လာမယ့် တနှစ်ခွဲကာလအတွင်း အထွေထွေရွေးကောက်ပွဲ မကျင်းပခင် အရေးပါတဲ့ ပေးထားတဲ့ကတိတွေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ တနင်္ဂနွေနေ့က အစိုးရ ဝန်ကြီးအဖွဲ့ အပြောင်းအလဲတွေ ပြုလုပ်တာမှာ အမျိုးသမီး ကာကွယ်ရေးဝန်ကြီးအသစ်ကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
Nirmala Sitharaman ဟာ ၃၅ နှစ်အတွင်း ပထမဆုံး အမျိုးသမီးတဦးအနေနဲ့ အရေးပါတဲ့ ဝန်ကြီးဌာနကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။ သူ့မတိုင်ကတော့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း Indira Gandhi ဟာလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ Nirmala Sitharaman ဟာ ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အိန္ဒိယရဲ့ မြောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ ပါကစ္စတန်တို့နဲ့ တင်းမာမှုတွေ တိုးမြင့် ဖြစ်ပေါ်နေတဲ့အချိန်မှာ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ သူမဟာ စိတ်ဓါတ် ပြင်းထန်သူ၊ ထိရောက် ကျွမ်းကျင်သူ၊ ရှင်းလင်းစွာ ပြောဆို လုပ်ကိုင်နိုင်သူအဖြစ် ချီးမွမ်းခံရသူလည်း ဖြစ်ပါတယ်။
Nirmala Sitharaman ဟာ ဝန်ကြီးချုပ် မိုဒီ အစိုးရအဖွဲ့အတွင်း ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးဖြစ်ပါတယ်။ တခြား အမျိုးသမီးကတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Sushma Swaraj ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီဟာ ကျန်ရှိနေသေးတဲ့ သူ့အစိုးရရဲ့ တနှစ်ခွဲတာ ကာလအတွင်း အစိုးရလုပ်ငန်းတွေ တိုးတက် ကောင်းမွန်ရေး အာရုံစိုက် လုပ်ဆောင်တဲ့အနေနဲ့ ဝန်ကြီးအသစ် ၉ ဦးကို ခန့်အပ်ခဲ့ပါတယ်။