သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း သေဆုံးမှု AA လက်ချက်အဖြစ် အစိုးရစွပ်စွဲ


 (Ministry of Home Affairs, Myanmar)
(Ministry of Home Affairs, Myanmar)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း သတ်ခံမှုဟာ AA ခေါ် ရခိုင်တပ်ဖွဲ့က ကြိုတင်ကြံစည် လုပ်ကြံမှုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပြီး AA ခေါ် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကတော့ ငြင်းဆိုထားပါတယ်။ လောလောဆည်မှာတော့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း အသတ်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ရှိတဲ့အပေါ် ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်နေကြောင်းလည်း မြောက်ဦးအဓိကရုဏ်းနှိမ်နင်းမှုစုံစမ်းရေး အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇေ်ာက တင်ပြထားပါတယ်။

ဟုတ်ကဲ့။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတာဟာ AA Cup (ရခိုင်တပ်မတော်ဖလား) ဘော်လုံးပွဲကျင်းပဖို့ စီစဉ်သူတွေကို ဖမ်းဆီးတာ၊ နောက် လူ၇ယောက်သေဆုံးခဲ့တဲ့ မြောက်ဦးဖြစ်စဉ်နဲ့ဆက်စပ်ပြီး AAခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့က ကြိုတင်ကြံစည်တဲ့ လုပ်ရပ်အဖြစ် စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါဟာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း သတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ကျော်မြင့်(ခ) ခိုင်ကျော်နဲ့ သူ့ရဲ့သား မင်းသန်းဌေး(ခ) မင်းသန်းထိုက်တို့ကို စစ်ဆေးဖော်ထုတ်ချက်အရ AA အဖွဲ့စည်းရုံးရေးမှုး ကိုလတ်၊ စပိုင်၊ ဇော်မျိုးအောင် (ခ) ဇော်မိုးအောင်တို့ နဲ့ ပူးပေါင်း သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်းဖော်ပြချက်နဲ့ပတ်သက်ပြီး AA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောဆိုပါတယ်။

“ ဗမာအစိုးရအနေနဲ့ ပြဿနာတခုပေါ်တိုင်း၊ အခွင့်အရေးတခုခု ရတိုင်းမှာ ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ဂုဏ်သိက္ခာ ညိုှးနွမ်းအောင် အမြဲတမ်းထိုးနှက် တိုက်ခိုက်နေတဲ့ ကိစ္စတွေဖြစ်တယ်ဗျ။ အရင်တုံးကလည်းပဲ စွပ်စွဲတိုက်ခိုက်ဖူးတာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ကို အဲဒီ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တာတို့၊ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ဆက်စပ်တာတို့ အဲဒါမျိုးတွေ အများကြီး သူတို့ လုပ်ဖူးပါတယ်။ အခုလည်းပဲ ကျနော်တို့ကို လူသတ်မှုမှာနေပြီးတော့ အဓမ္မအနေနဲ့ တိုက်ခိုက်ဖို့အတွက် သူတို့ ဒီစနစ်တကျကို ဇာတ်လမ်းဆင်ပြီးမှ အခုလိုမျိုး ထုတ်ပြန်လာတာလို့ အဲလိုမျိုးပဲ ပြောချင်တယ်ဗျ။”

လက်ရှိ ဖမ်းဆီးစစ်ဆေးနေတဲ့ ဦးကျော်မြင့်(ခ) ခိုင်ကျော်ဟာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှုး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူနဲ့ သူ့သား မင်းသန်းဌေး(ခ) မင်းသန်းထိုက် တို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ ရရှိတဲ့ ငွေကြေးနဲ့ AAတပ်ဖွဲ့ကို M 16 သေနတ် ၁၉လက်၊ ပစ္စတို ၄လက်နဲ့ ကျည်အိမ်၊ ကျည်ဆံတွေ ပို့ဆောင် ပေးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

AA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက

“ အဲဒီ သူတို့ ဖော်ပြထားတဲ့ M 16 လက်နက်တွေက ကျနော်တို့ ရခိုင်တပ်မတော် တိုက်ခိုက်ရေးတပ်ဖွဲ့တွေမှာ လုံး၀ မသုံးတဲ့ လက်နက်ဗျ။ ကျနော်တို့ M16 တွေကို လုံးဝကို မသုံးဘူး။ ”

AA တပ်ဖွဲ့ဟာ မြောက်ဦးမြို့မှာ ရခိုင်ဘုရင်အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား ပိတ်ပင်ခံရပြီးနောက် ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ လူ ၇ယောက် သေဆုံးခဲ့တဲ့နောက်မှာတော့ AA တပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သူတွေကို ထိရောက်ပြင်းထန်တဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားဖူးပါတယ်။

မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ မြောက်ဦးဖြစ်စဉ် သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အတွင်းရေးမှုးလည်း ဖြစ်တဲ့ ဦးထွန်းသာစိန်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ AA တပ်ဖွဲ့ရဲ့ ငြင်းဆိုချက်အပေါ် သုံးသပ်ရခက်ခဲကြောင်း ပြောပါတယ်။

“ ကျနေ်ာကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမှလည်း မသုံးသပ်ချင်ဘူး။ ဘယ်လိုမှလည်း မှတ်ချက်မပေးချင်ဘူး။ ဒါကတော့ သူတို့အကြောင်းနဲ့ သူတို့ပဲပေါ့နော်။”

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှုးဟောင်း အသတ်ခံရတာနဲ့ ပတ်သက်လို့ တိမ်ညိုကျေးရွာက လူတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ဆောင်ရွက်နေလို့ နယ်မြေ မတည်မငြိမ်ရှိနေပြီး မြောက်ဦးအဓိကရုဏ်းကိစ္စ စုံစမ်းရေးတွေကို ကွင်းဆင်းဆောင်ရွက်တာတွေ ဆိုင်းငံ့ထားကြောင်း ဦးထွန်းသာစိန်က အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ ကော်မရှင်ကတော့ လောလောဆည် မြေပြင်မှာ မြောက်ဦးမြို့နယ် တိမ်ညိုကလည်းပဲ လူ ၇ယောက် ၈ယောက်လောက်ကို သက်ဆိုင်ရာတွေက ခေါ်ပြီးတော့ မေးမြန်းစိစစ်နေတာတွေ ရှိတယ်။ ဒေသတွင်းမှာလည်း ဒါနဲ့ပတ်သက်ပြီး မငြိမ်မသက်တွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ လောလောဆည်မှာ မြေပြင်အခြေအနေကို စိစစ်မှုဟာကိုတော့ ကျနော်တို့ ခေတ္တဆိုင်းငံ့ထားတယ်။ ဒါပေမဲ့ ကျနော်တို့ ကော်မရှင်နဲ့ပတ်သက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကိုပေါ့နော်၊ ကျနော်တို့ လွှတ်တော်မှာ ထိုင်ပြီးတော့ အလုပ်လုပ်နေကြပါတယ်။ ”

ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိသွားတဲ့ ဒုက္ခသည် ၆သိန်းအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာက ဖိအားပေးတာတွေ ရှိနေသလို ရသေ့တောင်မြို့မှာ ကျင်းပတဲ့ ရခိုင်ဘုရင် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား ဟောပြောပွဲနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးထားတဲ့အပေါ် ရခိုင်ပြည်သူတွေရဲ့ ကန့်ကွက်ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG