သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်ပေါင်ကြေးနီ ထုတ်လုပ်ရေးလုပ်ငန်းအနီး စစ်ရေးတင်းမာ


ယခင်မှတ်တမ်းဓာတ်ပုံ | ဝမ်ပေါင်ကုမ္ပဏီရှိရာ လက်ပံတောင်းကြေးနီစီမံကိန်းထုတ်လုပ်ရာနေရာ။
ယခင်မှတ်တမ်းဓာတ်ပုံ | ဝမ်ပေါင်ကုမ္ပဏီရှိရာ လက်ပံတောင်းကြေးနီစီမံကိန်းထုတ်လုပ်ရာနေရာ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီဟာ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကပဲ သူ့ရဲ့ နယ်မြေတွေကို တိုးချဲ့နေတာကြောင့် မကြာခင် တိုက်ပွဲတွေ ဖြစ်လာတဲ့အထိ အခြေအနေ တင်းမာလာနိုင်တယ်လို့ စစ်တိုင်းကိုင်းတွင်းက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ လိုအပ်ရင် ဝမ်ပေါင်ကုမ္ပဏီကို တိုက်ခိုက်ဖို့ လက်နက် အင်အား အကူအညီ တောင်းထားပြီးပြီ လို့လည်း ပြောဆိုကြပါတယ်။ စစ်ကိုင်းတိုင်းဘက်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

တရုတ်ဝမ်ပေါင် ကုမ္ပဏီဟာ အနီးအနား ကျေးရွာတွေအထိ ကုမ္ပဏီရဲ့ ကြေးနီထုတ်လုပ်ရေး လုပ်ငန်းခွင်ကို ချဲ့ယူလာနေတဲ့အတွက် စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်တွေနဲ့ သပိတ် အင်အားစုတွေက ဒီရက်ပိုင်းထဲမှာပဲ ကန့်ကွက်စာတွေ ထုတ်ပြန်ခဲ့ကြတာပါ။ ဒါပေမဲ့ ဝမ်ပေါင်ကုမ္ပဏီက ဒါကို လစ်လျူရှုပြီး စစ်ကောင်စီဘက်က လုံခြုံရေးအင်အား အများအပြား ရယူပြီး ဒီနေ့ ဩဂုတ်လ ၁၄ ရက်အထိ နယ်မြေတွေကို တိုးချဲ့ယူထားပါတယ်။

ပျူစောထီး အယောက် ၃၀၀ နဲ့ တိုက်ခိုက်ရေးနဲ့ လက်နက်ကြီးပစ်ကူ အင်ဂျင်နီယာတပ်တွေက အင်အား စုစုပေါင်း ၇၀၀ လောက်ကို ဝမ်ပေါင်ကုမ္ပဏီ ပတ်ဝန်းကျင်မှာ ဖြည့်တင်းထားတဲ့အကြောင်း ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်စစ်နိုင်က ပြောပါတယ်။ ဒါ့အပြင် တရုတ်စစ်သားတွေလည်း လက်နက်အပြည့်အစုံနဲ့ ရောက်နေပြီး အခြေအနေ တင်းမာနေတာကြောင့် မကြာခင် တိုက်ပွဲ ကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

"လွန်ခဲ့တဲ့ ၂ နာရီ ၄၀ လောက်က သူတို့ တရုတ်စစ်သားတွေပါ ဒီမှာ လုံခြုံရေးလာယူတဲ့ အနေအထားမျိုး လုပ်လာတယ်ဗျ။ တရုတ်အလံနဲ့ တရုတ် ယူနီဖောင်းနဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ မျက်နှာချင်းဆိုင် ဆင်နှစ်ကောင်ရှေ့က တရုတ်နေတဲ့ အဆောက်အဦးထဲ ဝင်သွားတယ်ဗျ။ ၂၀ လောက် ရှိတယ်။ သူတို့ ကြိုက်သလောက် လုံခြုံရေးချထား။ ဖြစ်နိုင်ရင် ဒီ တတောင်လုံးကို ပိုက်စိပ်လို အပြည့်ချထားလည်း ကျနော်တို့က ခေါင်းထဲ ထည့်မှာ မဟုတ်ဘူးလေ။ ကျနော်တို့က သူတို့လုံခြုံရေးချထားတာ ကြောက်နေမယ်ဆိုရင် အစကတည်းက လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖြစ်မှာမှ မဟုတ်တာ။"

ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ ၃၀ ကျော်က ဝမ်ပေါင်ကုမ္ပဏီကို တိုက်ခိုက်ဖို့ လက်နက်ကြီး အကူအညီတွေကို မဟာမိတ်တွေဆီက ရယူထားပြီး ဖြစ်တယ်လို့လည်း ဗိုလ်စစ်နိုင်က ပြောပါတယ်။

"ဝမ်ပေါင်ကုမ္ပဏီ ကျူးလွန်တာတွေကို အရေးယူဖို့ local အင်အားတွေ စုစည်းပြီးတော့ ကျနော်တို့ လက်နက်ကြီး အဖွဲ့တွေကို အကူအညီ တောင်းနေတယ်ဗျ။ မကြာခင်မှာ စစ်ရေး ဆောင်ရွက်မှု ကြီးကြီးမားမား လုပ်ဆောင်ဖို့ ပြင်နေတယ်ဗျ။ ဘယ်နေရာကနေ လက်နက်ကြီး တောင်းထားတယ်ဆိုတာ ပြောလို့မရဘူးပေါ့နော်။ ပစ္စည်းတွေက 107 mm (၁၀၇ မမ) တွေလည်း ကျနော်တို့ လက်ထဲကို ပိုင်ဆိုင်ထားပြီးပြီ။ အချိန်မရွေး ကျနော်တို့ ကောက်ထုမှာ။"

မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ မြောင်၊ မြိုင်၊ မကွေးတိုင်း၊ ယောမြို့၊ ဆောမြို့စတဲ့ ဒေသအစုံက လက်နက်ကိုင် အဖွဲ့ ၃၀ ကျော်က လက်နက်ကြီး ပစ်ကူတွေ အကူအညီ ရထားကြောင်း ပြောပါတယ်။ လက်ရှိမှာ မြေပြင်သပိတ် ကော်မတီတွေက တရုတ်အစိုးရကို ဆန္ဒပြ တောင်းဆိုနေပြီး နိုင်ငံရေးနည်းနဲ့ စစ်ပွဲကို ရှောင်ရှားဖို့ ကြိုးပမ်းနေကြောင်း သပိတ်ကော်မတီ တချို့က ဗွီအိုအေကို ပြောပါတယ်။ ဝမ်ပေါင်ကုမ္ပဏီ က ခြံစည်းရိုးကို ဆက်ခတ်နေမယ်။ တရုတ်အစိုးရကလည်း ရေငုံနှုတ်ပိတ် ဆက်ရှိနေမယ် ဆိုရင်တော့ တိုက်ပွဲက အမှန်တကယ် ရှိလာလိမ့်မယ်လို့ သူက ပြောပါတယ်။

ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်အောင် မလုပ်ရဘူးလို့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေက သတိပေးထားပါတယ်။ စစ်ကိုင်းတိုင်းက လက်နက်ကိုင်တွေကတော့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင် ဒီထုတ်ပြန်ချက်ဟာ မြောက်ပိုင်း လက်နက်ကိုင်တွေရဲ့ ဒေသအတွက်သာ အကျိုးပြုပြီး စစ်ကိုင်းတိုင်းမှာတော့ ဒေသအကျိုး မဖြစ်ဘူးဆိုရင် လက်ခံမှာ မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

"အဓိကတော့ဗျာ သူတို့ တရုတ်ကုမ္ပဏီနဲ့ တရုတ် နိုင်ငံသားတွေနဲ့ တရုတ်သံရုံးကို တိုက်ရိုက်ပြောချင်တာက ကျနော်တို့တိုင်းပြည်မှာ သယံဇာတ တူးဖော်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပါဦး။ ကိုယ့်အကျိုးစီးပွားပဲ မကြည့်ပါနဲ့။ အဲလိုမျိုး တဲ့ပြောချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ လာပြီး ဂုတ်သွေးစုပ်တာတော့ ကျနော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။"

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ၊ သယံဇာတရေးရာ ဝန်ကြီးဌာနကတော့ တရုတ်စစ်သားတွေ ရောက်လာတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ အဲ့လို ဝင်လာလို့ မရကြောင်း ပြောပါတယ်။

"ဝမ်ပေါင် စီမံကိန်းနယ်ထဲကိုတရုတ်စစ်သားတွေ လာတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်ထဲ နိုင်ငံထဲကို ဝင်လို့မရပါဘူး။ ဒုတိယ ခြံစည်းရိုးခတ်တဲ့ကိစ္စ သူတို့ သတ်မှတ်ပေးထားတဲ့ ဧရိယာ နယ်နမိတ်ကိုပဲ လုံခြုံမှုအရ ခတ်ခြင်း ဖြစ်ပါလိမ့်မယ်။တိုးပြီးလည်း ခတ်လို့မရပါဘူး။ကျနော်တို့ ဒေသအစိုးရ ဒေသအဖွဲ့လည်း လက်မခံပါဘူး။ သူတို့လည်း မလုပ်ပါဘူး။ နောက်တပိုင်းကတော့ သွားလို့လာလို့ရပါတယ်။ ကျနော်တို့ ပြည်သူတွေ ရောင်းဝယ်ဖောက်ကားတာ၊ သီးနှံတွေ ရောင်းဝယ်နေကြတာ၊ကုန်စည် ကူးသန်း ရောင်းဝယ်နေတာ ရှိပါတယ်။"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာလည်း စစ်ကိုင်းတိုင်းက လက်နက်ကိုင် အဖွဲ့ပေါင်းစုံက ဝမ်ပေါင်ကြေးနီ ကုမ္ပဏီပိုင်နက် ဧရိယာထဲကို အဝေးပစ်ဗုံး ၂၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဝမ်ပေါင် ကုမ္ပဏီကို လုံခြုံရေး ယူပေးထားတဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှိုခဲ့တဲ့အတွက် ဒါကို တုံ့ပြန်ခဲ့တာလို့ စစ်ကိုင်းတိုင်းက လက်နက်ကိုင်တွေက ဗွီအိုအေကို ပြောခဲ့ပါတယ်။ အဲဒီတုန်းက ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်လို့ တရုတ်ကုမ္ပဏီဘက်က တိတိကျကျ မစွပ်စွဲခဲ့ပေမဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ တရုတ်ကုမ္ပဏီဘက်က ကြေညာချက်ထုတ်ပြီး သတိပေးခဲ့ပါတယ်။ သူတို့အနေနဲ့ ကြေးနီ ထုတ်လုပ်တာကို လက်ရှိမှာ ရပ်နားထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပေမဲ့ ကြေးနီစီမံကိန်းက ဆက်လည်ပတ်နေပြီး ကြေးနီသယ်ယူတဲ့ လမ်းတလျှောက်ကိုလည်း စစ်ကောင်စီက လုံခြုံရေး ယူပေးထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG