သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁ သန်းကျော် အရေးပေါ်ကူညီဖို့လို (ILO)


မြန်မာနိုင်ငံထဲက ကလေးလုပ်သားများ Photo -AP (ယခင်ပုံဟောင်း)
မြန်မာနိုင်ငံထဲက ကလေးလုပ်သားများ Photo -AP (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကပ်ဘေးကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရတဲ့ ကလေးငယ် တစ်သန်းကျော် ရှိနေပြီး ကလေးအလုပ်သမား ပပျောက်ရေး အရေးတကြီး လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့က ပြောဆိုပါတယ်။

ဇွန်လ ၁၂ ရက်၊ မနေ့က ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ILO (မြန်မာ) က ကြေညာချက် ထုတ်ပြန်ပြီး ကလေးအလုပ်သမား ဖြစ်ရတဲ့ အကြောင်းတရားတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တွေနဲ့ သူတို့ မိသားစုတွေအတွက် လူမှုရေးတရားမျှတမှုကို အာမခံနိုင်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ် ၁ သန်းကျော်ဟာ အသက် ၅ နှစ်နဲ့ ၁၇ နှစ်အကြား အရွယ်တွေ ဖြစ်ပြီး အဲဒီအထဲက တဝက်ကျော်ဟာ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို တိုက်ရိုက် ထိခိုက် နစ်နာစေနိုင်တဲ့ ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေရတဲ့အကြောင်း ILO က ထောက်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမှုရေး စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့်လည်း မိသားစုတွေအနေနဲ့ ကလေးအလုပ်သမားတွေကို အားကိုးအားထားပြုရတဲ့အခြေအနေ ဆိုက်ရောက်စေတဲ့ အကြောင်း ILO ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အဆင်းရဲဆုံး မိသားစုတွေမှာ ရှိတဲ့ ကလေးတွေ အပေါ် သက်ရောက်မှု အဆိုးဝါးဆုံး ဖြစ်တဲ့အကြောင်းလည်း ILO က ထောက်ပြပါတယ်။ ကလေးတွေကို ပိုပြီး ကာကွယ်ပေးဖို့နဲ့ လူမှုတရားမျှတမှုကို မြှင့်တင်ပေးနိုင်ဖို့ ပိုမို ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ILO မြန်မာနိုင်ငံ ဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ဌာနေကိုယ်စားလှယ် Mr Donglin Li က ပြောဆို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG