သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုမြအေး ၅၀၅-ဂ စီရင်ချက်နဲ့ ကိုဝေမိုးနိုင် ၂ မှု စွဲချက် တင်သင့်မသင့် မကြာခင်ဆုံးဖြတ်ဖို့ရှိ


မုံရွာမြို့ကစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ကိုဝေမိုးနိုင် (ဝဲ) နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး (ယာ)
မုံရွာမြို့ကစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ကိုဝေမိုးနိုင် (ဝဲ) နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး (ယာ)

[[Zawgyi/Unicode]]

၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးအပေါ် ပုဒ်မ ၅၀၅-ဂ နဲ့ တရားစွဲထားတဲ့အမှုကို မတ်လ ဒုတိယပတ်မှာ အမိန့်ချဖို့ရှိနေပါတယ်။ မုံရွာပင်မသပိတ် လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ပင်ဒါလို့လူသိများတဲ့ ကိုဝေမိုးနိုင်ကိုလည်း သူ့အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက ၂ ခုကို စွဲချက်တင်သင့် မသင့် ရှေ့သီတင်းပတ်ထဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ စစ်ကောင်စီဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တချို့ ရဲ့ အမှုနောက်ဆက်တွဲအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံထားရသူ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးအပေါ် လူမျိုးစုတခုနဲ့ တခု ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်၊ ဆောင်ရွက်တယ်လို့ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ဂ နဲ့ တရားစွဲထားပါတယ်။ အဲဒီအမှုအတွက် အပြီးသတ်လျှောက်လဲချက်ကို မတ်လ ၁ ရက်နေ့မှာ ပေးရမှာဖြစ်ပြီး မတ်လလယ်ပိုင်းမှာ အမှုအတွက် အဆုံးအဖြတ်ချလိမ့်မယ်လို့ သူ့ရှေ့နေကပြောပါတယ်။

“ကိုမြအေးက ၁၅ ရက်နေ့ကရုံးထုတ်တယ်။ တရားခံအနေနဲ့ သူစစ်ခံပြီးသွားပြီ။ ခံပြ သက်သေမပြဘူး။ အဲဒီမှာ သူဘာတွေပြောလဲ၊ ထုချေသွားလဲဆိုတော့ သူ့ကို ဦးတိုက် လျှောက်စွဲထားတဲ့အီးမေးလ်တစောင်နဲ့ပတ်သတ်လို့ သူကျူးလွန်ခဲ့တာမရှိတာ ပြောတယ်။ NCA တရားဝင် လက်မှတ်ထိုးတုန်းကပါခဲ့တာကို သက်သေပြ သွားတယ်။ နောက် ပြည်တွင်းငြိမ်းချမ်းရေးတွေမှာ သူပါဝင်ခဲ့တာကိုလည်း သက်သေပြသွားပါတယ်။ နောက်တပတ် လကုန်ရက်ပိုင်းမှာ ကျမအပြီးသတ် လျှောက်လဲချက် ပေးရမယ်။ အပြီးသတ်လျှောက်လဲချက်ပေးပြီးရင် နောက်တချိန်းမှာ အမိန့် ချလိမ့်မယ်။ ချဖို့များတယ်။ အပြီးသတ်လျှောက်လဲချက်က ကျမပေးမယ်ပေါ့နော်။”

စစ်ကောင်စီက ဖမ်းဆီးထားတာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကိုမြအေးမှာ နှလုံးရောဂါအပြင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံကြောင့် ထောင်အတွင်းမှာ ခြေထောက်ထဲပိုးဝင်ခဲ့လို့ ခွဲစိတ်ကုသမှုခံထားရပါတယ်။ အခုချိန်ထိ ခြေထောက်ယောင်နေတဲ့အတွက် အသွားအလာ အထိုင်အထ ခက်ခဲနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

“ဒီနေ့ကတော့ အပြင်ဆေးရုံမှာ ရက်ချိန်းရှိလို့ သူ့ကိုပေးထုတ်ပါတယ်ရှင့်။ ထွက်လာ တယ်ဆိုတာ သူအမြဲဆေးရုံရက်ချိန်း ပြန်ပြရတာကို ထောင်ကနေခွင့်ပြုပေးထားတယ်။ ခြေထောက်ကယောင်နေပါတယ်။ မသက်သာပါဘူး။ သူ့အမှုကိစ္စတွေ ရှင်းပြီဆိုမှ ကျန်းမာရေးကိစ္စတွေ ဆက်သွားမယ်လို့လည်း ပြောပါတယ်။ အကောင်းကြီးမရှိဘူး။ ခြေထောက်ကြီးက အမြဲ ရုံးထုတ်လာတိုင်း ယောင်နေပါတယ်။”

ကိုမြအေးဟာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမဖြစ်ခင်ကလည်း ထောင်တွင်းမှာ ချော်လဲပြီး သတိလစ်မေ့မြောသွားခဲ့လို့ ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါသေးတယ်။ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်က တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်းဆိုသူနဲ့ အီးမေးလ် (E-mail) ကတဆင့် ဆက်သွယ်ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ကိုမြအေးဟာ လူမျိုးတခုနဲ့တခုကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ရာရောက်တယ်လို့ဆိုပြီး မင်္လာတောင်ညွှန့်မြို့နယ် ဒုရဲမှူးဇော်မင်း သူဆိုက တရားလိုလုပ်ပြီး တရားစွဲထားတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ဧပြီ ၁၅ ရက် ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရခဲ့ရတဲ့ မုံရွာပင်မသပိတ် လူငယ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း သူ့အပေါ် စွဲထားတဲ့ အမှု ၂ ခုအတွက် စွဲချက်တင်သင့် မသင့်ဆုံးဖြတ်ချက်ကို ရှေ့သီတင်းပတ်မှာ ချနိုင်ခြေရှိတယ်လို့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။ ပင်ဒါလို့ လူသိများတဲ့ကိုဝေမိုးနိုင်အပေါ် အမှုပေါင်း ၈ မှုနဲ့ စစ်ကောင်စီက တရားစွဲထားပြီး အဲဒီထဲက လူသတ်မှု၊ ပြန်ပေးစွဲမှု ၂ ခုအတွက် ပထမဆုံး စွဲချက်တင် မတင် ဆုံးဖြတ်မှာဖြစ်ပါတယ်။

“အမှုကတော့ စွဲချက်မတင်ရသေးပါဘူးရှင့်။ တမှုကိုမှလေ။ လောလောဆယ် အမှုက ၈ မှုရှိပါတယ်။ ဒလန်အမှုရယ်၊ ရဲ ၂ ယောက် အသတ်ခံရတဲ့အမှုရယ်။ ကျန်တာတွေကတော့ ၅၀၅ အမှုတွေပေါ့နော်။ ကျန်းမာရေးအခြေအနေကတော့ကောင်းပါတယ်ရှင့်။ အမှုကတော့ ဒလန်ကို ဖမ်းဆီးမှုက လာမယ့် ၂၁ ရက်နေ့မှာပေါ့နော်စွဲချက်တင်ပါမယ်။ ရဲ ၂ ယောက်သေတဲ့အမှုကတော့ လူသတ်မှုထဲပါတယ် ဆိုတဲ့ စွပ်စွဲခံရတဲ့အမှုကတော့ ၂၃ ရက်နေ့မှာ စွဲချက်တင်ဖို့ရှိတယ်လို့ ပြောပါတယ် ရှင့်။ ဒါပေမယ့် တရားသူကြီးရဲ့ အနေအထားရယ်၊ နောက်လာမယ့် အမှုလိုက်အရာရှိဘာညာပေါ့နော် အခက်အခဲမရှိစစ်နိုင်တယ်။ အားလုံး စစ်နိုင် ပါဝင်နိုင်တယ် ဆိုတဲ့ နေ့မှာတော့စွဲချက်တင်ဖြစ်မယ်ထင်ပါတယ်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်င်ငံအနှံ့ ဆန္ဒပြပွဲတွေမှာ မုံရွာမြို့ ဆန္ဒပြလူငယ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို လူသိများခဲ့ပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ထားချက်အရ ဝေမိုးနိုင်အပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၄ ၊ ၃၀၂၊ ၃၄၂ ၊ ၃၉၅ ၊ ၅၀၅-က တို့အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇ (၁) ၊ ၁၂၄၊ ၅၁၂ တို့နဲ့ပါ တရားစွဲဆိုထားပါတယ်။

စွဲချက်တင်သင့်မသင့်ဆုံးဖြတ်ဖို့ရှိနေတာက ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ရာဇသတ် ကြီးပုဒ်မ ၃၄၂ မတရားဖမ်းဆီးချုပ်နှောင် ပြန်ပေးစွဲမှု တို့ဖြစ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၀၂ က အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်ပြီး ရာဇသတ် ကြီးပုဒ်မ ၃၄၂ က အမြင့်ဆုံးထောင်ဒဏ် ၁နှစ်ထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါ တယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]













==================

XS
SM
MD
LG