်တော့၊ ခြောက်လစွန်းစွန်းမှာ မလုပ်လိုက်နိုင်တော့ သာမန်အားဖြင့်တော့ ခြောက်လတကြိမ် သက်တမ်းတိုးပြီး နောက် ၆လ ကျရင်တော့ သူတို့ ဖွဲ့စည်းပုံအတိုင်း ကာလုံကိုပြန်လွှဲပြီး ရွေးကောက်ပွဲလုပ်လိမ့်မယ်။ လာမယ့်ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပရင်တော့ စစ်ကောင်စီက ခုတကြိမ်မှာ ကာလုံကို အာဏာပြန်အပ်၊ အဲကနေ သက်ဆိုင်ရာသမ္မတဦးစီးပြီးတော့ ရွေးကောက်ပွဲကိုခြောက်လ ပြင်ဆင်ချိန် ယူလုပ်ရမယ်ပေါ့။ နောက်လုပ်နိုင်တာတခုကတော့ ရွေးကောက်ပွဲမကျင်းပခင် ခုလို ခြောက်လတကြိမ် အပြောင်းအလဲမှာ အစိုးရပုံစံပြောင်းဖွဲ့လာ တာမျိုးပေါ့။"
ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးတွေတုန်းက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောဖူးသလို အစည်းအဝေး တော်တော်များများမှာလည်း ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့လုပ်မယ်လို့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် မကြာသေးခင် ဗွီအိုအေရထားတဲ့သတင်းတွေအရ ဒီနှစ်ထဲမှာရွေးကောက်ပွဲကျင်းပဖို့ ခက်ခဲဦးမှာမို့ လာမယ့်နှစ် နှစ်စထဲမှာမှ ရွေးကောက်ပွဲကိုကျင်းပဖို့ စစ်ခေါင်းဆောင်ဘက်က စဉ်းစားချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက အရေးပေါ်ကာလကိုခြောက်လတကြိမ် သက်တမ်းတိုးနေတာ အခုဆိုရင် (၆) ကြိမ်ရှိပြီ ဖြစ်ပါတယ်။ သက်တမ်းတိုးကာလမှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်လာနိုင်ဖွယ်နည်းတယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး နယ်မြေ မတည်ငြိမ်မှုတွေ ပိုတိုးလာတဲ့အခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လက်တွေ့မကျဘူးလို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲကို အမေရိကန်၊ ယူကေနဲ့ အနောက်နိုင်ငံတွေက ကန့်ကွက် ထားကြသလို ဒေသတွင်း အာဆီယံဥက္ကဋ္ဌ မလေးရှားအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း ရွေးကောက်ပွဲထက် အပစ်အခတ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေစဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။
လက်တွေ့မှာလည်း စစ်ဘောင်ပိုကျယ်လာသလို စစ်ရေးဖိအားတွေကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ မြို့ပေါင်း ၉၀ ကျော်လောက်ကို လက်လွှတ်ဆုံးရှုံး ထားရတာပါ။ ဒီတခေါက် (၆) လသက်တမ်း ထပ်တိုးခဲ့ရင်လည်း စစ်ဘောင်က အရင်ကထက် ပိုကျယ်လာဖွယ်ရှိတာမို့ တိုင်းပြည်တည်ငြိမ်ရေးအတွက် ပိုရင်လေးဖွယ်ဖြစ်လာမယ်လို့ သုံးသပ်သူတွေ ရှိလာပါတယ်။ လက်ရှိမှာ ငြိမ်းချမ်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဖိအားကိုသုံး၊ ငြိမ်းချမ်းရေးစကားတွေပြောနေပေမယ့် ထင်သလောက် ခရီးမပေါက်တာတွေရှိနေတယ်လို့ ထောက်ပြနေတာတွေလည်းရှိနေပါတယ်။
စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီတခေါက် ခြောက်လ သက်တမ်းတိုးပြီး နောက်ပိုင်းမှာလည်း တိုင်းရင်း သားတွေနဲ့ ငြိမ်းချမ်းရေးလုပ်နိုင်ဖို့ ပိုလွယ်ကူလာမှာ မဟုတ်သလို စစ်ဘောင်ပိုကျယ်လာနိုင်ဖွယ်ရှိတယ်လို့ သူက မြင်ပါတယ်။
"စစ်ဘောင်ကတော့ ကျယ်နေပြီးသားပါ။ ခုကတော့ ထပ်ကျယ်လာမှာပေါ့ဗျာ။ ဘာလို့ဆို ရှမ်းမြောက် က လားရှိုးကို စစ်ရပ်စဲရေးတွေ ဘာတွေလုပ်ပေမယ့် တပြည်လုံးမှာက တိုက်ပွဲတွေက ဖြစ်လာနေဦး မှာပါ။ ဒီနှစ်အတွင်းမှာ ဧရာဝတီကော၊ စစ်ကိုင်းကော၊ မကွေးကော တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာလိမ့်မယ်။ တချိန်တည်းမှာ တောင်ပိုင်းကအင်အားစုတွေကော၊ ရေး၊ ဘိတ်၊ ထားဝယ်အင်အား စု၊ နောက် ကရင်နီတို့ကော တပြိုင်နက်တိုက်ဖို့ ပြင်နေချိန်လည်းဖြစ်တော့ ဒီအချိန်မှာ စစ်ကောင်စီ ဘယ်နှစ်ကြိမ်မြောက် သက်တမ်းတိုးလဲဆိုတာ ပြည်သူတွေကော တော်လှန်ရေး အင်အားစုတွေ ကောက မစဉ်းစားတော့ပါဘူး။"
နိုင်ငံရေး၊ စီးပွားရေး အကဲခတ်တွေကတော့ ရွေးကောက်ပွဲမလုပ်နိုင်သရွေ့ ဆက်ပြီး ခြောက်လတကြိမ် သက်တမ်းတိုးနေဦးမယ်လို့ ယူဆနေသလို ထပ်ယူတဲ့ ခြောက်လအတွင်းမှာလည်း တိုင်းပြည် တည်ငြိမ်ရေးထက် စစ်ဘောင်ပိုကျယ်နိုင်တယ်လို့ယူဆမှုတွေရှိနေပါတယ်။ တချိန်တည်းမှာပဲ စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက် အနေနဲ့ ဆက်သုံးလာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
Forum