တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ သိမ်းယူထားတဲ့ဒေသတွေမှာ တန်ပြန်ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၃ ရက်နေ့မှာပြောခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွေကဖော်ပြကြပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေကို စက်တင်ဘာလ ၃ ရက်နေ့ကတွေ့တာမှာ အခုလို ထည့်သွင်း ပြောဆိုတာ ဖြစ်ပါတယ်။
မြန်မာအမျိုးသား မဟာမိတ်တပ်မတော် (MDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ရှမ်းပြည်နယ်တွင်းက ဒေသတချို့ကို သိမ်းယူထားချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဟာ နိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးစားလာတယ်လို့လည်း သူက စွပ်စွဲပါတယ်။ နယ်မြေသိမ်းတဲ့လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူတွေလို့ သုံးနှုန်းပြီး ဒီအဖွဲ့တွေက စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကိုကာကွယ်ဖို့ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ဖို့လည်း ကြိုးပမ်းနေတယ်လို့ သူကဆိုပြီး လူထု အနေနဲ့ သတိထားကြဖို့ ဆိုပြီး ပြောပါတယ်။ ဒီ အဖွဲ့တွေရဲ့ အခြေအနေ သတင်းရရှိမှုအပေါ် အခြေခံပြီး စစ်တပ်က တန်ပြန်ထိုးစစ်ဆင်မယ်လို့လည်း ပြောပါတယ်။
နိုင်ငံတဝန်းက ဒေသတွေအပေါ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊အခြေခံ အဆောက်အအုံတွေ နေအိမ်တွေပျက်စီးရမှု သတင်းတွေလည်း မကြာခဏ ဆိုသလို ထွက်ပေါ်နေတာပါ။မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်ရေးအတွက် လေယာဉ်ဆီတင်သွင်းမှုကိုကန့်သတ်နိုင်ရေးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကဆောင်ရွက်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်Tom Andrews ကလည်း တိုက်တွန်းထားပါတယ်။
Forum