သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေဆဲ


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ အလုပ်လက်မဲ့အကျိုးခံစားခွင့်လျှောက်ဖို့ စောင့်ဆိုင်နေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် လုပ်သားများ (မတ် ၁၃၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ အလုပ်လက်မဲ့အကျိုးခံစားခွင့်လျှောက်ဖို့ စောင့်ဆိုင်နေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် လုပ်သားများ (မတ် ၁၃၊ ၂၀၂၀)

ကမ္ဘာတဝန်း ဝင်ငွေနည်းနိုင်ငံတွေမှာ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဆိုင်ရာ ထောက်ပံ့မှုတွေ မလုပ်ရင် အလုပ်လက်မဲ့ပြဿနာ ပိုပြီးမားနိုင်တယ်လို့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေတော်တော်များများမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မလုံလောက်တဲ့ ပြသနာကို ရင်ဆိုင်နေရတယ်လို့ အလုပ်အကိုင် အခြေအနေဆိုင်ရာ ILO ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

အကျပ်အတည်းပေါင်းစုံအပြင်၊ ကြွေးမြီပြသနာ ကြီးမားလာတာနဲ့ ကမ္ဘာတဝှမ်းရင်ဆိုင်နေရတဲ့ ငွေကြေးဖေါင်းပွမှုတွေ၊ ယူကရိန်းစစ်ပွဲနဲ့ ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည်နာလန်ထဖို့ နှောင့်နှေး နေတာတွေကြောင့် အလုပ်အကိုင်ရှားပါးနေတာလို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့ အလုပ်အကိုင် စောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်အကိုင်ရရှိတဲ့ အခြေအနေဟာ ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်က အခြေအနေကို ပြန်မရောက်သေးသလို၊ အမေရိကန်ပြည်ထောင်စုလို ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာတောင် အလုပ်သမားရှားပါးတဲ့ပြဿနာ၊ လုပ်ခ လစာ မြင့်တက်တဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေအကြား ဆင်းရဲချမ်းသာ ကွာဟမှု၊ မညီမျှမှုတွေ ပိုတိုးလာနိုင်တာကို အစီရင်ခံစာက သတိပေးလိုက်တာလို့လည်း ILO အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှုးချုပ် Gilbert F. Houngbo က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကမ္ဘာတဝှမ်း အလုပ်လက်မဲ့နှုန်းဟာ ၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါ ကူးစက်မှု တွေ မဖြစ်ခင်က ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ လက်ရှိ ကမ္ဘာတဝှမ်း အလုပ်လက်မဲ့နှုန်းထားဟာ တရားဝင်ကိန်းဂဏန်းတွေထက် နှစ်ဆပိုများပြီး ၁၁ ဒသမ ရ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ILO က ခန့်မှန်းထားပါတယ်။ အလုပ်လက်မဲ့ ပြသာနာ အများဆုံးရင်ဆိုင်ရတဲ့နိုင်ငံတွေဟာ အာဖရိကနဲ့ အာရတ်နိုင်ငံတွေ ဖြစ်ပြီး ဗဟိုနဲ့ အနောက်ပိုင်း အာရှနိုင်ငံတွေမှာတော့ ဒီနှစ် လုပ်လက်မဲ့နှုန်း ၇ ဒသ ၈ ရာခိုင်နှုန်းအထိ ရှိမယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG