သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကုတ်က ပစ်ခတ် တိုက်ခိုက်မှု လက်နက်ကြီးတွေပါ


ဧပြီ ၉ ရက်နေ့က မိုးကုတ်မြို့ မြင်ကွင်း။ (ဓာတ်ပုံ - FACEBOOK via AFP - ဧပြီ ၉၊ ၂၀၂၁)
ဧပြီ ၉ ရက်နေ့က မိုးကုတ်မြို့ မြင်ကွင်း။ (ဓာတ်ပုံ - FACEBOOK via AFP - ဧပြီ ၉၊ ၂၀၂၁)

[Zawgyi/Unicode]

မိုးကုတ်မြို့မှာ တနင်္လာနေ့ညပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တာဟာ တအာင်း (ပလောင်) နဲ့ ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်လာတာကြောင့် တပ်တွေက ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမဲ့ တအာင်း (ပလောင်) ဘက်ကတော့ ငြင်းပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံတွေကြားတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတဲ့ အခြေအနေနဲ့ မိုးကုတ်မြို့ရဲ့ နောက်ဆုံး အခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပါမယ်။

ကချင်၊ ကရင်၊ ရှမ်းစတဲ့ပြည်နယ်တွေမှာ ရှိတဲ့ စစ်တပ်နဲ့ ရဲ အခြေစိုက်စခန်းတွေအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်တာတွေ ရှိနေချိန်မှာပဲ မိုးကုတ်မြို့မှာ တနင်္လာနေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ည ၇ နာရီကျော်လောက်မှာ စပြီး လက်နက်ကြီးတွေနဲ့ ပစ်တဲ့အသံတွေပါ ကြားရတယ်လို့ မိုးကုတ်မြို့ခံ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“၇ ခွဲ ဝန်းကျင်လောက်က စတင်ပြီး သေနတ်သံနဲ့ ဗုံးသံတွေ ကြားတယ်ဗျ။ ကြိုကြားကြိုကြား ပစ်လိုက်၊ ရပ်လိုက်၊ ပစ်လိုက်၊ ရပ်လိုက်နဲ့ အဲဒီလိုကြားတယ်ဗျ။ ကြားပြီးမှ ၉ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီး ပစ်တယ်ဗျ။ ၉ နာရီ ၂၂ မှာ တစ်ခါပစ်တယ်ဗျ။ ၉ နာရီ ၄၅ မှာ တစ်ခါပစ်တယ်ဗျ။ အားလုံး ၃ ခါ ပစ်တယ်။ ၁၀ နာရီနောက်ပိုင်းတော့ မကြားတော့ဘူးဗျ ပစ်တာ။ လူတွေကတော့ အကုန် ကြောက်ကြတာပေ့ါဗျာ။ ကြုံလည်း မကြုံဘူးတော့။”

အခြား မိုးကုတ်မြို့ခံတစ်ဦးကတော့ ဒီပစ်ခတ်မှုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA တအာင်း(ပလောင်) နဲ့ KIA ကချင်တပ်တွေ ဝင်ရောက်လာတာကြောင့် စစ်တပ်နဲ့ ပစ်ခတ်မှုဖြစ်တာလို့ ပြောပါတယ်။

“မနေ့ကတုန်းက မနက်ပိုင်းတည်းက ၉ နာရီ၊ ၁၀ နာရီတည်းက လူတွေက ကြိုကြတာလေ။ ရွှေညောင်ပင်ကနေပြီးတော့... ၂၀၀ - ၃၀၀ လောက် အဖွဲ့ တက်လာပြီဆိုပြီးတော့လေ။ အဲဒါက ညကျတော့ ဒီဘက်က ဘောလုံးကွင်း လမ်းမထိပ်ပေါ့နော်။ အဲဒီဘက်က တစ်ဖွဲ့ဝင်တယ်။ နောက် ၅ မိုင်ဘက်က တစ်ဖွဲ့ဝင်တယ်။ အဲဒါ TNLA ပဲ၊ TNLA နဲ့ KIA ။ ရွာကိုဝင်တဲ့အချိန် ၉ နာရီခွဲဝန်းကျင် ၁၀ နာရီလောက်မှာ လမ်းမထိပ်ဘက်ကို ဝင်တယ်လေ။ ဒီကလည်း အဆင်သင့်ပြင်ထားတော့ လက်နက်ကြီးနဲ့ ထုတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ သူတို့ ဆီကလည်း ပြန်ပစ်တယ်။ ပစ်ပြေးပေါ့။”

နှစ်ဘက်ပစ်ခတ်မှုတွေကြား အရပ်သားတွေ ထိခိုက်တဲ့ သတင်း မကြားရသလို ဒီနေ့မှာ ပစ်ခတ်သံတွေ ထပ်မံမကြားတော့ဘူးလို့လည်း ပြောပါတယ်။

TNLA တအာင်း(ပလောင်)တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်ကတော့ မိုးကုတ်ဒေသဘက်မှာ သူတို့ လှုပ်ရှားတာ ရှိပေမဲ့ တိုက်ပွဲဖြစ်တာ မရှိကြောင်း ပြောပါတယ်။

“လှုပ်ရှားမှုတော့ ရှိတယ်။ ဒါပေမဲ့အဲဒီဘက်မှာ တိုက်ပွဲထိတွေ့မှုတော့ မရှိဘူး။”

တပ်မတော်ဘက်ကတော့ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းမှာ ထုတ်ပြန်တာတော့ မရှိပါဘူး။

မိုးကုတ်ဒေသဟာ TNLA တအာင်း(ပလောင်) တပ်ဖွဲ့နဲ့ SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တွေ အခြေပြုလှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။

မနေ့ညက ပစ်ခတ် တိုက်ပွဲဖြစ်ပုံရပေမဲ့ မိုးကုတ်မြို့ထဲမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ချီတက် ဆန္ဒပြမှုတွေကို ဒီနေ့ ဆက်လုပ်နေကြဆဲဖြစ်ပါတယ်။ မိုးကုတ်ဘက်မှာ ဆန္ဒပြသူတွေကို တပ်တွေ ပစ်ခတ်လို့ သေဆုံးသူကတော့ စုစုပေါင်း ၁၂ ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ကလည်း မိုးကုတ်မြို့က ရေပူဆရာတော်နဲ့ ဖမ်းဆီးခံရသူ ၃၁ ယောက်ကိုတော့ တပ်မတော်ကို အကြည်အညိုပျက်အောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) ထောင်ဒဏ် ၃ နှစ်စီချမှတ်ပြီး မန္တလေးကို ပို့ဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG