အိန္ဒိယနိုင်ငံမြောက်ပိုင်းက ထင်ရှားတဲ့ ဘာသာရေးဂိုဏ်းခေါင်းဆောင် ဂုရုကြီးတဦးကို မုဒိမ်းမှုဆိုင်ရာစွဲချက်နဲ့ တရားရုံးက ပြစ်ဒဏ်ချမှတ်ဖို့ရှိပြီး လုံခြုံရေး တိုးမြှင့်ချထားပြီးတော့ အေးအေးချမ်းချမ်းပဲ ဖြစ်သွားပါမယ်လို့ Haryana ပြည်နယ် အကြီးတန်း ရဲအရာရှိတွေက တနင်္ဂနွေနေ့မှာ အာမခံပြောဆိုပါတယ်။
ရုန်းရင်းဆန်ခတ်လုပ်တဲ့လူတွေ ရှိလာရင်တော့ အလွတ်ပေးမှာမဟုတ်ဘူးလို့ Haryana ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ B. S. Sandhu က တနင်္ဂနွေနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ သူ့ကိုယ်သူ ဒေါက်တာ Gurmeet Ram Rahim Singh Insan လို့ခေါ်တဲ့ ဂုရုကြီးကို မုဒိမ်းမှုတခုအတွက် အပြစ်ရှိတဲ့အကြောင်း ကြာသပတေးနေ့မှာ တရားရုံးက ဆုံးဖြတ် ထားတာပါ။
ပြစ်ဒဏ်ချမှတ်မယ့် တရားရုံးတည်ရှိတဲ့ Rohtak မြို့မှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့တွေအပြင် ပြည်သူ့စစ်အဖွဲ့ ၂၃ ဖွဲ့ကိုလဲ ချထားပါ တယ်။ ဒါ့အပြင် ကြည်းတပ်ဖွဲ့တခုကိုလဲ အသင့်အနေအထား လုပ်ထားပါတယ်။
Singh မှာအပြစ်ရှိကြောင်း ဆုံးဖြတ်တဲ့နေ့တုန်းက Panchkula မြို့မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီးတော့ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ပန်ဂျပ်ဘ်နဲ့ Haryana ပြည်နယ်တွေမှာ ကားတွေ၊ ရထားဘူတာရုံတွေ၊ ဓာတ်ဆီဆိုင်တွေ မီးတင်ရှို့ခံခဲ့ရပါတယ်။ တနင်္ဂနွေနေ့အစောပိုင်းက ထုတ်လွှင့်တဲ့ ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီရဲ့ သီတင်းပတ်စဉ် ဆွေးနွေးခန်းတခုမှာ ဘာသာရေး၊ နိုင်ငံရေးအယူဝါဒ၊ လူပုဂ္ဂိုလ်တဦး ဒါမှမဟုတ် ထုံးတမ်းစဉ်လာတခုပေါ်မှာ အခြေခံပြီး ကိုးကွယ် ယုံကြည်မှုရဲ့ခေါင်းစဉ်အောက်ကနေ အဓိကရုဏ်းကြီးတွေဖြစ်တာကို သည်းခံမှာမဟုတ်ဘူးလို့ ထည့်ပြောသွားပါတယ်။