သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာထောင်တွင်း နိုင်/ကျဉ်းများ အခွင့်အရေးချိုးဖောက်ခံရ


စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာအကျဉ်းထောင်ကို Google Earth မြေပုံမှ တွေ့ရစဉ်
စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာအကျဉ်းထောင်ကို Google Earth မြေပုံမှ တွေ့ရစဉ်

မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံကြရသလို အကျဉ်းသားအခွင့်အရေး တောင်းဆိုဆန္ဒပြသူတွေကိုလည်း ထောင်တွင်းအပြစ်ဒဏ်ပေးတာ၊ ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုခံကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ မုံရွာအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းသားအခွင့်ရေး ချိုးဖောက်ခံရတာကြောင့် စက်တင်ဘာလဆန်းပိုင်းမှာ တောင်းဆိုဆန္ဒပြမှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်က ကိုရှင်းသန့်က VOA ကို ပြောပါတယ်။

“လူတယောက်ကို စောင် ၂ ထည်စီနဲ့ အကျီ ၃ စုံပဲ ထားပေးခဲ့တယ်ပေါ့လေ။ ကျန်တဲ့ စားစရာ၊ ပစ္စည်း၊ မုန့်တွေကိုလည်း အကုန်လုံး သိမ်းသွားတယ်ပေါ့လေ။ စာအုပ်တွေလည်း ပါတာပေါ့။ အဲ့ဒီ သိမ်းသွားတဲ့ဟာတွေက ထောင်ပိုင်ကနေ တရားဝင် ခွင့်ပြုပေးထားတာတွေ ဖြစ်တယ်။ ထောင်ထဲကို သူတို့ ခွင့်ပြုလို့ ရောက်တာဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေက ပြန်ပြီး ပေးဖို့ တောင်းဆိုတဲ့အချိန်မှာတော့ ထောင်တာဝန်ရှိသူတွေက လုံး၀ ပြန်မပေးနိုင်ဘူး ပြောတယ်။ အဲ့တော့ အစာအငတ်ခံ ဆန္ဒပြမယ်ဆိုပြီး ပထမဦးဆုံး ၁၅ ဦးက ၉ လပိုင်း (စက်တင်ဘာ) ၁၁ ရက်မှာ ဆန္ဒပြတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက အော်ဟစ်ပြီး တောင်းဆိုကြတယ်။ ဖြိုခွဲဖို့ ရောက်လာချိန်မှာ လူစုပြန်ခွဲတယ်။ နောက်ထပ် အယောက် ၅၀ က ထပ်ပြီး ဆန္ဒပြတာရှိတယ်။”

မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်ရှိပြီး နိုင်ငံရေး အကျဉ်းသားတွေဟာ ဟိုအရင်တွေတုန်းကလည်း အခုလိုတောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ဒီတခါဆန္ဒပြတောင်းဆိုမှုကိုတော့ ထောင်အာဏာပိုင်တွေက လိုက်လျောပေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဒီလို တောင်းဆိုသူတွေဟာ ထပ်တိုး ပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေ ထောင်တွင်းပြစ်ဒဏ် ပေးတာတွေနဲ့ ကြုံကြရပြီး အခြိမ်းခြောက်ခံကြရသလို ထောင်ဝင်စာ ပိတ်ပစ်တာပါ ခံကြရတယ်လို့လည်း ကိုရှင်းသန့်က ပြောပါတယ်။

“ ဆန္ဒပြပြီး မကြာခင်မှာပဲ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုတဲ့အချက်အလက်တွေကို ထောင်ဘက်က လိုက်လျောပေးခဲ့တယ်။ လိုက်လျောပေးပြီးတဲ့နောက်မှာတော့ အစာငတ်ခံ ဆန္ဒပြတဲ့သူတွေရယ်၊ အော်ဟစ်ပြီး တောင်းဆိုတဲ့သူတွေရယ်ကို နောက်ထပ်ပုဒ်မတွေနဲ့ ထောင်တွင်းပြစ်ဒဏ်တွေနဲ့ အပြင်ထုတ်ပြီး တရားစွဲဆိုတာတွေ ရှိတယ်။”

ဒါ့ပြင် အကျဉ်းသားအခွင့်ရေးတောင်းဆိုသူတွေကို သီးသန့်အဆောင်တွေမှာ ခွဲထားပြီး ဆေးကုသခွင့် မပေးတာအပြင် ထောင်ဝင်စာပါ ပိတ်ပစ်တယ်လို့လည်း ပြောပါတယ်။ အခုလို မုံရွာထောင်တွင်း ဆန္ဒပြ တောင်းဆိုတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၂ သောင်းခွဲကျော် အဖမ်းခံခဲ့ရသလို လက်ရှိအချိန်ထိလည်း ထောင်သွင်းအကျဉ်းချ ခံနေရသူက ၁၉,၅၀၀ ကျော် ရှိနေ တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အစီရင်ခံစာ ထုတ် ပြန်ထား ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ ဖိနှိပ်အနိုင်ကျင့်တာ၊ ခွဲခြားဆက်ဆံတာ ခံကြရတဲ့အပြင် ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုလည်း မခံယူရဘူးလို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ မုံရွာထောင်က လွတ်မြောက်လာသူ တဦးက သူ့ကိုယ်တိုင် ထောင်တွင်းကြုံတွေ့လာရတာတွေကို အခုလို ပြောပါတယ်။

“ထောင်ဝင်စာ ဧည့်တွေ့မရခြင်း အများပြည်သူရဲ့ ရှေ့မှောက်မှာစစ်ဆေးမယ်ဆိုတဲ့ ပွင့်လင်းမြင်သာတဲ့ စီရင် စစ်ဆေးမှုမဟုတ်ဘူး။ အကျဉ်းသားအချင်းချင်းဖိနှိပ်ခွဲခြားမှုတွေရှိတယ်။ အကျဉ်းသားအချင်းချင်း ရန်တိုက်ပေးတာတွေ ကျနော်တို့ကို ဖိနှိပ်ဖို့၊ အထူးသဖြင့် ထောင်အာဏာပိုင်တွေ ထောင်မှူးတွေကနေ တခြားသော ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့ကျတဲ့ နိုင်ငံရေးနဲ့မဆိုင်တဲ့ ရာဇဝတ်မှု အကျဉ်းသားတွေကို ဖိအားပေးတာတွေ၊ အတင်းအနိုင်ကျင့်ခိုင်းတာတွေ့ရှိတယ်။ အကျဉ်းသား အခွင့်အရေးတွေပေးဖို့တောင်းဆိုတယ်။ အနိုင်ကျင့်တယ်။ အနိုင်ကျင့်တဲ့ဟာမျိုးကို တက်ကြွလှုပ်ရှားတဲ့ နိုင်ကျဉ်းတချို့ကနေပြီး လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အပေါ်မှာ စာအုပ်တွေ အသိမ်းခံရတယ်။ ရေမချိုးရဘူး။ စာအုပ်တွေ အကုန်အသိမ်းခံရတဲ့ အဖြစ်မျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။”

မုံရွာအကျဉ်းထောင်တင်မက စစ်ကိုင်းတိုင်းနဲ့ပဲခူးတိုင်းတွေက ထောင်အချို့မှာလည်း ထောင်တွင်း အကျဉ်းသားအခွင့်ရေး ချိုးဖောက်မှုအတွက် တောင်းဆိုသူတွေကို စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းတာတွေ ရှိခဲ့ပြီး အကျဉ်းသားသေဆုံးတဲ့အထိ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG