သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မုန်တိုင်းသင့်သူတွေ ကူညီရေး အစီအစဉ် AA အဖွဲ့ပါဝင်


ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ ပြန်လည်‌‌ထူထောင်ရေး ကူညီပေးနတဲ့ ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင်များ (မေလ ၂၀၂၃)
ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ ပြန်လည်‌‌ထူထောင်ရေး ကူညီပေးနတဲ့ ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင်များ (မေလ ၂၀၂၃)

မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA အဖွဲ့က ပြန်လည်ထူထောင်ရေးနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ဆေးဝါးနဲ့ အိမ်ဆောက် ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ AA က ပြောပါတယ်။ စစ်ကောင်စီ ပြောခွင့်ရကတော့ နိုင်ငံတကာက အကူအညီပေးလိုသူတွေအတွက် သူတို့အနေနဲ့ တံခါးဖွင့်ထားကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်မြောက်ပိုင်းက ဒေသခံတွေ လတ်တလော ယာယီ အမိုးအကာရဖို့အတွက် ဦးစားပေးအဆင့်အနေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မုန်တိုင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးဝါးကုသပေးတာတွေ၊ လမ်းရှင်းပေးတာတွေနဲ့ သောက်သုံးရေရရှိရေးတို့အတွက် ဆောင်ရွက်နေတယ်လို့ AA က ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက မုန်တိုင်းဒဏ်သင့် မြို့နယ် (၇) ခုလောက်မှာ ပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ မုန်တိုင်းဒဏ်သင့်တဲ့ ဒေသအားလုံးမှာ အချက်အလက်တွေ ကောက်ယူတာတွေ၊ အကူအညီပေးတာတွေ၊ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်နေတာရှိတယ်။ အဓိက အကြီးအကျယ် ပျက်စီးထိခိုက်တဲ့ နေရာတွေကတော့ ရသေ့တောင်ရယ်၊ ဘူးသီးတောင်ရယ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော အဲဒီဒေသတွေမှာ အများကြီးထိခိုက်တယ်။ ဆိုတော့ အဲဒီဒေသတွေကို အဓိကထားပြီး လုပ်ဆောင်နေတာဖြစ်တယ်။ အခုအချိန်ထိတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ မြန်မာစစ်တပ်ဖက်က ကူညီ ကယ်ဆယ်ရေး ပေးတာတွေတော့ မရှိသေးဘူးဗျာ။”

ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ မိုခါမုန်တိုင်းအလွန် ပြန်လည်‌‌ထူထောင်ရေး ကူညီပေးနေတဲ့ ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင်များ (မေလ ၂၀၂၃)
ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ မိုခါမုန်တိုင်းအလွန် ပြန်လည်‌‌ထူထောင်ရေး ကူညီပေးနေတဲ့ ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင်များ (မေလ ၂၀၂၃)

လက်ရှိမှာတော့ ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ညီနောင်မဟာ မိတ်အဖွဲ့တွေနဲ့ ပြည်ပရောက် ရခိုင်ပြည်သူတွေဆီက ရရှိတဲ့ အလှူငွေတွေ ရရှိထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်ကူညီတာလည်း မရှိသေးသလို အလှူငွေတွေ ထောက်ပံ့ပေးတာလည်း မရှိသေးဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ပြည်တွင်းက ကျနော်တို့ ညီနောင်မဟာမိတ်အဖွဲ့အစည်းတွေက လှူတာရှိတယ်။ နောက်ပြီး တော့ တသီးပုဂ္ဂလိကတွေ ကူညီ လှူဒါန်းကြတာတွေ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ပြည်ပရောက်နေတဲ့ ကျနော်တို့ရဲ့ မျိုးချစ် ပြည်ချစ် ရခိုင်အသိုင်းအဝိုင်းတွေ၊ သူတို့က အဓိက လူဒါန်းနေကြတာရှိတယ်။ နိုင်ငံခြားတိုင်းပြည်တွေ၊ အထူးသဖြင့် UN အဖွဲ့အစည်းတွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကတော့ အခုအချိန်ထိ ဒါ အလှူငွေတွေ လက်ခံရရှိတာ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။”

ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မိုခါ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အကူအညီတွေ စပေးနေပြီလို့ Twittre လူမှုကွန်ယက်ကနေ မေလ ၂၃ ရက်၊ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဗိုလ်ချုပ်အဆင့်၊ ဒါမှမဟုတ် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ သူတွေကို တမြို့နယ် တယောက် တာဝန်ပေးပြီး အင်တိုက် အားတိုက်လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံကာက အကူအညီပေးလိုသူတွေအနေနဲ့လည်း နိုင်ငံတကာမှာ ရှိထားပြီးဖြစ်တဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ လာရောက်ကူညီပေးနိုင်ဖို့ တံခါးဖွင့်ထားကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“သဘာဝဘေးအန္တရာယ်လုပ်ငန်းစဉ်ပဲဖြစ်ဖြစ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်ပဲဖြစ််ဖြစ် နိုင်ငံတိုင်းမှာ သူ့နိုင်ငံရဲ့ SOP တွေ Standard Operation Procedure တွေရှိပြီးဖြစ်ပါတယ်။ ဒါတွေကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်ရတာဖြစ်ပါတယ်။ မြန်မာတနိုင်ငံတည်းမှာရှိတာမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာကတော့ လေနဲ့ပဲ အသံကောင်းဟစ်မနေပဲနဲ့ သက်ဆိုင်ရာအစိုးရနဲ့ဆက်သွယ်ပြီး သက်ဆိုင်ရာအစိုးရ စည်းမျဉ်းစည်းကမ်းတွေအတိုင်း SOP အတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ မည်သည့်အချုပ်အချာအာဏာပိုင်နိုင်ငံမဆို ဒီအတိုင်းပဲခွင့်ပြုတာဖြစ်ပါတယ်။ ဒီအတိုင်းလုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံကောင်းရာကောင်းကျိုးအတွက် ဒီတိုင်းပဲလုပ်ဆောင်မယ်ဆိုလို့ရှိရင် မည်သည့်အဖွဲ့အစည်းမဆို ကျွန်တော်တို့ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်။"

ရခိုင်ပြည်နယ်ကောင်စီရဲ့ မေလ ၁၈ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် အဆာက်အဦး ၂၄၀,၀၀၀ကျော် ပျက်စီးသွားပြီး၊ ကျပ်သိန်းပေါင်း ၄၆,၀၀၀ကျော် ဆုံးရှုံးခဲ့ရသလို လူပေါင်း တသန်းကျော် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံးကတော့ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အကူအညီပေးဖို့ ဒေါ်လာ ၃၃၃သန်း တောင်းခံထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ မုန်းတိုင်းဒဏ်သင့်ပြည် သူတွေအတွက် တာပေါ်လင်တွေ အရေးပေါ်လိုအပ်နေသလို အစားအသောက်နဲ့ ဆေးဝါးတွေလည်း အရေးပေါ် လိုအပ်နေဆဲဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ ပြန်လည်‌‌ထူထောင်ရေး AA ပါဝင်
ရခိုင်မြောက်ပိုင်းက မြို့နယ် တချို့မှာ ပြန်လည်‌‌ထူထောင်ရေး AA ပါဝင်

“အဓိကလိုအပ်နေတာကတော့ အိမ်အမိုးစ္စည်းတွေ၊ တာပေါ်လင်တွေ အများကြီး လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် လူတွေက အခေါင်မိုးတွေ အများစုပျက်စီးသွားတဲ့အခါကျတော့ အိမ်ခေါင်မိုးဖို့အတွက် လောလောဆယ် ယာယီနေလို့ရအောင် လုပ်ဖို့ဆိုရင် တာပေါ်လလင်တွေ လိုအပ်နေတယ်။ ပြီးလို့ရှိရင် အစားအသောက်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ အဲတာတွေကလည်း အရေးကြီးတယ်။ ပြီးလို့ရှိရင်တော့ ဆေးဝါးပစ္စည်းတွေ အဓိက လိုအပ်နေတယ်။ အခုဆိုရင် ကျနော်တို့ရဲ့ ဆေးအဖွဲ့တွေက ဒုက္ခရောက်နေတဲ့ ဒေသခံ မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီကို တရွာချင်းသွားရောက်ပြီးတော့ စစ်ဒေသအလိုက် သွားရောက် ကုသနေတာရှိတယ်။ ဆေးဝါးပစ္စည်းတွေကတော့ အများကြီး လိုအပ်နေတယ်ဗျာ။”

စစ်ကောင်စီဘက်ကတော့ မေလ ၁၁ရက်နေ့ စာရင်းအရ မုန်းတိုင်းကြောင့် ရခိုင်မှာ လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သေဆုံးသူစာရင်းနဲ့ပတ်သက်လို့ အရင်ထုတ်ထားတဲ့စာရင်းအတိုင်း အပြောင်းအလဲမရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုကေို ဒီကနေ့ ပြောပါတယ်။ တခြားလူမှုကွန်ယက် သတင်းတချို့မှာတော့ မုန်တိုင်းကြောင့် သေဆုံးသူ ၄၀၀ကျော်အထိ ရှိတယ်လို့ ဖော်ပြထားပေမယ့် သေဆုံးသူ အတိအကျကိုတော့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG