သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင်လူသာကင်း လုပ်ကြံခံရခြင်း နှစ် ၅၀ ပြည့်


ဒီနေ့ဟာ အမေရိကန်မှာ ထင်ရှားတဲ့ နိုင်ငံသား အခွင့်အရေးတောင်းဆိုမှု ခေါင်းဆောင်နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Dr. Martin Luther King လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ အနှစ် ၅၀ မြောက်နေ့ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တုန်းက Dr. King ကျဆုံးခဲ့ရတဲ့ Tennessee ပြည်နယ် Memphis မြို့မှာ Dr. King သားသမီးတွေနဲ့ အများလေးစားခံပုဂ္ဂိုလ်တွေ မနေ့ညက စုဝေးပြီး သူတောင်းဆိုခဲ့တဲ့ လူမျိုးရေး၊ စီးပွားရေးဆိုင်ရာ တရားမျှတမှုတွေကို ထပ်မံတောင်းဆိုလိုက်ကြပါတယ်။

Dr. King ရဲ့ အငယ်ဆုံးသမီး Dr. Bernice King က သူမတို့အနေနဲ့ လူသတ်သမားရဲ့ ကျည်ဆံအောက်မှာ ဖခင်ကောင်းတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။ နောက် ဒီလုပ်ကြံသူကို သိထားတဲ့ သူမရဲ့ ဦးလေးလည်း ရေကူးကန်ထဲမှာ လျို.ဝှက်ဆန်းကျယ်စွာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ရှေ.နေ Dr. King ရဲ့ သားကြီးMartin Luther King III ကလည်း အခု မကြာသေးခင်လေးကပဲ ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို.မှာနောက် အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ကလေးဖခင်တစ်ဦး ရဲတွေ ပစ်သတ်ခံခဲ့ရတာ ထပ်ကြုံနေရသေးတယ်၊ ဒီအတွက် အခုချက်ချင်း တရားမျှတရှိအောင် ဆောင်ကျဉ်းပေးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

Dr. King ကိုယ်တိုင်လဲ လုပ်ကြံမခံရခင်လေးမှာ လူဖြူလူမဲမခွဲခြားပဲ လူမျိုးရေးတရားမျှတမှုအတွက် ဟောပြောခဲ့ရာမှာ ဒီနေ့အထိ အများအမှတ်ရနေတဲ့ စကားရပ်လေးကတော့ - “ ကျွန်တော်တို့အနေနဲ့ လာမဲ့ရက်ပိုင်းတွေထဲ ဒုက္ခတွေကြုံရလိမ့်မယ်၊ ဒီဒုက္ခတွေကို ကျွန်တော်မမှုဘူး၊ ကျွန်တော်က တောင်ထိပ်ကိုရောက်ဖူးပြီးပြီလေ။ ဒီကအားလုံးလိုပဲ ကျွန်တော်လဲ အသက်ရှည်ရှည်နေချင်ပါတယ်။ ဒါပေမဲ့ အခု အဲ့ဒါကို အလေးမပေးနိုင်တော့ဘူး။ ဘုရားသခင်ဆန္ဒအတိုင်းပဲ ဆက်လုပ်ဖို့ ဆန္ဒပြုထားလိုက်ပြီ၊ ဘုရားသခင်အလိုအတိုင်း ကျွန်တော် ဒီတောင်ထိပ်ကို တက်ခဲ့တယ်၊ တောင်တဖက်မှာရှိနေတဲ့ အားလုံးလိုချင်တဲ့တိုင်းပြည်ကြီးကို တွေ့ခဲ့တယ်၊ အဲ့ဒိကို ခင်ဗျားတို့နဲ့အတူ ကျွန်တော် ရောက်ချင်မှရောက်နိုင်တော့မယ်။ ဒါပေမဲ့ အားလုံးကို သိစေချင်တာက ကျွန်တာ်တို့ ပြည်သူတွေနေနဲ့ဒီရည်မှန်းထားတဲ့နေရာကို ရောက်ကိုရောက်ရမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

တချိန်က လူဖြူ လူမည်းခွဲခြားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ ၁၉၆၄ ခုနှစ်က အရပ်သားအခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ၁၉၆၅ ခုနှစ်မှာ မဲပေးပိုင်ခွင့်ဥပဒေတွေ ပြဌာန်နိုင်အောင် ဦးဆောင် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Martin Luther King ကမ္ဘာကျော် ပြောခဲ့တဲ့ ပိုကောင်းတဲ့အနာဂတ်အိမ်မက်ကတော့ နှစ် (၅၀) ကြာလာခဲ့ပေမဲ့ အများကြားမှာ ရှင်သန်နေဆဲဖြစ်ပါတယ်။

အဲဒီအချိန်က နိုင်ငံသားအခွင့်အရေးအတွက် အမေရိကန်ပြည်ထောင်စုအနှံ့ ချီတက် ဆန္ဒပြမှုတွေကိုလည်း သူဦးဆောင်ခဲ့ပါတယ်။ အကျော်ကြားဆုံးကတော့ ၁၉၆၃ ခုနှစ်တုန်းက ဝါရှင်တန်မြို့တော်ဆီကို ချီတက်တဲ့ ဆန္ဒပြမှုဖြစ်ပါတယ်။ မြို့တော်ထဲက အမျိုးသားမြက်ခင်းပြင်မှာ စုဝေးနေရသူ ၂ သိန်းခွဲလောက်ကိုပြောခဲ့တဲ့ ကျွန်တော့်မှာ အိမ်မက်တခုရှိတယ်ဆိုတဲ့ မိန့်ခွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG