သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနိုင်ငံရေးအကြီးအကဲ ရခိုင်အရေး မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကုလနိုင်ငံရေးရာဌာန အကြီးအကဲတို့ Mr. Jeffrey Feltman တွေ့ဆုံ(MOI Webportal Myanmar)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကုလနိုင်ငံရေးရာဌာန အကြီးအကဲတို့ Mr. Jeffrey Feltman တွေ့ဆုံ(MOI Webportal Myanmar)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကုလနိုင်ငံရေးရာဌာန အကြီးအကဲတို့ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝန်းနှစ်ခု ရေရှည်အတူလက်တွဲ နေထိုင်နိုင်ရေး စီမံကိန်း နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သူတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာအစိုးရဝန်ကြီးတွေနဲ့ ကုလနိုင်ငံရေးရာဌာနေအကြီးအကဲတို့ ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ အောက်တိုဘာ ၁၆ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ၊ လက်ထောက်အတွင်းရေးမှူးချုပ်မစ္စတာ ဂျက်ဖရီ ဖဲလ်မန်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးတော့ အဓိကကတော့ ကုလအတွင်းရေးမှူးချု့ပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နိုင်ရေး ရခိုင်ပြည်နယ်အရေး ကုလ-မြန်မာ ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ကုလနဲ့ မြန်မာနိုင်ငံကြား အရေးယူမှုတွေထက်စာရင် အခုလို ပူးပေါင်းဆောင်ရွက်မှုတွေက ပိုထိရောက်မှုရှိစေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်ဦးအေးလွင်ကတော့ အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့နိုင်ငံဟာ အထီးကျန်ဘဝမှာ မရပ်တည်တော့ပါဘူး။ ကျနော်တို့နိုင်ငံတွေအားလုံးထဲမှာ မိသားစုဝင်နိုင်ငံတခုအနေနဲ့ ရပ်တည်နေပြီဖြစ်တဲ့အတွက်ကြောင့် ကုလသမဂ္ဂနဲ့မလွဲမသွေဆက်ဆံရပါမယ်။ ကုလသမဂ္ဂရဲ့ ပါဝင်ပူးပေါင်းမှုရလာပြီဆိုတာက ကျနော်တို့အတွက် အားတခုပါပဲ။ တခုပဲရှိတယ် ကုလသမဂ္ဂက Force တခုပဲလေ ကျန်တဲ့ အပြည်ပြည်ဆိုင်ရာကိုလည်းလုပ်မယ် ပြည်တွင်းအားကိုလည်းလုပ်မယ်။ ပြည်တွင်းအားတခုတည်းနဲ့လည်း လုပ်လို့မရဘူး။ အပြည်ပြည်ဆိုင်ရာကို လိုအပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လိုအပ်တယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာပဲမဟုတ်ဘူး နည်ပညာပိုင်းဆိုင်ရာရော ၊ သံတမန်အရရောကျနော်တို့ကို ထောက်ခံအားပေးမှုတွေနဲ့ အပြုသဘောဆောင်သောအလုပ်တွေလုပ်ဖို့ဆိုတာက အချက်တွေအများကြီပါဝင် အရေးကြီးပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝန်းနှစ်ခု ရေရှည်အတူလက်တွဲ နေထိုင်နိုင်ရေး စီမံကိန်းအတွက်လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နဲ့ ကုလနိုင်ငံရေးရာဌာနအကြီးအကဲတို့ ဆွေးနွေးခဲ့ပါတယ်။

အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်အတွင်း လူမှုအသိုက်အဝန်း နှစ်ခု ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေး ရေတိုရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ ဒေသတွင်းက နှစ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လူသားချင်းစာနာမှုအကူညီပေးရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေဘက်က ကူညီပေးမယ့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ မဟုတ်မမှန်ဝါဒဖြန့်မှိုင်းတိုက်မှုတွေနဲ့ အမုန်းပွားစေမယ့်လှုံ့ဆော်မှုတွေရဲ့ အန္တရာယ်ကို ပြည်သူတွေအနေနဲ့ သတိချပ်ဖို့လိုတယ်လို့လည်း ဦးအေးလွင်က အကြံပြုပါတယ်။

“မှိုင်းတိုက်ခြင်းခံထားရတယ် သူတို့ကို Brainwash လုပ်ခြင်းခံထားရတယ်။ အများကြီးလမ်းလွဲရောက်အောင်လုပ်တထားတာရှိရှိတယ်။ အဲဒီနိုင်ငံရေးအလုပ်မှာ ဘာသာရေးကိုအသုံးချတဲ့လူတွေရော တချို့က ကလိမ်ကကျစ်တွေနဲ့ သူတို့ရဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်နေတဲ့ မသမာသူ အဓမ္မဝါဒီတွေရဲ့ ခလောက်စံတွေ ၊ ခြေထိုးတာတွေ ပြည်သူတွေနားရောင်အောင်လုပ်တာတွေ အဲဒါတွေကို ကျနော်တို့က အရင်ဆုံးထိန်းချုပ်ပြီးတော့ အရှိကိုအရှိအတိုင်းကျနော်တို့က ကြိုးစားဆောင်ရွက်မယ်ဆိုရင် မလွဲမသွေလည်းအောင်မြင်ဖို့က သေချာပါတယ်။ ကုလသမဂ္ဂနဲ့ အခြားသော စေတနာမှန်နဲ့ ကူညီနေတဲ့ ပုဂ္ဂိုလ်များအပေါ်မှာလည်း အထင်အမြင်လွဲမှားမှုများရှိတာကိုလည်း ကျနော်တို့က မြေပြင်မှာရှိနေတဲ့ ဒေသခံများကို ရှင်းလင်းပြသဖို့လိုတယ်။ မရှင်းလင်းတဲ့လူတွေရှိတာဟာ ကျနော်တို့နိုင်ငံအတွက်အများကြီးအကျိုးယုတ်ပါတယ် အဲဒါလေး ကျနော်တင်ပြလိုပါတယ်။”

တချိန်တည်းမှာပဲ ကုလနိုင်ငံရေးရာဌာန အကြီးအကဲဟာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်ရောက်ရှိနေသူတွေ ပြန်လည်လက်ခံရေး ဆိုင်ရာ လုပ်ငန်းများဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လည်ရောက်ရှိလာမယ့် သူတွေအတွက် ပြန်လည်နေရာချထားရေးနဲ့ ရေရှည်လူမှုဘဝရပ်တည်နိုင်ရေးတွေကို စီစဉ်ပေးထားတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေး ဖြစ်တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG