သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး Kofi Annan လုံခြုံရေးကောင်စီမှာ သောကြာနေ့ အစီရင်ခံမည်


ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကို မစ္စတာ Kofi Annan က သမ္မတ ဦးထင်ကျော်ထံအပ်နှံ (Aug. 23, 2017)
ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကို မစ္စတာ Kofi Annan က သမ္မတ ဦးထင်ကျော်ထံအပ်နှံ (Aug. 23, 2017)

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကိုဦးဆောင်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အနေနဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေ အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အောက်တိုဘာ ၁၃ ရက်သောကြာနေ့မှာ အလွတ်သဘော အစီရင်ခံဖို့ ရှိတဲ့အကြောင်း ကုလသမဂ္ဂ သံတမန်တွေကပြော ကြားပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ပတ်သက်လို့ ဝိုင်းအဖြေရှာဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်းကို ၂၀၁၆ စက်တင်ဘာလက မေတ္တာ ရပ်ခံခဲ့ပြီး မစ္စတာ အာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဟာ သြဂုတ်လ(၂၄)ရက်က နောက်ဆုံး အစီရင်ခံစာ တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာ တင်သွင်းပြီး နောက်တနေ့မှာပဲ ARSA ရိုဟင်ဂျာအကြမ်းဖက် အဖွဲ့က ရခိုင်မြောက်ပိုင်း လုံခြုံရေး စခန်း (၃၀)တို့ကို ဝင်တိုက်ခဲ့တဲ့အပေါ် စစ်တပ်က နယ်မြေ ရှင်းလင်းရေးပြုလုပ်ခဲ့တာကြောင့် တလကြာကာလအတွင်း ရိုဟင်ဂျာ (၅)သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ခဲ့ပြီး ကုလသမဂ္ဂကလည်း လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှုဖြစ်တယ်လို့ ပြစ်တင် ပြောဆိုထားပါတယ်။

မနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ် တိုက်ခိုက်နေတာတွေ ဆက်ရှိနေပြီး ဒါဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲကနေ မောင်းထုတ်ပြီး ပြန်လာလို့ မရအောင် စံနစ်တကျ စီမံ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ အရေးပေါ် လူသားချင်းစာနာမှု အထောက်အကူတွေ ပေးဖို့အပြင် မစ္စတာကိုဖီအာနန်ရဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေ ကိုလည်း အကောင်အထည်ဖေါ်ဖို့ တောင်းဆိုချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်း တိုင်းပြည်မဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မြန်မာ အာဏာပိုင်တွေအနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ကြောင်း ကိုဖီ အာနန်းက အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေရတဲ့ အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လကလည်း ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ တိုက်တွန်းချက်အရ လုံခြုံရေးကောင်စီက စည်းဝေးပွဲတွေခေါ်ယူခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျဥက္ကဌဖြစ်တဲ့ ပြင်သစ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးက လုံခြုံရေးကောင်စီမှာ ဒီလအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပထမ အကြိမ် အလွတ်သဘော ဆွေးနွေးရာမှာ ကိုဖီအာနန်ထံက အစီရင်ခံချက်ကို အဖွဲ့ဝင် နိုင်ငံတွေကကြားနာပီး ညှိနှိုင်းဆွေးနွေးကာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အစီအစဉ်ရှိကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

အခု သောကြာနေ့ ကျင်းပမယ့် တံခါးပိတ်အစည်ဝေးပွဲအတွင်း ကောင်စီအဖွဲ့ဝင် နိုင်ငံတွေအပြင် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေနဲ့ အဖွဲ့စည်းတွေပါ တက်ရောက်ခွင့် ရလိမ့်မယ်လို့လည်း ကုလ သံတမန်ရပ်ကွက် သတင်းတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG