သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာထောင် ဆန္ဒပြမှု စစ်တပ်ပစ်ခတ်ဖြိုခွဲမှုအတွင်း ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ


Monywa wikipedia
Monywa wikipedia


[[Zawgyi/Unicode]]

မုံရွာအကျဉ်းထောင်အတွင်းမှာ ဧပြီ ၃ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက ဆန္ဒပြကြွေးကြော်သံတွေ ကြားရပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်လာကာ ပစ်ခတ်ဖြိုခွဲတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။ ဖြိုခွဲမှုအတွင်း ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ သပိတ်အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ မုံရွာအကျဉ်းထောင်ထဲကို တရားရေးဝန်ထမ်းတွေကိုပါ ဝင်ခွင့်ပိတ်ထားသလို ထောင်တွင်းတရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးမှုတွေကိုပါ ရပ်နားထားပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဧပြီလ ၃ ရက် တနင်္ဂနွေနေ့ညနေပိုင်းက မုံရွာအကျဉ်းထောင်တွင်းကနေ ဆန္ဒပြကြွေးကြော်သံတွေ ကြားရပြီးနောက် မကြာခင်မှာပဲ စစ်ကောင်စီတပ်တွေ ရောက်လာပြီးပစ်ခတ်ဖြိုခွဲတယ်လို့ အကျဉ်းထောင်နားမှာရှိနေတဲ့ ဒေသခံတွေက ပြောကြပါတယ်။ တောင်တွင်းမှာ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ မုံရွာမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက VOA ကို ခုလိုပြောပါတယ်။

“ထောင်တွင်းကနေပြီး အခုအချိန်ထိ ကျနော် ကြားရသလောက် အကျအဆုံးက ၁ ယောက်ရှိတယ်ပေါ့နှော်။ ထိခိုက်တာက ၅ ယောက်လောက် ရှိတယ်လို့တော့ ကြားတယ်ဗျ။ ထိခိုက် ၅ ယောက်ရယ်၊ ကျဆုံးရဲဘော် တယောက်ရယ်ကတော့ သေချာတယ်ဗျ။ ဘာလို့ဆို အဲဒီတယောက်က ကျနော်တို့ မုံရွာရင်ခွဲရုံပေါ့နော်။ အဲ့ဆီက အချက်အလက်လည်း ကျနော်တို့ ရတယ်ဗျ။ မုံရွာအကျဉ်းထောင်ထဲက ညနေ ၄ နာရီ ၄၅၊ ၅ နာရီဝန်းကျင်လောက်မှာ ဒီစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေပေါ့နော်- အပြင်ကနေ ကြားရတာပေါ့နော်။ ပြီးတော့ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့..၊ ညီတယ်ဟေ့ ညီတယ်ဟေ့” ပေါ့။ အဲ့လိုအသံတွေ ကြားရတာပေါ့။ အဲ့လိုကြားပြီးမိနစ်ပိုင်းလောက်မှာ သေနတ်သံ ၄ ချက်လောက် ကြားရတယ်ဗျ။ အဲ့လိုကြားပြီးနောက်ပိုင်း အကျဉ်းထောင်ထဲကို စစ်ကားကြီး ၂ စီးရယ်၊ မီးသတ်ကား ၂ စီးရယ် ပြီးတော့ အိမ်စီးကား ၂ စီးရယ် ဝင်သွားတယ်ပေါ့နော်။ သူတို့ ဝင်သွားပြီးနောက်ပိုင်း သေနတ်သံ အချက် ၃၀ လောက် ကြားရတယ်ဗျ၊ ကျနော်တို့ ပြင်ပကနေလေ။”

လက်ရှိမှာလည်း မုံရွာအကျဉ်းထောင်အတွင်းမှာ စစ်သားတွေနဲ့ စောင့်ကြပ်ပြီး လုံခြုံရေးတင်းကြပ်ထားသလို အကျဉ်းထောင်ပတ်ဝန်းကျင်မှာလည်း အရင်နေ့တွေထက်ပိုပြီး လုံခြုံရေး အထူးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ တနင်္ဂနွေနေ့က ထောင်တွင်းမှာ ဆန္ဒပြမှုတွေ ပစ်ခတ်ဖြိုခွင်းမှုတွေ ဖြစ်ခဲ့ပြီး ဒီနေ့ တနင်္လာနေ့မှာတော့ မုံရွာထောင်ထဲက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးတာတွေကို ရပ်နားထားသလို တရားရေးဝန်ထမ်းတွေကိုလည်း အကျဉ်းထောင်ထဲ ဝင်ခွင့် မပေးဘူးလို့ ထောင်တွင်းတရားရုံးနဲ့ နီးစပ်သူတစ်ဦးက VOA ကိုပြောပါတယ်။

“ဘယ်ကနေ ဘယ်လိုစဖြစ်သလဲ တိတိကျကျတော့ ကျနော်တို့လည်း မသိဘူး။ အတွင်းနဲ့က လုံးဝအဆက်အသွယ် မရဘူးဖြစ်နေတယ်။ ထောင်တွင်းရုံးတွေကတော့ ဒီနေ့မထိုင်ဘူးပေါ့ဗျာ။ ဒီတစ်ပတ်လုံးလည်း ဆူပူမှုဖြစ်ထားတဲ့အတွက် စုံခုံဖွဲ့မှာတို့၊ ဘာတို့ ရှိမယ်ထင်တယ်။ ဒီတရက်နှစ်ရက်အတွင်းလေ။ ရုံးလုပ်ငန်းပိုင်း အမှုစစ်ဆေးမှုအပိုင်းကတော့ ရပ်သွားတာပေါ့ဗျာ။ ပြီးတော့ ကျနော်တို့က သီးသန့်အထူးရုံးနဲ့သွားတာဆိုတော့လေ။ အထူးရုံးကတော့ ရပ်သွားတာပေါ့။အထဲကို ဘယ်သူ့မှပေးမဝင်တော့ဘူး အခုကလေ။ တရားရုံးအဖွဲ့လည်း ဝင်လို့မရတော့ဘူး။ ဘယ်သူမှ ဝင်လို့မရတော့တာပေါ့။ ထောင်ထဲက အချုပ်သားလည်း ထုတ်မပေးဘူးပေါ့ဗျာ။”

မုံရွာထောင်မှာ တနင်္ဂနွေနေ့က ထောင်တွင်းကဆန္ဒပြကြွေးကြော်မှုတွေ ဘာကြောင့်လုပ်ကြသလဲဆိုတာ သေချာမသိရသေးပါဘူး။ ဒါပေမဲ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူတွေအပေါ် ထောင်အာဏာပိုင်တွေက ဖိနှိပ် ညှင်းပန်းနေတာကြောင့် ဒါကို မကျေနပ်လို့ ဖြစ်နိုင်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“သူတို့တွေ မနေ့က ဘာကြောင့်ပြလဲတော့ မသိဘူးပေါ့နှော်။ ဒါပေမယ့် အရင်လတွေကဆိုရင်တော့ ထောင်တွင်းက ရဲဘော်တွေက ကျနော်တို့ဆီကို စာတွေ ခဏခဏပို့တာတော့ ကြုံရတယ်ပေါ့လေ။ အဲ့ဒီစာထဲမှာ ထောင်ထဲမှာ ဖိနှိပ်မှုတွေက တော်တော်ကြီးကို ဆိုးဝါးနေတယ်ပေါ့နော်။ အဲ့ဒါမျိုးတွေကို မခံနိုင်တော့ဘူးပေါ့နော်။ အဲ့လိုစာတွေ ကျနော်တို့ဆီတော့ ရောက်တယ်။ အဓိကက သူတို့ကို ထောင်ထဲကနေ ဆွဲခေါ်ထုတ်ပြီးတော့ ရိုက်နှက် တာတွေ၊ နောက်တခုက တော်လှန်ရေးအပေါ်ကို အကျဉ်းဦးစီးဝန်ထမ်းတွေ ထောင်ပိုင်တွေက မူးပြီးတော့ အမြဲတမ်း ဆဲဆိုပြီးတော့ ပြောနေတာပေါ့နှော်။ စိတ်ပိုင်းဆိုင်ရာအရ ညှင်းဆဲတာတွေပေါ့ နှော်။ ဒါမျိုးတွေ လုပ်နေတာကို ထောင်ထဲကနေ သတင်းရထားတယ်ဗျ။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ညှင်းပန်းတာတွေ၊ လူအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ ပတ်သက်ပြီး အကျဉ်းထောင်အတွင်း လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေအတွက် နိုင်ငံတကာက ကူညီမှုတွေ လိုအပ်နေတယ်လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“ထောင်ထဲမှာ ဖိနှိပ်တာတွေ အကြမ်းဖက်တာတွေက ထောင်ပြင်ကို ခဏခဏ သတင်းတွေလည်း ထွက်လာတယ်ပေါ့နော်။ တကယ်လည်း ထောင်ထဲမှာ ဖြစ်ပျက်နေတာတွေ ရှိတယ်ပေါ့။ အဲ့ဒါတွေက မုံရွာအကျဉ်းထောင်မှမဟုတ်ဘူး၊ တခြား အင်းစိန်တို့ အိုးဘိုတို့မှာလည်း အလားတူ အခြေအနေတွေ ဖြစ်နေတာဆိုတော့ ဒါက စစ်ကောင်စီဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်လို့ မြင်တယ်ပေါ့နှော်။ အဲ့ဒီအတွက်လည်း ကျနော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေ ICRC တို့က နေပြီးတော့ အကျဉ်းထောင်ထဲမှာ လူသားချင်း စာနာထောက်ထားမှုအနေနဲ့ပေါ့ သူတို့ဝင်ရောက်ပြီး စစ်ဆေးသင့်တယ်။ ICRC တို့ အကျဉ်းထောင်ထဲကို ဝင်ခွင့်ရဖို့ကို ရအောင်တောင်းဆိုပြီးတော့ ဝင်လုပ်ရမယ့် အခြေအနေလို့ မြင်တယ်ဗျ။”

မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေကို ၂၀၁၉ ခုနှစ် ကိုဗစ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC အဖွဲ့က ဝင်ရောက် လေ့လာခွင့်မရတော့ဘူးလို့ ICRC ရဲ့ ညွှန်ကြားရေးမှူးချုပ် Roert Mardini က AP သတင်းဌာနကို ပြောထားပါတယ်။ ဒါကြောင့် ICRC အနေနဲ့ အကျဉ်းထောင်တွေထဲက အခြေအနေတွေကို လေ့လာခွင့်ပေးဖို့ တောင်းဆိုနေပါတယ်။ ကလေးမြို့က အကျဉ်းထောင်မှာလည်း မတ်လ ၁၅ ရက်နေ့က ထောင်တွင်း ရုံးရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အကျဉ်းသားနဲ့ အချုပ်သားတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ၇ ဦးသေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းမှာ လူ့အခွင့်ရေးချိုးဖောက်တာတွေ ပိုမိုဆိုးရွားလာတဲ့အတွက် ဖမ်းဆီးခံရတာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းသပိတ်တွေပြုလုပ်ပြီး ထောင်အာဏာပိုင်တွေကို ဆန့်ကျင်တာတွေလည်းရှိပါတယ်။

============

[[Unicode]]













============

XS
SM
MD
LG