သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် VK အကောင့် ပိတ်ပင်ခံရ


ရုရှားအခြေစိုက် လူမှုကွန်ယက် ဆိုရှယ်မီဒီယာ VK လို့သိကြတဲ့ VKontakte က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို ပိတ်ပစ်လိုက်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘုန်းတော်ကြီး ဝီရသူတို့ရဲ့ VK အကောင့်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားချက် အများအပြား လက်ခံရရှိခဲ့ပြီးနောက် အပြီးသတ် ပိတ်သိမ်းလိုက်ကြောင်း VK ကုမ္ပဏီက AFP သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် လူမှုကွန်ယက် VK ပေါ်မှာ ရေးသားချက်တွေကို စောင့်ကြည့်နိုင်ဖို့ မြန်မာ စကားပြော ဝန်ထမ်းတွေကိုလည်း ငှားထားတယ်လို့လည်း VK က ထပ်လောင်း ပြောပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ VK အကောင့်မှာတော့ Follow လုပ်ထားသူ ၃ သောင်း ၇ ထောင်လောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ တနလာၤနေ့မှာတော့ VK ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တဲ့ အတွက် အကောင့်ကို ပိတ်ထားတယ်ဆိုတဲ့ စာကိုပဲ တွေ့ကြရပါတယ်။

ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုတွေအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုနဲ့ အရေးယူဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက တိုက်တွန်း ပြောဆိုလိုက်ပြီးနောက်မှာ လူမှုကွန်ယက် Facebook ကနေ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook နဲ့ စစ်တပ်ရဲ့ သတင်းပြန်ကြားရေး Facebook စာမျက်နှာတွေကို ပြီးခဲ့တဲ့ သီတင်း ၃ ပတ် အတွင်း ပိတ်သိမ်းခဲ့တာပါ။ Facebook စာမျက်နှာက ပိတ်သိမ်းခံရပြီးနောက်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ VK အကောင့် ဖွင့်ခဲ့တာပါ။

Facebook ကို မသုံးတော့ဘဲ ရုရှား အခြေစိုက် လူမှုကွန်ယက် VK ကို သုံးကြဖို့လည်း ဖေစ့်ဘွတ်သုံးတဲ့ မြန်မာတွေကြားမှာ လှုံ့ဆော်စည်းရုံးခဲ့ကြတာပါ။ မူဆလင် ဆန့်ကျင်ရေး ဟောပြောတဲ့ ဘုန်းတော်ကြီး ဦးဝီရသူရဲ့ Facebook အကောင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသုံပြုခွင့် တားမြစ် ပိတ်ပင်ခံရပြီးနောက် ဘုန်းတော်ကြီး ဦးဝီရသူကလည်း ရုရှား အခြေစိုက် VK လူမှုကွန်ယက်မှာ အကောင့် ဖွင့်ခဲ့ပေမယ့် အပိတ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG