သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝေမိုးနိုင်ကို ထောင် အနှစ် ၂၀ ထပ်ချ


မုံရွာသပိတ်ဦးဆောင်ခဲ့သူ ကိုဝေမိုးနိုင်
မုံရွာသပိတ်ဦးဆောင်ခဲ့သူ ကိုဝေမိုးနိုင်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းဆန္ဒပြမှုတွေမှာ လူသိများတဲ့ မုံရွာသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ဒီနေ့ထပ်မံချလိုက်ပါတယ်။ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အမှုအတွက် ထပ်ပြီးထောင်ချလိုက်တာပါ။ အခုဆိုရင် သူထောင်ဒဏ်ချခံရတဲ့ နှစ်စုစုပေါင်းက ၅၄ နှစ်ဖြစ်ပါတယ်။ ဒီသတင်းပေးပို့ချက်အပေါ် အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပင်ဒါလို့ လူသိများတဲ့ မုံရွာသပိတ်ကော်မတီ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာအကျဉ်းထောင်ကနေ ထောင်ဒဏ် အနှစ် ၂၀ နှစ် ထပ်ချလိုက်ပါတယ်။ သိထားသလောက် သူ့အပေါ်စွဲဆိုထားတဲ့ အမှုပေါင်း ၁၃ မှု ထဲက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ချလိုက်တာဖြစ်တယ်လို့ မုံရွာသပိတ်ကော်မတီဝင် တဦး ဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ဗွီအိုအေကို ပြောပြပါတယ်။

"ဒီနေ့ပန်ဒါကို မုံရွာထောင်တွင်းတရားရုံးကနေ ပုဒ်မ ၁၂၂နဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်ဗျ။ အမှုအတွက်လောလောဆယ် ဘာမှဆက်လုပ်ဖို့မရှိပါဘူး။ ဒီတရားရုံးတွေကိုယ်တိုင်က စစ်တပ်အလို ကျ လုပ်ပေးနေကြတာပေါ့နော်. အဲလိုလုပ်ပေးနေတဲ့ ပြယုဒ်သတ်သတ်လို့ဘဲ မြင်တယ်။ ဒီလိုမတရား အမိန့်ချတာကိုတော့ကျနော်တို့အသိအမှတ်မပြုဘူး။"

ကိုဝေမိုးနိုင်ဟာ စိတ်ဓါတ်ကြံခိုင်နေဆဲဖြစ်ပြီး ကျန်းကျန်းမာမာပဲလို့ သူ့ကိုထောင်ဝင်စာတွေ့ခဲ့သူတွေက ပြောပြပါတယ်။ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်သလို ပင်ဒါလို့ လူသိများတဲ့ ကဗျာဆရာလည်းဖြစ်သူ ကိုဝေမိုးနိုင်ဟာ စစ်အာဏာသိမ်း ဆန့်ကျင် လှုပ်ရှားမှုတွေကို တက်တက်ကြွကြွလုပ်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တုန်းက စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး သပိတ်တစ်ခုကနေအပြန် သူစီးလာတဲ့ ဆိုင်ကယ်ကို မုံရွာမြို့ လမ်းမကြီးတစ်နေရာမှာ စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်

ဖမ်းဆီးခံရပြီးနောက် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ၆ မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ဓားပြမှု၊ ဓါးပြမှုကျူးလွန်စဉ် တစုံတယောက်ကိုနာကျင်စေမှု၊ သာမန်နာကျင်စေမှု၊ သဘာဝဘေးအမှု စတဲ့ အမှု ၁၂ ခုနဲ့ ကနဦးတရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက် ဒီကနေ့ အမိန့်ချမှတ်လိုက်တဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ပါ ထပ်တိုး တရားစွဲဆိုခဲ့တာကြောင့် သိထားသလောက် တရားစွဲခံရတဲ့ အမှုပေါင်းက ၁၃ မှု ဖြစ်ပါတယ်။

အဲဒီအမှုတွေထဲက ပုဒ်မ ၅ ခု အတွက် ထောင်နှစ် ၂၀ ကို မကြာခင်လတွေက ချခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတုန်းကလည်း ပုဒ်မ ၅၀၅ (က) အမှု ၅ မှုအတွက် ၁ မှုကို ၂ နှစ်စီနဲ့ ထောင် ၁၀ နှစ်၊ ၂၀၂၂ နှစ် အောက်တိုဘာမှာ သဘာဝဘေးနဲ့ လက်ကျန် ၅၀၅ (က) အမှုတွေအတွက် ၂ မှုပေါင်း ၄ နှစ် ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ထပ်ချလိုက်တဲ့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ်က ၅၄ နှစ် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG