သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း


စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)
စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မှာ အပျက်အစီး ကြီးမားခဲ့သလို မကြာခင် စတင်တော့မဲ့ စပါးစိုက်ပျိုးရေး အတွက်လည်း ကြီးကြီးမားမား ထိခိုက်ကုန်ပါတယ်။ အလားတူ အဲဒီမုန်တိုင်း နောက်ဆက် မိုးတွေ အဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက် ချမ်းဒေသက မြို့နယ်အတော်များများမှာ ရိတ်သိမ်းခါနီး နွေစိုက်ခင်း အများစု ရေမြုတ် ပျက်စီးကုန်ပါတယ်။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က ဒေသခံတွေကို ဆက်သွယ်ပြီး အခုလို စုစည်း တင်ပြထားပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် ဒေသအတော်များများမှာ နေအိမ်တွေ ပျက်စီးကုန်တဲ့အတွက် ဝမ်းစာစပါးတွေ နဲ့ မျိုးစပါးတွေလည်း ဆုံးရှုံးကုန်ကြပါတယ် ။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ အများစု လယ်သမားတွေက အဓိက အသုံးပြုကြတဲ့ ရိုးရာ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းတွေ အတော်များများလည်း ပျက်စီးတဲ့အထဲ ပါဝင်ပါတယ်။ အဆိုးဆုံးကတော့ ရခိုင်ပြည်က လယ်သမားတွေ စိုက်ပျိုးရေးမှာ အားထားရတဲ့ ကျွဲ၊ နွားတွေ သေဆုံးမှုများပြားခဲ့တာပါပဲ။ အဲဒီလို အခြေအနေတွေကြောင့် ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသတွေက လယ်သမားတွေဟာ မကြာခင် ကျရောက်တော့မဲ့ စပါးစိုက်ပျိုးရေးကို ဆက်လုပ်နိုင်ဖို့ မလွယ်တော့ဘူးလို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း က သူမြင်တွေ့ ၊ ကြားသိရသမျှတွေကို စစ်တွေမြို့ကနေ အခုလိုပြောပါတယ်။

" အထူးသဖြင့် ဆိုလိုရှိရင် စစ်တွေ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ မောင်တော အဲဒီဖက်မှာဆိုလို့ရှိရင် ကျွဲတွေ၊ နွားတွေ တိရိစ္ဆာန်တွေ သေကုန်ကြတာတွေ အများကြီးတွေ့မြင်နေရတာပေါ့။ အဓိက ရခိုင်ကတော့ ထွန်စက်တွေကို အသုံးပြုတာထက် တိရိစ္ဆာန်တွေကို မှီခိုပြီးမှပဲ လယ်ယာ၊ ကိုင်းကျွန်းတွေကို လုပ်ကိုင်စားသောက်လာတဲ့ အလေ့အထတွေရှိတယ်။ ဒီရာသီဆိုရင် ကျမတို့ စပါးစိုက်တယ်။ စပါးစိုက်ဖို့အတွက် အခက်အခဲတွေရှိတယ်။ စပါးစိုက်ဖို့ အခက်အခဲရှိတယ်ဆိုတာက မုန်တိုင်းဒဏ်ကို အများကြီး အလူးအလဲခံရတယ်။ မြေဆီလွှာတွေ ခမ်းခြောက်ကုန်တယ်။ မျိုးစပါးတွေ ဆိုလိုရှိရင် မရှိသလောက်ကို ရှားသွားပြီ။ ဒီရာသီ က စပါးစိုက်တဲ့ဆိုတဲ့အပြင် တခြား ဟင်းသီးဟင်းရွက်တွေ စိုက်တဲ့ရာသီဖြစ်တယ်။ ဆိုတော့ စပါးစိုက်မဲ့ ရာသီမှာ ဝမ်းစာဆန်တွေ ပျက်စီးကုန်တယ်။ ဝမ်းစာလည်း မရှိတော့ဘူး"

အရင်ကတည်းက ဈေးနှုန်းမြင့်တက်နေတဲ့ ဓါတ်မြေသြဇာတွေ နဲ့ လယ်ထွန်စက်သုံး လောင်စာဆီဈေးတွေဟာလည်း အခုအခါမှာ မုန်တိုင်းကြောင့် ပိုပြီးတော့ ဈေးတက်နေပါတယ်။ အဲဒီလို အခြေအနေတွေကို ဖြစ်ပေါ်နေပေမယ့်လည်း လယ်သမားတွေ အပါအဝင် ရခိုင်ပြည်နယ်က ပြည်သူတွေကတော့ အခု လက်တွေ့ကြုံတွေ့နေကြရတဲ့ ပျက်စီးသွားတဲ့ အိုအိမ်တွေ ပြန်လည်ပြင်ဆင်ဖို့ နဲ့ စားနပ်ရိက္ခာ အကူအညီတွေ ရရှိဖို့ပဲ အဓိကဖြစ်နေပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP က ရခိုင်ပြည်နယ်မှာ အကူအညီစတင်နေပြီလို့ ကြေညာထားပါတယ်။ ဒါပေမယ့်လည်း မကြာခင် စတင်ကြရတော့မဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ကိုတော့ အဲဒီအကူအညီတွေထဲမှာ ပါဝင်တယ်လို့ ဖော်ပြကြတာ မရှိသေးပါဘူး။

အဓိက သီးနှံဖြစ်တဲ့ စပါး အပါအဝင် စိုက်ပျိုးရေးကို အချိန်အခါအတိုင်း လုပ်ကိုင်ကြရတာဖြစ်ပေမယ့် ရခိုင်ပြည်နယ်က လယ်သမားတွေကတော့ လတ်တလော မုန်တိုင်းကြောင့် ဒုက္ခရောက်နေတာကိုပဲ ဖြေရှင်းနေကြရပါတယ်။ အဲဒီအတွက် မကြာခင် စပါးစိုက်ပျိုးရမှာကို လှည့်မကြည့်နိုင်၊ ပြင်ဆင်နိုင်ခြင်းမရှိကြသေးပါဘူး။

အလားတူ မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဖက်ခြမ်း ဒေသတွေမှာလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်ရဲ့လေပြင်းတိုက်ခတ်မှုကို တိုက်ရိုက်မခံရပေမဲ့ နောက်ဆက်တွဲ မိုးကြီးတဲ့အတွက် စိုက်ထားတဲ့ နွေသီးနှံတွေ ရေမြုတ်ပျက်စီးကုန်ပါတယ် ။ ဒါပေမယ့်လည်း အဲဒီလို သီးနှံခင်းတွေ ပျက်စီးတာ နဲ့ ရေကြီးတာ ၊ လူသေဆုံးတာတွေကို မီဒီယာတွေကို မပြောဖို့ ဒေသဆိုင်ရာ စစ်ကောင်စီအရာရှိတွေက အထူးသဖြင့် ကျေးရွာဘုန်းကြီးတွေကနေတဆင့် ပိတ်ပင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ မကွေးတိုင်း ၊ ဧရာဝတီမြစ် အနောက်ဖက် ဒေသတွေက စိုက်ပျိုးခင်းတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် က တောင်သူတဦးက အခုလိုပြောပါတယ်။

" သူတို့ စစ်ကောင်စီကြေညာထားတာက ဘာမှမဖြစ်သလိုပဲ။ တကယ်တန်း ပျက်စီဆုံးရှုံးမှုတွေက တော်တော်များတယ်။ ဒီမှာက မိုးဦးကျဖြစ်တဲ့အတွက် နှမ်း နဲ့ ပဲတီစိမ်းပေါ့။ စိုက်ပြီးသား တတောင်လောက်တွေကို ရေနစ်သွားတော့ အကုန်သေကုန်တာပေါ့ဗျာ။ နှမ်းသမားကတော့ အကုန်လုံး ပြန်မရတော့ဘူး။ ပဲတီစိမ်းသမားကတော့ နည်းနည်း ရေမနစ်တဲ့အကွက်တွေပေါ့ ။ ခုံကြတဲ့အကွက်တွေ ကျန်တယ်။ အနိမ့်ပိုင်းတွေအကုန်လုံးကတော့ ရေနစ်ကုန်ပြီး သေသွားတာပေါ့။ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်ပါမယ်။ ဒီဖက်က ပွင့်ဖြူမြို့နယ်ပါမယ်။ ဟိုမြောက်ဖက်က ဆိတ်ဖြူမြို့နယ် အကုန်သွားတာပဲ။ လေဒီလောက်ကြီးမဟုတ်ဘူး။ မိုးများတာက သွန်ချသလို ချတာဆိုတော့ အကုန်ပျက်တာပဲ။ လယ်စိုက်ချိန်က မကြာခင်ရောက်တော့မယ်။ နောက်လထဲလောက်ဆို ပျိုးစထောင်ကြတော့မယ် "

အဲဒီဒေသတွေဟာ ပုံမှန်အားဖြင့် ဆည်ရေသောက် နွေသီးနှံ ပဲတီစိမ်း နဲ့ နှမ်းတွေဟာ အထွက်ကောင်းသလို အိန္ဒိယနဲ့ တရုတ်ကို တင်ပို့ရတဲ့အတွက် ဈေးကောင်းကောင်းလည်း ရရှိကြလေ့ရှိပါတယ်။ အဲဒီသီးနှံတွေ ရိတ်သိမ်းပြီးရင် ဆက်တိုက်ဆိုသလို အဓိက သီးနှံဖြစ်တဲ့ စပါးကို စိုက်ပျိုးကြပါတယ်။ အရင်အရင်နှစ်တွေကဆိုရင် အဲဒီနွေသီးနှံ ပဲတီစိမ်း နဲ့ နှမ်း ရောင်းချပြီး ရလာတဲ့ငွေနဲ့ စပါးစိုက်ပျိုးရေးကို အင်ပြည့်အားပြည့် လုပ်ကိုင်နိုင်ကြပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်တော့ မုန်တိုင်းနောက်ဆက် မိုးရေနစ်မြုတ်ကုန်တဲ့အတွက်ကြောင့် အဲဒီ နွေသီးနှံတွေ ပျက်စီးကုန်တော့ မကြာခင် ပျိုးကြဲရတော့မဲ့ စပါးစိုက်ပျိုးရေးကိုပါ ထိခိုက်နေပါတယ်။

အဆိုးဆုံးကတော့ အခု မိုခါမုန်တိုင်းနောက်ဆက် ရုတ်တရက် မိုးရေကြီးလာတဲ့အတွက် ကျေးရွာတွေ ရေမြုတ်ပြီး လယ်ယာလုပ်ငန်းမှာ ခိုင်းစေ အသုံးပြုကြတဲ့ ကျွဲ၊နွားတွေ အများအပြား ရေနစ်သေဆုံးကုန်ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးတိုင်း ၊ ပခုက္ကူခရိုင် ပေါက်မြို့နယ် က ဒေသခံတဦး က သူအတွေ့အကြုံကို အခုလိုပြောပါတယ်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)
စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ရ၊ အပျက်အစီးများပြား (မေ ၁၅၊၂၀၂၃)

"ရေကြီးတော့ ယာခင်းတွေ နစ်တာပေါ့။ တောင်သူတွေက သစ်ပင်တွေ ဘာတွေ စိုက်တာကို။ ရေက တက်လာတော့ စိုက်ခင်းတွေက ပျက်စီးတာပေါ့။ နှမ်းခင်းတွေ၊ နွေစိုက်ခင်းတွေပေါ့။ မြေပဲခင်းတွေ၊ အကုန်ပျက်တာပေါ့။ လေကတော့ မတိုက်ဖူး ဒီဖက်မှာ ။ တောက်လျှောက်အဆက်မပြတ်ဘူး။ တအားကို ရွာတာ။ ဒီဖက်မှာ နွားတွေ ဆိတ်တွေလည်း ပါသွားကြတာပဲ။ ညီမလေးတို့ရွာထဲမှာ ၄၄ ကောင်ရှိတာ ။ အကုန်လုံးပါသွားတာပဲ"

မိုခါ ဆိုင်ကလုန် မုန်တိုင်း ဒဏ်သင့်တဲ့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံက ဒေသအားလုံးအတွက် အမေရိကန် ပြည်ထောင်စုက ကနဦး အရေးပေါ် အကူအညီ ဒေါ်လာ ၂ သိန်းပေးအပ်ခဲ့ပြီး နောက်ထပ် အကူအညီ ဒေါ်လာ ၁၇ သန်းပေးဖို့ ကြေညာလိုက်ပါတယ်။ အလားတူ ပြင်သစ်နိုင်ငံကလည်း မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွား ၉ သိန်းနီးပါးအတွက် အရေးပေါ် အမိုးအကာတွေ နဲ့ သောက်သုံးရေတွေ အကူအညီပေးဖို့ စီစဉ်နေပါတယ်။ ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံမှာ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁သန်း ၆ သိန်းလောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး OCHAR ရုံးကတော့ မြန်မာနိုင်ငံ မိုခါ မုန်တိုင်းဒဏ် ပြန်လည် ထူထောင်ရေးအတွက် အကူအညီ ဒေါ်လာသန်းပေါင်း ၃၃၃ သန်း အကူအညီတောင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG