သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဇီုရမ်ရောက် ဒုက္ခသည်(၃၀၀)ခန့်နေရပ်ပြန်ဖို့ အိန္ဒိယအစိုးရတိုက်တွန်း


မြန်မာ-အိန္ဒိယနယ်စပ်
မြန်မာ-အိန္ဒိယနယ်စပ်

NCA အပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော် တို့အကြားတိုက်ပွဲတွေ ကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်း မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်နေသူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရွာသား (၃၀၀) လောက် ရှိပြီး သူတို့ကို နေရပ်ပြန်ဖို့ အိန္ဒိယ အစိုးရကနေတွန်းအားပေးနေပါတယ်။ ဒုက္ခသည် တွေကတော့ မတည်ငြိမ်သေးတဲ့ နယ်မြေအခြေအနေကြောင့် နေရပ်မပြန်ချင်ဘူးလို့ ပြောဆိုနေပါတယ်။ ပလက်ဝမြို့နယ်ထဲမှာ လည်း စစ်ဘေးရှောင် (၄၀၀) လောက် ရှိပြီး အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေတယ်လို့ တာဝန်ရှိ သူတွေကဆိုပါတယ်။ ဗွီအိုအေထိုင်း အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ ထားပါတယ်။

ချင်းပြည်နယ်အတွင်း အခြေအနေ အေးချမ်းနေပြီဖြစ်တဲ့အတွက် မီဇိုရမ်ပြည်နယ်ထဲကို ရောက်လာတဲ့ ဒုက္ခသည် တွေကို နေရပ်ပြန်ဖို့ အိန္ဒိယအစိုးရက တိုက်တွန်းနေတာပါ။

ခိုနှုန်းတုန်သတင်းဌာန အယ်ဒီတာ ဆလိုင်းရောဘတ်က အခြေအနေကို အခုလို ရှင်းပြပါတယ်။

"မီဇီုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် နယ်စပ်ကျေးရွာဖြစ်တဲ့ Hmawngbuchuah ကျေးရွာမှာ ဒုက္ခသည် အဖြစ်နေထိုင်တဲ့ဒုက္ခသည်ဦးရေက (၃၀၀)လောက်ကျန်သေးတယ်။ အများစုကတော့ရခိုင်တိုင်းရင်းသားတွေလို့ သိရ တယ်။ မီဇီုရမ်ပြည်နယ်အစိုးရကနေ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ဒုက္ခသည် အဖြစ်ရောက်လာကြတဲ့သူတွေကို သူတို့ဆန်အိတ်တွေ အဝတ်အထည်တွေ လူမှုအဖွဲ့အစည်းတွေကထောက်ပံ့ပေးတာမျိုးရှိတယ်။ ဒါပေမဲ့ခုနောက်ပိုင်း မှာတော့ သူတို့ကအဲဒီလိုမျိုးထောက်ပံ့မှု မရတော့ဘူးလို့သိရတယ်။ ဒီမီဇီုရမ်ပြည်ဘက် မှာအကြာကြီးခိုလှုံနေရတယ် ဆိုတော့ သူတို့အစိုးရအနေနဲ့လဲ သူတို့မှာ လဲ တာဝန်ရှိတော့ သူတို့အစိုးရအနေနဲ့လဲ နယ်မြေတည်ငြိမ်မေးချမ်းမှုရှိ ရင် ဆိုတော့ သူတို့ရဲ့နယ်မြေကိုပြန်သွားကြဖို့စိတ်ဆန္ဒရှိမှာဘဲ။"

၂၀၁၇ နိုဝင်ဘာလက တုန်းက ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်(၁၂၀၀) လောက် အိန္ဒိယနိုင်ငံမီဇီုရမ်ပြည်နယ ်လောင်တလိုင်မြို့နယ်၊ မောင်း ဘူးချွ ရွာမှာ ဒုက္ခသည်အဖြစ်နေထိုင် ခဲ့ကြရပါတယ်။ ဒီအထဲရွာသား(၉၀၀)ခန့်ပြန် ကြပြီးဖြစ်ပေမဲ့ ဒုက္ခသည်(၃၀၀)ခန့်ဟာ ဆက်လက် သောင်တင်နေပြီး သူတို့က နေရပ် ကို မပြန်ချင်ဘူးလို့ ငြင်းဆိုနေတာပါ။

ဒါပေမဲ့ မီဇီုရမ်ပြည်နယ်မှာ မှီခို နေတဲ့ဒုက္ခသည်တွေအတွက် စားဝတ်နေရေး အခက်ခဲ ရှိနေပြီး နေရပ်ရင်းပြန်ဖို့ ခက်ခဲ နေသေး တယ်လို့ လည်း ဆလိုင်းရောဘတ် ကဆက်ပြောပါတယ်။

"သူတို့ကထောက်ပံ့မှုတွေမရတော့ဘူး။ တော်တော်လေးကို သူတို့စားဝတ်နေရေးလည်း ကျပ်တည်းနေတယ်လို့ကျွန်တော် တို့သိရတာပေါ့နော်။ အခုလောလောဆယ်မှာ ပလက်ဝဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိတယ်လို့ပြောလို့ မရတဲ့ အခြေအနေဖြစ်နေတယ်။ သူတို့အနေနဲ့လဲ ပြန်သွားလို့ ရှိရင်တိုက်ပွဲထပ်ဖြစ်ရင် သူတို့အတွက်အသက် အန္တ ရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ် ဆိုတော့ မီဇီုရမ်အစိုးရ ဒါမှမဟုတ်အိန္ဒိယအစိုးရအနေနဲ့ သူတို့ကိုအတင်းအဓမ္မ မင်းတို့ပြန်ပါတော့ ဆိုပြီးတော့ သူတို့ကိုအရမ်းပဲ လုပ်လို့မရဘူးပေါ့လေ။ သူတို့ရဲ့လုံခြုံရေးတွေ သူတို့ရဲ့နယ်မြေ အနေအထားတွေ အရင်သေချာလေ့လာပြီးတော့ လုပ်သင့်တယ်လို့ကျွန်တော်ထင်တယ်။"

မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို ပေးနေတဲ့ ရိက္ခာထောက်ပံ့မှုတွေ ရပ်ဆိုင်း ထားတာကြောင့် စစ်ရှောင် ဒုက္ခသည်တွေအနေနဲ့ ဖြစ်တဲ့ နည်းနဲ့လုပ်ကိုင် ရှာဖွေ စားသောက်နေ ကြတယ်လို့ တယ်လီဂရပ်အိန္ဒိယ သတင်းစာ က ဖော်ပြထားပါတယ်။

အလားတူပလက်ဝမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ရွာသားဦးရေ (၄၀၀) ကျော်ဟာလဲ ဒီလပိုင်းမှာစားနပ်ရိက္ခာ အခက်ခဲတွေ့နေတယ်လို့ပလက်ဝမြို့ကူညီရေးအဖွဲ့ဝင် ဦးကျော်အောင်ကပြောပါတယ်။

"နောက်ဆုံးအခြေအနေကတော့ ကုန်ပြင်ကျေးရွာ၊ ရှင်းလက်ဝရွာမှာ အိမ်ခြေက(၆၇)အိမ် လူဦးရေက(၃၀၀)ကျော် လောက်ရှိမယ်။ သူတို့နေရပ်ကိုပြန်ဖို့မဖြစ်နိုင်သေးဘူး။ ပီတောင်ကျေးရွာ ကလဲမီးဇာရွာမှာ(၁၅)အိမ်လောက်ရှိတယ်။ လူဦးရေက (၇၀)ဝန်းကျင်တော့ ရှိမယ်။သူတို့လဲမပြန်နိုင်သေးဘူး။ နောက်တရွာ က ကူချောင်းဖျားကျေးရွာ ကလဲ သူတို့က လူဦးရေ(၇၀)ဝန်းကျင်ဘဲ ။ ဇဉ်ဘောင်းပြင်ကျေးရွာ ခိုလှုံနေတယ်။ လန်ဒန်ရွာကလဲ ကင်းသနင်းရွာမှာ အကုန်လုံးပြောင်းလာကြတယ်။ စားသောက်ရေးက အခုသူတို့တော်တော်လေးတော့ အခက်ခဲရှိတယ်။ ကျွန်တော် တို့ဒီလူမှုကူညီ ပရဟိတ အသင်းကလဲ အရင်ကတော့ ဒီလတိုင်းလိုလိုကျွန်တော်တို့ပုံမှန်ထောက်ပံ့ နေ တယ်။ အခုတော့ အလှူရှင်ကလဲသိပ်မရှိတော့ အခါမှာ သူတို့နှစ်လ သုံးလနီးပါးလောက်တော့ ကျွန်တော်တို့ မထောက် ပံ့နိုင်ဘူး။ သူတို့စားဝတ်နေရေးလဲတော်တော်လေး အခက်ရှိတယ်။"

သူတို့ရဲ့နေရပ်တွေမှာ မြန်မာ့ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား အချိန်မရွေးတိုက်ပွဲဖြစ်ပွါး နိုင်တဲ့အနေအထားရှိသလို မြေမြုပ်မိုင်း အန္တရာယ်ကို စိုးရိမ်လို့ စစ်ဘေးရှောင်တွေ နေရပ်ရင်းကိုမပြန်ရဲသေးတာလို့ ဦးကျော်အောင်ကဆိုပါတယ်။

စက်တင်ဘာလ (၁၀) ရက်နေ့ကလဲ ပလက်ဝမြို့နယ် ထရော်အိုင်အနီးမှာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့သလို တပ်မတော်ဘက်ကထိခိုက်မှုတွေရှိခဲ့တယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ်လောက်စ ပြီး ရခိုင်ဒေသမှာ ဝင်ရောက်လှုပ်ရှားခဲ့တဲ့ ရခိုင့်တပ်မတော်ဟာ ဝတပ်ဖွဲ့UWSA ဦးဆောင်တဲ့ FPNCCမြောက်ပိုင်းမဟာအဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက် မှတ်ရေးထိုးရေးကို လက်မခံသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG