တရုတ်နိုင်ငံသား နောက်ထပ်နှစ်ယောက် ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့အတွက် ရှာပေးဖို့ ဆွေမျိုးတွေက အကူအညီတောင်းထားတာကြောင့် ထိုင်း ရဲတပ်ဖွဲ့က လိုက်လံရှာ ဖွေနေပါတယ်။ အမျိုးသား မော်ဒယ်သရုပ်ဆောင် Yang Zeqi နဲ့ အမျိုးသမီးတဦး ပျောက် ဆုံးနေတဲ့အကြောင်း ပြည်ပ သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ဒီသီတင်းပတ်အတွင်း ပြန်ရှာတွေ့ခဲ့တဲ့ တရုတ် ရုပ်ရှင် သရုပ်ဆောင် Wang Xingလိုပဲ မြဝတီမြို့အနီး အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေ ဖျားယောင်း ခေါ်ဆောင်တာကို ခံခဲ့ရတယ်လို့ သတင်းမှာ ရေးသားပါတယ်။ မော်ဒယ်သရုပ်ဆောင် Yang Zeqi ကိုလည်း သရုပ်ဆောင်ဖို့ ငှားရမ်းမယ့်အကြောင်း WeChat က အကြောင်းကြားတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ဘန်ကောက်ကို သွားခဲ့ပြီးနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးရေးဆိုပြီး အဖွဲ့တဖွဲ့က နယ်စပ်ကို ခေါ်သွားခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့က Yang Zeqi က သူ့မိခင်ကို ဗွီဒီယိုနဲ့ ဆက်သွယ်ပြီး သူ ဘေးကင်းကြောင်း ပြောဆိုခဲ့ပေမဲ့ မျက်လုံးမှာ ထိခိုက်ဒဏ်ရာရထားတဲ့ပုံတွေ့ရပြီး ထိုင်ခုံတလုံးပေါ်မှာ ထိုင်ရင်း လက်ကိုလည်း စားပွဲပေါ်မှာ တင်ထားတဲ့အကြောင်း မိသားစုက ပြန်ပြောပါတယ်။
နောက်ထပ် အသက် ၂၁ နှစ်အရွယ် Wu Jiaqi ဆိုတဲ့ တရုတ်အမျိုးသမီးတယောက်လည်း ထိုင်းနိုင်ငံမှာ ပျောက်ဆုံးနေတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ပြန်စစ်ပြီး ရှာဖွေနေပါတယ်။
Forum