စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာတချို့ထဲ စစ်တပ်ဝင်ရောက် စစ်ရေးလှုပ်ရှားနေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ရွာတွေထဲမှာ အခုတပတ်ထဲ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရွာတွေလည်းပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့နယ်ထဲက ကျေးရွာတွေရဲ့ အခြေအနေကို သတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြထားပါတယ်။
မုံရွာမြို့နယ်တောင်ပိုင်းက ဘုဘ၊ သစ်ဆိမ့်၊ ညောင်ဖြူပင်နဲ့ ကိုးရှင်းကျွန်းရွာတွေအပေါ် စစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညနဲ့ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်၊ ဒီကနေ့မှာတော့ လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ကျေးရွာတွေအပြင် အနီးတဝိုက်ရွာတွေဘက်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားနေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မုံရွာ-အမြင့်လမ်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"လောလောဆယ်ကတော့ အကုန်လုံးပြေးနေရတယ်ဗျ။ မြေပြင်ကလည်း စစ်ကြောင်းဝင်နေတော့လေ။ လယ်တော်၊ ဘုဘ၊ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ကျွန်းကြီး။ အဲဒီ ညောင်ပင်ပတ်ချာလည် ရွာတွေပေါ့။ အခုကတော့ ညောင်ဖြူပင်ထဲမှာလည်း သူတို့စခန်းကနေ ထွက်ထားတာရှိတယ်ဗျ။ ဘုဘထဲက စစ်သား တွေ၊ ပျူတွေကတော့ ပြန်သွားကြပြီလို့ ကြားတယ်။ အခုလက်ရှိကတော့ ညောင်ဖြူပင်ဘက်က စခန်းကနေထွက်လာတဲ့ စစ်ကြောင်းက ရွာထဲမှာပတ်နေတယ်ပေါ့။"
စစ်သားတွေဝင်လာလို့ မိသားစုလိုက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ရွာခံတွေကလည်း ပြောပါတယ်။ ထွက်ပြေးတဲ့ ရွာသူရွာသား အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုအပြီး ရွာတွေထဲမှာ စစ်ကြောင်းထိုးဝင်ရောက်ချိန် လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေလည်း ရှိခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"မနေ့ကတော့ တနေကုန်လေကြောင်းကနေ ဝဲနေတာ။ ပြီးတော့ နမခကနေ တက်လာတဲ့ စက်တပ် လေထီး ၃ စီးကလည်း မနေ့က ဝဲနေတာ။ ဒီနေ့ကတော့ လေကြောင်းငြိမ်သေးတယ်ဗျ။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်တာဖောက်တာလောက်တော့ ရှိတယ်ဗျ။ သူတို့စစ်ကြောင်းကနေပါတဲ့ လက်နက်ကြီးနဲ့ပစ်တာဗျ။"
မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမှာ လေကြောင်းနဲ့ ဗုံးကြဲခံရမှုအတွင်း ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တော်တော်များများရှိခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောထားပါ တယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ ရေစကြိုမြို့နယ်တို့မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါ တယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂၀ ထက်မနည်းလည်း ဒဏ်ရာရရှိခဲ့သလို ချောင်းဦးမြို့နယ် ကုလားကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲ ကလေးငယ် ၂ ဦး ပါဝင်တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုချက် ရနိုင်ဖို့ လည်း ကြိုးစားနေပါတယ်။ စစ်ကောင်စီကတော့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံတွေ သေဆုံးတဲ့ဖြစ်စဉ်တွေဟာ သတင်းအမှားတွေဖြစ်တယ်ဆိုပြီး မြဝတီမီဒီယာမှာ ဖော်ပြထားပါတယ်။
Forum