သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဆိုင်ကလုန်းကြောင့် စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုများပြား


စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)
စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ပြန်လည် ထူထောင်နိုင်ဖို့လည်း ကြိုးစားနေရတာပါ။ စစ်ကိုင်းတိုင်းက မုန်တိုင်းသင့် အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုရန်နိုင် ပြောပြပါမယ်။

ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ မိုးရွာသွန်းပြီး ရေတွေဝင်ရောက်လာတဲ့အတွက် ကျေးရွာချင်းဆက် လမ်းတွေ ပျက်စီးခဲ့ရတာပါ။

မုန်တိုင်းကြောင့်မိုးရွာသွန်းတာများတဲ့အပြင် ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ မြောက်ယမားဆည်ရဲ့ ရေပိုလွှဲတွေကနေတဆင့် ရေတွေလွှတ်တာတွေပါရှိတဲ့အတွက် ရေအမြင့် ၄ ပေကျော်ကျော်အထိ မြင့်တက်ခဲ့ပြီး လမ်းတွေ ပျက်စီးခဲ့ရတာလို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်ရှိအချိန်မှာ သွားလာတာ အဆင်ပြေဖို့ ပြင်ဆင်ဆောင်ရွက်တာတွေ လုပ်နေရတယ်လို့ ပုလဲပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“တံတာားတွေလည်း ၁၃ ခု ၁၄ ခုလောက်ပါသွားတယ်။ ရွာတွေလမ်းကူးပေါ့ဗျာ ရွာချင်းဆက်တွေ တော်တော်များများခရီးပေါက်အောင်သွားမယ့် လမ်းကူးတွေပေါ့ လောလောဆယ် ပုလဲကိုကွင်းတဲ့ သွားလာတဲ့လမ်းတံတားတွေပေါ့။ ဒီမိုခါမုန်တိုင်းက တိုက်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ ဒီ ကျောက်လမ်းဆိုလည်း ကျောက်လမ်း တံတားဗျာ။ ဟိုဘက်တောင်ပေါ် ဝက်ကျတို့ မကျီးတောတို့ဘက်က တံတားတွေလည်း တော်တော်ကျိုးတာပေါ့။ ကျွန်တော်တို့ တတ်နိုင်သလောက် မြို့နယ်အင်အား လေးနဲ့တော့ ထိန်းသိမ်းစောင့်ရှောက်နေကြတယ်ခင်ဗျ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေပေါ့နော်။”

မိုးရေချိန်များတာကြောင့် ပုလဲမြို့ပေါ်က အချို့ရပ်ကွက်တွေလည်း ရေနစ်မြှုပ်တာတွေရှိခဲ့ပြီး အဓိက ကားလမ်းမကြီးဖြစ်တဲ့ ပုလဲ-မုံရွာ-ဂန့်ဂေါ် လမ်းပိုင်းမှာ ရေအမြင့် ၃ ပေကျော်အထိရောက်ခဲ့ပြီး လမ်းတွေ ပျက်စီးခဲ့ရပါတယ်။

အခုလို ကျေးရွာတွေထဲ ရေတွေဝင်ရောက်ခဲ့တဲ့အတွက် အိမ်မွှေး တိရစ္ဆာန်တွေ သေဆုံးခဲ့ရပြီး စိုက်ပျိုးမြေတွေ ပျက်စီးခဲ့ရသလို ကုန်ဈေးနှုန်းလည်း တက်တာရှိတယ်လို့ ဆားလင်းကြီးမြို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“သိုးတွေ ဆိတ်တွေ နွားတွေ အားကြီးသေတာပေါ့ဗျာ။ မိုးကသည်းထန်တော့ တရစပ်ရွာတဲ့အခါကျတော့ ချောင်းရေဘာညာ လာတဲ့အခါကျတော့ ချောင်းရေတွေထဲ အကုန်ပါကုန်ကြတာလေ။ သီးနှံတွေလည်း အကုန်ပျက်စီးကြတာပေါ့ဗျာ။ ဒေသခံတွေက အားကြီး အခက်အခဲဖြစ်ကြတာပေါ့။ အခုက သီးနှံသမားတွေ စိုက်ခင်းသမားတွေက အကုန်ပျက်စီးသွားတာ ရေမြှုပ်သွားတာဆိုတော့ ဘာတခုမှ မရလိုက်ဘူး။ အကုန်ပျက်စီး ကုန်ကြတာ။ သီးနှံကလည်း စိုက်ပျိုးလို့မရတော့ ပြည်သူလူထုတွေ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ သီးနှံတွေ မြုပ်သွားတဲ့အခါကျတော့လည်း အရင်းနှီးပြန်ထူထောင်ဖို့ကလည်း မလွယ်တော့ဘူးဖြစ်နေတယ်။ ကုန်ဈေးနှုန်းက တအားတက်တယ်ခင်ဗျ။ ၁၀၀ ရောင်းတဲ့ ပစ္စည်းဆို ၂၀၀/၃၀၀ လောက်ဖြစ်သွားတယ်။ ဟုတ်တယ် မုန်တိုင်းပြီးမှကို။”

မုန်တိုင်းကြောင့် မိုးသည်းထန်မှုတွေ ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာဆိုရင်လည်း ပဲစိုက်ခင်းတွေနဲ့ စပါးစိုက်ခင်းတွေ ဧက ထောင်နဲ့ချီ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိအချိန်မှာ စစ်ကိုင်းထဲက ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် တိမ်းရှောင်နေရတာတွေအပြင် ရေကြီး နစ်မြှုပ်ခဲ့တာတွေပါ ရှိခဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

ကုလသမဂ္ဂကတော့ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရသူ ၁.၆ သန်း ရှိမယ်လို့ ခန့်မှန်းထားပြီး၊ အရေးပေါ်အကူအညီအဖြစ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG