သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ္ပါးတောင်


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ပွင့်လင်းလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပတ်ဝန်းကျင် သဘာ၀ ထိန်းသိမ်းရေးရာတွေနဲ့ ပတ်သက်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေရဲ့ အသံတွေနဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ကြားသိ တွေ့မြင်နေရပါတယ်။ ပုပ္ပါးတောင်ချစ်သူများအသင်းဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဦးရဲဝင်းအောင် ဗွီအိုအေ ရန်ကုန် မြန်မာသတင်းဌာနခွဲ တာဝန်ခံ ဦးသားညွန့်ဦး က တွေ့ဆုံ မေးမြန်းထားပါတယ်။

ဦးသားညွန့်ဦး။ ။ ကိုရဲဝင်းအောင် မင်္ဂလာပါခင်ဗျ။ ကိုရဲဝင်းအောင်တို့ အခု လုပ်နေတဲ့ ဒီ ပုပ္ပါးတောင်ချစ်သူများအသင်းပေါ့နော် ဒီအသင်းလေးကို စပြီးတော့ လုပ်ဖြစ်သွားကြတဲ့ စိတ်ကူးစိတ်သန်းလေးပေါ့ အဲ့ဒါလေးနဲ့ပတ်သက်လို့ အရင် ရှင်းပြပေးပါလား။

ဦးရဲဝင်းအောင်။ ။ စိတ်ကူးစိတ်သန်းဆိုတာကတော့ အမှန်တကယ်ကတော့ ကျနော်တို့ ပုပ္ပါးတောင်ကို ချစ်တယ်ဆိုတာက မွေးကတည်းက ချစ်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုရင် ပုပ္ပါးရေကိုသောက်ပြီး ပုပ္ပါးအရိပ်ကို ခိုလှုံလာခဲ့တဲ့ ကျောက်ပန်းတောင်းသားတွေဆိုတော့ မွေးကတည်းက ချစ်ခဲ့ပေမဲ့ ချစ်ခွင့်ပန်လို့ ချစ်ခွင့်မရခဲ့ဘူးပေါ့ဗျာ။ ဘယ်အချိန်မှရခဲ့သလဲဆိုရင် ဒီဘက် ပွင့်လင်းရာသီမှ ရခဲ့တဲ့အခါကျတော့ ၂၀၁၂ စက်တင်ဘာလမှာမှ တို့ပုပ္ပါးတောင်ကိုတော့ တရားဝင် ချစ်ခွင့်ရအောင် ချစ်ကြမယ်ဆိုပြီးတော့ ဘာဖြစ်လို့လဲဆိုရင် ပုပ္ပါးတောင်ကို ဟိုက အနိုင်ကျင့်၊ ဒီက အနိုင်ကျင့်၊ ဟိုကလာပြီးတော့ ထိပ်ကွက်၊ ဒီကလာပြီးတော့ ကတုံးရိတ်ဆိုတာမျိုးတွေကို ခဏခဏ ကြားလာရတဲ့အခါကျတော့ တို့ပုပ္ပါးတောင်ကို ချစ်ကြမယ်၊ တို့ပုပ္ပါးတောင်ကို ကာကွယ်မှဖြစ်တော့မယ်ဆိုပြီးတော့ ပြောရမယ်ဆိုရင်တော့ တည်ထောင်ဖြစ်လာတာပေါ့နော်။

ဦးသားညွန့်ဦး။ ။ အဲတော့ ခုနပြောသလို ထိပါးလာတယ်ဆိုတာက ဘယ်လို အခြေအနေမျိုးကိုလဲ။ ဥပမာတစ်ခု၊ နှစ်ခုလောက် ပြောလို့ရမလား။

ဦးရဲဝင်းအောင်။ ။ ဟုတ်ကဲ့။ ဥပမာဆိုလို့ရှိရင်ဗျာ ဒီပုပ္ပါးတောင်အရှေ့ တောင်ထိပ်ရဲ့ အဓိကနေရာ၊ သစ်တောကောင်းတဲ့နေရာပေါ့နော် အရှေ့တောင်ဘက်မှာ နှစ်ဘက်စိုက်ခင်းဆိုတာကြီးကို စီမံကိန်းကြီး လုပ်လိုက်တဲ့အခါကျတော့ တကယ့်ကို သစ်ပင်၊ တောပင်၊ တကယ့် တကယ့်ကို အုပ်အုပ်ဆိုင်းဆိုင်း သစ်တောကြီးတွေကို ဧက ၃၀၀ လောက် လှဲပစ်လိုက်တယ်။ လှဲပြီးတော့ လက်ဖက်စိုက်မယ်ဆိုပြီးတော့ လုပ်လိုက်တယ်။ လုပ်လိုက်တော့ ဒါဟာဆိုရင် ရှင်းရှင်းပြောရင် ကျနော်တို့ ပုပ္ပါးတောင်ကို ထိပ်ကွက်ခံရတာပဲလေ။ တော်တော် နှမြောစရာ ကောင်းတာပေါ့။ ဒီအတွက် ကျနော်တို့ အကျိုးဆက်ကို ခံစားရမှာက တို့ပုပ္ပါးတောင်ကို အရိပ်ကိုခိုနေတဲ့ တို့ကျောက်ပန်းတောင်းသားတွေ၊ တို့ပုပ္ပါးတောင် ဒေသသားတွေ ခံစားရမှာပဲ။ တို့မကာကွယ်ရင် ဘယ်သူ ကာကွယ်မှာလဲ။ တို့မချစ်ရင် ဘယ်သူချစ်မှာလဲ ဆိုတာမျိုးပေါ့နော်။

ဦးသားညွန့်ဦး။ ။ တဘက်မှာ ခုနလိုမျိုး လက်ဖက်စိုက်ခင်းတို့ ဘာတို့ လုပ်လာတဲ့ အခါကျတော့ရော ရှိနေတဲ့ ဒေသခံတွေအတွက် အကျိုးမဖြစ်နိုင်ဘူးလား။

ဦးရဲဝင်းအောင်။ ။ ဒေသခံတွေအတွက်က ဖြစ်လား၊ မဖြစ်လားဆိုရင် စ စိုက်တုန်းကတော့ ကျနော်တို့က ဒါတွေးစရာရှိပါတယ်။ သို့သော်လည်း အခုတော့ အဖြေပေါ်ပါပြီ။ လုံး၀ မဖြစ်ပါဘူး။ ဘာလို့မဖြစ်လဲဆိုရင် အဲ့ဒီလက်ဖက်စိုက်ခင်းဟာ သူတို့ စိုက်ထားတာဆိုရင် လေး၊ ငါး နှစ်ရှိပြီ။ လက်ဖက်ပင်က တတောင်မကျော်ပါဘူးခင်ဗျ။ အဆင်မပြေဘူး။ မဖြစ်ပါဘူး။ ကျနော်တို့တော ပြုန်းသွားတာသာလျှင်၊ ကျနော်တို့ ဆုံးရှုံးသွားရတာသာလျှင် အဖတ်တင်ပါတယ်။

ဦးသားညွန့်ဦး။ ။ ဟုတ်ကဲ့။ ကိုရဲဝင်းအောင်က ဒီနယ်ခံလည်းဖြစ်တဲ့အခါကျတော့ ဒီပုပ္ပါးတောင် ဒေသတဝိုက်ပေါ့နော် ရာသီဥတု အပြောင်းအလဲက ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ဖောက်ပြန်မှုတွေ ရှိလာလဲ။ ဘယ်လောက်အထိ ဒေသခံတွေအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာလဲ။ အခြေအနေတွေက။

ဦးရဲဝင်းအောင်။ ။ အများကြီးရှိပါတယ်ခင်ဗျ။ အများကြီးရှိပါတယ်ဆိုတာ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် ပုပ္ပါးတောင်ကို ကျောက်ပန်းတောင်းကနေပြီးတော့ ပုပ္ပါးတောင်အခြေကို ရောက်လိုက်တာနဲ့ ရာသီဥတုက အရမ်းကို ပြောင်းလဲသွားတယ်။ အရမ်းကို စိမ့်စမ်းပြီးတော့ နေ့ခင်းနေ့လည်မှာတောင်မှပဲ အနွေးထည် မချွတ်ရဘူး။ ပုပ္ပါးသွားပြီဟေ့ဆိုရင် အနွေးထည်ကို ကျောက်ပန်းတောင်ကနေ ကိုင်သွားရပါတယ်။ ကိုင်သွားပြီး ပုပ္ပါးတောင်ခြေကိုရောက်တာနဲ့ အနွေးထည်ကောက်စွတ်ရပါတယ်။ အဲလောက်ကို ရာသီဥတု ပြောင်းလဲပါတယ်။ အခုတော့ အဲ့လို မဟုတ်ပါဘူး။ ရာသီဥတု ပြောင်းလဲခြင်းဟာလည်း တော်တော်လေး အပူချိန်ဟာဆိုရင် မြင့်တက်သွားတယ်ပေါ့နော်။

နောက်တချက်ကလည်း ရေရရှိမှု၊ ပုပ္ပါးတောင်ဟာ တကယ့်ကို နတ်တောင်လို့ ပြောရင်တောင် နတ်ကနေပြီးတော့ ပုပ္ပါးတောင်ကြီးကနေပြီးတော့ နို့ရည်ညစ်ချလိုက်သလို၊ စိမ့်စမ်းရေတွေ ထွက်ပြီးတော့ အဲ့ဒီစိမ့်စမ်းရေတွေကို ပုပ္ပါးတောင်ဒေသခံတဝိုက်ရော၊ ကျောက်ပန်းတောင်းသူ ကျောက်ပန်းတောင်းသားများရော တကယ့် အဲ့ဒီပုပ္ပါးတောင်က ညစ်ချတဲ့ နို့ရည်ကို သောက်သုံးနေရတာပါ။ စကားပုံတောင်ရှိတယ်ဗျာ။ “ပုပ္ပါးရေ ချိုချိုသောက်၊ ဘေးပျောက်လို့ ရန်ကွာ” ဆိုတာ ဟိုးကတည်းက အစဉ်အဆက်ရှိခဲ့တဲ့ ကျနော်တို့ ဘိုးဘွားလက်ထက်ကတည်းက ရှိခဲ့တဲ့ စကားပုံ။ သို့သော်လည်းပဲ အဲ့ဒီ သဘာဝပတ်ဝန်းကျင်တွေ ခမ်းခြောက်သွားတဲ့အခါကျတော့ ဒီရေထွက်တွေ ခမ်းခြောက်သွားတယ်။ ရေထွက်တွေ ခမ်းခြောက်သွားတဲ့အခါကျတော့ ကျနော်တို့ ကျောက်ပန်းတောင်းသားတွေမပြောနဲ့ ပုပ္ပါးမြို့ပေါ်က မြို့သူမြို့သား၊ ပုပ္ပါးဒေသတဝိုက်မှာ နေထိုင်ကြတဲ့ ရွာသူရွာသားများတောင်မှပဲ ရေကို ၀ အောင် မရတော့ဘူး။ အဲ့ဒါ သဘာဝရဲ့ ကျနော်တို့အပေါ်မှာ ဒဏ်ခတ်ချက်ပေါ့ဗျာ။

ဦးသားညွန့်ဦး။ ။ နောက်တချက်က ပုပ္ပါးတောင်ဒေသ နယ်ခံတွေရဲ့ ဖွံ့ဖြိုးရေးပေါ့နော်။ ဥပမာဆိုလို့ရှိရင် ဒေသပတ်ဝန်းကျင် တော်တော်များများမှာဆိုရင် ရာသီဥတုအရရော၊ ပုဂံလိုနေရာမျိုးနဲ့လည်းနီးတယ်။ အဲတော့ ခရီးသွားလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီး ဖွံ့ဖြိုးလာနိုင်တဲ့ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးပေါ့။ အဲ့လိုအနေအထားမျိုးမှာရော သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှု၊ နောက်တခုက ဒေသခံအခြေအနေနဲ့ စိုးရိမ်ပူပန်မှုပေါ့ ကိုရဲဝင်းအောင်မှာ ဘာများရှိလဲ။

ဦးရဲဝင်းအောင်။ ။ ရှိတာပေါ့ဗျာ။ ဒီ Human Development မှာပေါ့နော် လူတွေရဲ့ဖွံ့ဖြိုးမှုအရတော့ ဟုတ်လား ခရီးသွားတွေလာမယ်။ နောက်ပြီးတော့ လည်မယ်ပတ်မယ်။ ဒါ ကောင်းပါတယ်။ ကျနော်တို့နိုင်ငံအတွက်လည်း ကောင်းပါတယ်။ သို့သော်လည်းပဲ ဒီဟာတွေအတွက်ကို ကျနော်တို့ ဒီသဘာဝပတ်ဝန်းကျင်ကြီးကို သစ်ပင်တွေကို ခုတ်လဲှမယ်။ ခုနပြောသလို လက်ဖက်စိုက်ဖို့အတွက် ခုတ်လှဲသလို လိုက်ခုတ်လှဲမယ်။ ဟိုတယ်ကြီးတွေ ဆောက်မယ်။ တကယ့် ဟိုတယ်ဇုံကြီးတွေ လုပ်မယ်။ အဆောက်အဦးတွေ လုပ်မယ်ဆိုရင် ဒါ ကျနော်တို့ နစ်နာမှာကတော့ သဘာဝပတ်ဝန်းကျင်ပဲ။ နစ်နာမှာကတော့ ကျနော်တို့ရဲ့ မိခင် ပုပ္ပါးတောင်ပဲ။ အဲ့ဒါမျိုးကိုတော့ ကျနော်တို့ မလိုလားဘူး။ ဥပမာအားဖြင့်ပြောမယ်ဆိုရင် သစ်တောပညာရှင် ကျနော်တို့ဆရာကြီး ဘဘအုန်းရှိပါတယ်။ ဘဘအုန်းဟာဆိုရင် ဒီပုပ္ပါးကို နှစ်ပေါင်းများစွာ ဒီပုပ္ပါးထိန်းသိမ်းရေးကို သူ တာဝန်ယူပြီး လုပ်လာခဲ့တာ။ လုပ်လာခဲ့တဲ့အခါကျတော့ ဒီပုပ္ပါးတောင် Resort (အပန်းဖြေနေရာ) ကို စပြီးတော့ သူ တည်ထောင်ခဲ့တာ။ သို့သော်လည်းပဲ အဲ့ဒီ Resort (အပန်းဖြေနေရာ) ကို ဟိုတယ်အဖြစ် အသုံးပြုတော့မယ်၊ ဟိုတယ်အဖြစ် ပြောင်းလဲတော့မယ်ဆိုတဲ့အခါကျတော့ ဘဘအုန်းက လက်သီးလက်မောင်းတန်းပြီး ကန့်ကွက်ပါတယ်။ ကန့်ကွက်လို့မရတဲ့အတွက် ဘဘအုန်းကနေပြီးတော့ ပုပ္ပါးကို ဝမ်းနည်းစွာနဲ့ မျက်ရည်စက်လက်နဲ့ လမ်းခွဲသွားပါတယ်။

ဦးသားညွန့်ဦး။ ။ တဘက်မှာ ဒီလိုမျိုးလုပ်ငန်းတွေကြောင့်မို့လို့ ပေါ်လာမယ်ဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ရလာမယ်။ တဘက်က အဲ့ဒါမျိုးတွေရော ဖြစ်မလာနိုင်ဘူးလား။

ဦးရဲဝင်းအောင်။ ။ တကယ်တမ်းကျတော့ အခု ပုပ္ပါး Resort (အပန်းဖြေနေရာ) ကိုပဲ ဥပမာယူလို့ရပါတယ်။ တကယ်တမ်းကျတော့ ဒေသခံတွေအတွက် အလုပ်ဟာ ဆယ်ဂဏန်းမပြည့်ပါဘူး။ သူ့ဟာသူ မန်နေဂျာကအစ နိုင်ငံခြားသား ခေါ်လာတာလေ။ နိုင်ငံခြားသားခေါ်လာတယ်။ သူ့ဟာသူ Training လုပ်ပြီးသား ခေါ်လာတာပါ။ ကျနော်တို့ ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိပါဘူး။

ဦးသားညွန့်ဦး။ ။ နောက်တခုက ဒီပုပ္ပါးတောင် ချစ်သူများအသင်းနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ပုပ္ပါးတောင်ချစ်သူများ အသင်းဖွဲ့ပြီးတော့ အခု တနှစ်ကျော်ကျော်ကာလအတွင်းမှာ အဓိက ဘယ်လို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ပေါ့ အဓိကဘာတွေများ လှုပ်ရှားဆောင်ရွက်မှု လုပ်နေသလဲ။

ဦးရဲဝင်းအောင်။ ။ ဟုတ်ကဲ့။ ကျနော်တို့ အပြုသဘောအနေနဲ့ သစ်ပင်စိုက်တယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ အပင်ပေါင်း အားလုံး ၁ သောင်း၊ ၅ ထောင်နဲ့ ၉ ရာ စိုက်ပျိုးတယ်။ အပြင်သဘောအနေနဲ့ ဘာလုပ်လဲဆိုရင် ကျနော်တို့ သန့်ရှင်းရေးလုပ်တယ်။ ဘာတွေလုပ်ရသလဲဆိုရင် ဥပမာအားဖြင့် ပုပ္ပါးတောင်ဟာ ရိုးရာယဉ်ကျေးမှုနဲ့လည်း၊ ကိုးကွယ်မှုနဲ့လည်း သက်ဆိုင်နေတာကိုး။ ဥပမာဆိုရင် ဘိုးတော်ထွက်ပွဲ၊ ဘိုးတော်ထွက်ပွဲဆိုတဲ့ ပွဲမျိုးဟာ အရမ်းကို စည်ကားတယ်။ တနိုင်ငံလုံးက လာတယ်။ စည်ကားတယ်။ ဒါပေမဲ့ ရိုးရာအနေနဲ့ သူတို့ ကိုးကွယ်ကြတယ်။ ပွဲအနေနဲ့ လုပ်ကြတယ်။ ဒါကတပိုင်း။ မှန်ပါတယ်။

သို့သော်လည်းပဲ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးအတွက် ကျန်နေခဲ့တာကျတော့ အဲ့ဒီ ထောင်ချီသောင်းချီပြီးတော့ ပြန်သွားတဲ့အခါကျတော့ သူတို့ချန်ခဲ့တဲ့အမှိုက်တွေက ကျနော်တို့ ပုပ္ပါးတောင်ကြီးပေါ်မှာ အင်မတန်မှ ဆိုးဆိုးရွားရွားကြီး ကျန်ခဲ့ပါတယ်။ အဲ့ဒါကို ကျနော်တို့က အမှိုက်ကောက်ရပါတယ်။ သန့်ရှင်းရေးလုပ်ရပါတယ်။

ဦးသားညွန့်ဦး။ ။ နောက် ဒေသခံတွေနဲ့ အကိုတို့ ဆက်ဆံမှုကရော ဘယ်လိုရှိလဲ။ အကိုတို့ အခုလို ဆောင်ရွက်နေတာတွေနဲ့ပတ်သက်လို့ရော ဒေသခံတွေရဲ့ သဘောထား တုံ့ပြန်မှုကရော ဘယ်လိုရှိလဲ။

ဦးရဲဝင်းအောင်။ ။ ဒေသခံတွေကတော့ဗျာ ဘယ်လိုခေါ်မလဲဆိုရင် လှိုက်လှိုက်လှဲလှဲ ရှိပါတယ်။ ဘာလို့ လှိုက်လှိုက်လှဲလှဲရှိလဲဆိုရင် ကျနော်တို့လိုမျိုး ကိုယ့်စရိတ်ကိုယ်ရှာ ကိုယ့်ထမင်းကိုယ်စားပြီး ပုပ္ပါးတောင်ကိုချစ်တယ်၊ ပုပ္ပါးတောင်အနီးတဝိုက်မှာ နေတဲ့သူတွေကို ချစ်တယ်။ ပုပ္ပါးတောင်နဲ့ ထိစပ်နေတဲ့သူတွေကို ကျနော်တို့က ညီအကိုလိုပေါင်းတယ်။ နွေးနွေးထွေးထွေး ဆက်ဆံတယ်ဆိုတာက သူတို့တသက်မှာ ယုံမှမယုံဘဲနဲ့။ အဲတော့ ကျနော်တို့က သစ်ပင်စိုက်တယ်။ သူတို့နဲ့ ပူးပေါင်းစိုက်တယ်။ ကျနော်တို့ ပညာပေး ဟောပြောတယ်။ သူတို့နဲ့ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ သူတို့မှာ ဒါမျိုးမှ မရှိဘဲ။ တသက်လုံးက မကြုံဘူးတဲ့အခါကျတော့ ကျနော်တို့ကို ချစ်ခင်လာတယ်။

ဦးသားညွန့်ဦး။ ။ အရင်တုန်းက ဒီဒေသမှာ ၉ ခရိုင် စိမ်းလန်းစိုပြေရေးဆိုပြီးတော့ စီမံချက်မျိုးတွေ အရင် စစ်အစိုးရလက်ထက်က လုပ်ဖူးတာရှိတယ်။ ဒီအခြေအနေကရော ဘယ်လောက်အထိ အောင်အောင်မြင်မြင်ရှိလဲ။ အခုရော လုပ်နေသေးလား ဆက်ပြီးတော့။

ဦးရဲဝင်းအောင်။ ။ အခုတော့ ဆက်လုပ်တာ မရှိဘူးဗျ။ အဲ့ဒါကလည်း ထုံးစံအတိုင်းပဲ နဝတလက်ထက်မှာ ဒါက ကျနော်တို့ တချက်နှစ်ချက် ပွက်လိုက်တဲ့သဘောပဲ။ နောက်ပိုင်းတော့ ဆက်ပြီး ထူးထူးခြားခြား လုပ်တာ မမြင်ဘူးဗျ။

ဦးသားညွန့်ဦး။ ။ အခု အကိုတို့လုပ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဥပမာ သစ်တောဦးစီးတို့၊ အခြားအစိုးရဌာနပိုင်းတွေနဲ့ရော ဆက်ဆံဆောင်ရွက်မှုရှိလား။

ဦးရဲဝင်းအောင်။ ။ ဒါကိုတော့ ကျနော်တို့ကလည်း နီးနီးကပ်ကပ် ဆက်ဆံပါတယ်။ ကျနော်တို့ကလည်း welcome လုပ်တယ်။ သူတို့ကလည်း ကျနော်တို့က နွေးနွေးထွေးထွေးရှိတဲ့အခါကျတော့ ကျနော်တို့နဲ့ အတူတူရှိပါတယ် ဟုတ်။ ပူးပေါင်းပါတယ်။

ဦးသားညွန့်ဦး။ ။ သစ်တောဦးစီးဘက်ကရော အခု လုပ်နေတာတွေနဲ့ပတ်သက်ပြီး အကို ဘယ်လိုမြင်လဲ။ ဒီစိမ်းလန်းစိုပြေရေးပဲဖြစ်ဖြစ်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ပေါ့။ သူတို့လုပ်နေတာတွေနဲ့ ပတ်သက်ပြီးတော့။

ဦးရဲဝင်းအောင်။ ။ ဒါကတော့ သူတို့လုပ်နေတာကတော့ သူတို့ဌာနဆိုင်ရာ ဘောင်အတွင်း သူတို့စည်း၊ သူတို့ကမ်း သူတို့ လမ်းညွှန်ချက်နဲ့ လုပ်တော့လုပ်နေကြပါတယ်။

ဦးသားညွန့်ဦး။ ။ အဲတော့ အခု အကိုတို့ အခု လုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရော အခု ဆက်ပြီးတော့ ဘယ်လောက်အထိ ချဲ့ထွင်ပြီးတော့ လုပ်သွားဖို့ စဉ်းစားချက်တွေရှိလဲ။

ဦးရဲဝင်းအောင်။ ။ ချဲ့ထွင်ချင်တာကတော့ဗျာ ကျနော်တို့ ပြောမယ်ဆိုရင်တော့ ဟို တံမြက်စည်းကို မြင်းလုပ်စီးသလိုပဲ။ ပြေးလို့ရသလောက် ပြေးချင်တာပေါ့။ သို့သော်လည်းပဲ ကျနော်တို့မှာ အခက်အခဲရှိတာက လိုအပ်တဲ့ Fund ပေါ့နော် Fund ရှိမယ်၊ နောက်ပြီးတော့ ဂွက်ကျတာက ကျနော်တို့က ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက် ကျနော်တို့ ဒီ Fund တခုကို ကောက်ဖို့အတွက်က ဘာသာရေးအတွက်ဆိုရင်လည်း လွယ်တယ်။ လူမှုရေးအတွက်ဆိုရင်လည်း လွယ်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖု့ိအတွက် ကျနော်တို့ သစ်ပင်စိုက်ပါမယ်၊ ကျနော်က တောထဲမှာ သစ်ပင်စိုက်တာ။ အဲ့ဒီသစ်ပင်စိုက်ပါမယ်ဆိုပြီးတော့ ကျနော်တို့ ဒီ ရပ်ထဲရွာထဲမှာ စိတ်ဝင်စားမှုက ဘာသာရေးလောက်မရှိဘူး။ လူမှုရေးလောက်မရှိဘူး။ ဒီသစ်ပင်စိုက်တဲ့ကိစ္စကို။ အဲတော့ ကျနော်တို့အတွက် Fund ရရှိဖို့က နည်းနည်းတော့ ခက်တယ်။

သို့သော်လည်းပဲ ဒီသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ အသိအားကောင်းတဲ့သူတွေ၊ နောက်ပြီးတော့ ဒီထက်သန်တဲ့သူတွေပေါ့နော် သဘောပေါက်တဲ့သူတွေကတော့ ထည့်ကြတာ ဝင်ကြတာရှိပါတယ်။ အဲ့ဒါတွေနဲ့ ကျနော်တို့ အသင်းဝင်တွေ စုဆောင်းပြီးတော့ ကျနော်တို့ တတ်နိုင်သလောက် ဆောင်ရွက်နေတာပါ။

ဦးသားညွန့်ဦး။ ။ အခုက လတ်တလော ဒေသခံတွေထဲမှာရော ပုပ္ပါးတောင်ထိန်းသိမ်းရေး သဘာဝပတ်ဝန်းကျင်အရရော ဒီထိန်းသိမ်းရေးနဲ့ပတ်သက်လို့ သူတို့မှာ အသိပညာပေါ့ သူတို့မှာ လုပ်ရမယ်ဆိုတဲ့ စဉ်းစားမှု၊ သဘောပေါက်မှု ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီလို့ ယူဆလို့ရမလဲ။

ဦးရဲဝင်းအောင်။ ။ အဲ့ဒါကတော့ ကျနော်တို့လည်း ဒီနှစ်ထဲမှာ ၂ ကြိမ်ပေါ့နော် ပညာပေး လှည့်လုပ်ပါတယ်။ စိုက်ပျိုးရေးပညာရှင်တွေကိုလည်း ခေါ်တယ်။ သစ်တောပညာရှင်တွေကိုလည်း ကျနော်တို့ အကူအညီ တောင်းတယ်ပေါ့။ ပြီးလို့ရှိရင် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲလည်း တကြိမ်လုပ်ပြီးပြီ။ နောက်ပြီးတော့ ဒီ ပုပ္ပါးမြို့ပေါ်မှာလည်း သစ်တောပညာရှင် ဘဘအုန်းရယ်၊ ဦးဝင်းမျိုးသူရယ်၊ ဆရာတာရယ်၊ ဆရာကိုကျော်သူတို့ရယ် တကြိမ် ကျနော်တို့ လုပ်ပါတယ်။ တဖြေးဖြေးနဲ့ ပြန့်လာအောင်တော့ နယ်ကိုလည်း ဆင်းတယ်၊ ပုပ္ပါးမြို့ပေါ်မှာလည်းလုပ်တယ်။ လုပ်တော့လုပ်တယ်။ သို့သော်လည်းပဲ ကျနော်တို့လုပ်တဲ့ အချိန်ကာလက တနှစ်အတွင်းမှာပဲ ရှိသေးတာဆိုတော့ နည်းနည်း တိုတောင်းသေးတာပေါ့။

ဦးသားညွန့်ဦး။ ။ တနှစ်အတွင်းမှာရော အကိုလုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ရလဒ်ပေါ့နော် ဒီအပေါ်မှာ ကျေနပ်အားရမိလား။ လိုအပ်နေဆဲလို့ မြင်သလား။

ဦးရဲဝင်းအောင်။ ။ အတိုင်းအတာ တခုထိတော ကျေနပ်တယ်။ သို့သော်လည်းပဲ လိုအပ်တာတော့ ရှိနေမှာပဲ။ ကျနော်တို့ ဘာလဲဆိုရင် ခုနကပြောသလို လုပ်နိုင်သလောက် လုပ်ပေမဲ့၊ လုပ်ချင်သလောက်တော့ မလုပ်နိုင်သေးဘူး။ အရာရာတော့ အခက်အခဲ ရှိသေးတာပေါ့နော်။

ဦးသားညွန့်ဦး။ ။ တဘက်က ခုနပြောသလိုပေါ့ အကိုတို့က ဒီဒေသခံတွေကို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ၊ တဘက်မှာ သူတို့ရဲ့ စားဝတ်နေရေးနဲ့ သူတို့ရဲ့ ရပ်တည်မှုအရ အဲ့ဒါတွေနဲ့ ပတ်သက်လို့ရော အခက်အခဲရှိနိုင်လား သူတို့အတွက်၊ ဒေသခံတွေအတွက်၊ ဒီပညာရေးမှုလုပ်ငန်းတွေပေါ့ ဥပမာဆိုလို့ရှိရင် သစ်ဝါးခုတ်တာတွေကအစပေါ့။

ဦးရဲဝင်းအောင်။ ။ အဲ့ဒါက ဒီလိုဗျ တောသူတောင်သားတွေကပြောလို့ နားမဝေးဘူးဗျ။ သူတို့ကို စည်းရုံးရတာလည်း သဘောပေါက်တယ်။ ဆိုပါတော့ ရွာတရွာက ထင်းခုတ်မယ်ဆိုရင် တနှစ်လုံးခုတ်လို့ရှိရင် ၁၀ တန်နဲ့ မပိုဘူးထင်တယ်။ ဒါပေမဲ့ စီးပွားရေးသမားတယောက်က သူတို့လောဘနဲ့ လာပြီးတော့ လုပ်လိုက်တယ်ဆိုရင် ရက်ပိုင်းအတောအတွင်းနဲ့ ခုနပြောသလို ရက်ပိုင်းအတောအတွင်းနဲ့ ဧက ၃၀၀ လောက်ပါသွားတယ်။ ကျနော်တို့က အဲ့ဒါကို ကြောက်တာပါ။ နယ်ခံရွာခံတွေကို ကျနော်တို့ စည်းရုံးနိုင်တယ်။ နောက်ပြီးတော့လည်း တခုရှိတာက သူတို့ကို ဖြည့်ဆည်းပေးရင် သူတို့က ကောင်းကောင်းကြီးကိုပဲ လှိုက်လှိုက်လှဲလှဲကြီးကိုပဲ နာခံတယ်။ ထားပါတော့ဗျာ ကျနော်ပြောမယ်။ အခု ဒီပုပ္ပါးတောင်တဝိုက်မှာ ပုပ္ပါးကို မှီခိုနေတဲ့ရွာ ၃၁ ရွာရှိတယ်။ ဒီ ၃၁ ရွာလုံးမှာ မီးရတဲ့ရွာက လက် ၅ ချောင်းမပြည့်ဘူး။ သူတို့ကိုသာ လျှပ်စစ်မီး ပေးကြည့်ပါလား။ လျှပ်စစ်မီးရရင် ဘယ်ရွာကမှ တောထဲဝင်ပြီး ထင်းမချိုးတော့ဘူး။ ခလုတ်နှိပ်ချက်မှာပေါ့။ အဲ့ဒီလိုမျိုးပေါ့နော် ကျနော်တို့မှာ Human Resource ဖြည့်ဆည်းဖို့ လိုတာပေါ့။ တကယ်လို့ ဖြည့်ဆည်းနိုင်တဲ့ပုဂ္ဂိုလ်တွေက ဖြည့်ဆည်းတယ်ဆိုရင် Human Resource ကို ဖြည့်ဆည်းတယ်ဆိုရင် ကျနော်တို့ကလည်း Natural Resource ကို ကျနော်တို့ ကာကွယ်ရာ ရောက်ပါတယ်။

ဦးသားညွန့်ဦး။ ။ ကိုရဲဝင်းအောင် ဗွီအိုအေကို အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
XS
SM
MD
LG