သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လက်ထောက်အတွင်းရေးမှူးချုပ် မြန်မာပြည်သွားမည်


နိုင်ငံရေးရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Jeffrey Feltman
နိုင်ငံရေးရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Jeffrey Feltman

နိုင်ငံရေးရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အရေးပေါ်ဖြေရှင်းရမယ့်ကိစ္စတွေကို မြန်မာအစိုးရနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့လည်း ကြာသပတေးနေ့က New York မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီတွေရဲ့စာရင်းအရ မြန်မာနိုင်ငံဖက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်ဟာ ဗုဒ္ဓဟူးနေ့ကအထိ ၅ သိန်း ၃ သောင်း ၆ ထောင်ရှိနေပြီလို့ ဆိုပါတယ်။ ဒုက္ခသည်ပြဿနာကို နိုင်ငံတကာကဝိုင်းဝန်းဖြေရှင်းနေရချိန်မှာ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာလက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman မြန်မာနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိသွားမယ့်ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ ခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့။ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့။ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ နေရပ်ရင်းကို ဘေးကင်းစွာ။ သိက္ခာရှိရှိနဲ့ လိုလိုလားလား ရေရှည်ပြန်နေထိုင်နိုင်တဲ့ အခြေအနေတွေဖန်တီးနိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အကြိမ်ကြိမ်ပန်ကြားထားပါတယ်။ အရေးပေါ် ဖြေရှင်းဖို့လိုအပ်နေတဲ့ ဒီကိစ္စတွေကို မြန်မာနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို Mr. Feltman ရဲ့ခရီးစဉ်မှာ တိုင်ပင်ဆွေးနွေးမှာဖြစ်ပါတယ်။"

Mr. Feltman ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ စက်တက်ဘာ ၂၆ ရက်နေ့က New York မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တခါးပိတ် အစည်းအဝေးလုပ်ခဲ့ပါတယ်။ ပဋိပက္ခတွေဖြစ်ခဲ့တဲ့နေရာတွေက ပြဿနာကို မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံခရီးစဉ်မှာ အဓိကထားဆွေးနွေးလိမ့်မယ်လို့ ပြောခွင့်ရသူ Farhan Haq ကပြောပါတယ်။

"ပြဿနာဖြစ်နေတဲ့နေရာတွေက လူမှုအသိုင်းအဝိုင်းအားလုံး ထိခိုက်နေရတဲ့ အကြောင်းအရင်းကို ဖြေရှင်းတဲ့နေရာမှာ မြန်မာနဲ့ ကုလသမဂ္ဂကြား ထိထိရောက်ရောက် အတူတွဲဆောင်ရွက်နိုင်ရေးကို Mr. Feltman ကအဓိကအာရုံစိုက် ဆွေးနွေးမှာဖြစ်ပါတယ်။"

ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာလက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ ဆွေးနွေးမယ်၊ဘယ်ကိုသွားမယ်ဆိုတာကိုတော့ ကုလသမဂ္ဂက လောလောဆယ် မထုတ်ပြန်နိုင်သေးပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်တွေဟာ ဘက်လိုက်တယ်လို့ မြန်မာနိုင်ငံဖက်က ပယ်ချစွပ်စွဲထားချိန်မှာ ကုလသမဂ္ဂအကြီးအကဲတယောက် မြန်မာနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ပြည်သူတွေကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကြာသပတေးနေ့က မိန့်ခွန်းပြောကြားခဲ့တာမှာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးဖို့ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGO အဖွဲအစည်းတွေ မိတ်ဆွေနိုင်ငံတွေပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကြာသပတေးနေ့ကပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နဲ့ New York မြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့လည်း အရေးပေါ် ဖြေရှင်းဖို့လိုတဲ့ ဒုက္ခသည်အရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုအတွင်းမှာလည်း အကြမ်းဖက်မှုတွေကို ဘက်အားလုံးက အမြန်ဆုံးရပ်ဖို့ လိုအပ်တယ်ဆိုတာကို အမေရိကန်သံအမတ်ကြီး Nikki Haley က အလေးထားပြောကြားခဲ့ပါတယ်။

အိုးအိမ်ပြစ် ထွက်ပြေးခဲ့ရသူအားလုံး လုံခြုံ သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရက အဆင်ပြေအောင်ဆောင်ရွက်ပေးဖို့ပန်ကြားခဲ့သလို အကြမ်းဖက်မှုုဖြစ်ခဲ့တဲ့ နေရာတွေမှာ လူသားချင်းစာနာတဲ့အကူအညီတွေ ပေးနိုင်ခွင့်ရဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ထိခိုက်ခဲ့တဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအပေါ် တိုက်ခိုက် ကျူးလွန်သူခဲ့သူ လုံခြုံရေးအရာရှိတွေနဲ့ တခြားသူတွေကို သူတို့လုပ်ရပ်တွေအတွက် အရေးယူဖို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အမျိုးသား လုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့ အောက်တိုဘာ ၁၂ ရက်နေ့က တေ့ွဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

ခုလို ရခိုင်အရေးနဲ့ပတ်သက်လို့ အရေးပေါ်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာက ကြိုးစားနေချိန်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီ ဥက္ကဋ္ဌ Dr. Kofi Annan ကလည်း ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလွတ်သဘောဆွေးနွေးဖို့ရှိပါတယ်။

လုံခြုံရေးကောင်စီရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ပြင်သစ်နိုင်ငံရဲ့ အစီအစဉ်နဲ့ Mr. Annan နဲ့ Arria-formula meeting အလွတ်သဘော ဆွေးနွေးမှုလုပ်မှာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာနဲ့ ရခိုင်ပြည်နယ်အရေးကို ကုလသမဂ္ဂအနေနဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre ကပြောထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနဲ့ ဗြိတိန်သံအမတ်ကြီးတို့လည်း ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်နဲ့ အခုရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG